ရန်ကုန် ၁၇ ဇွန်
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေး အစဖြစ်သည့် ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များအကြောင်း သိရှိစေပြီး နောင်တစ်ချိန်တွင် နိုင်ငံ့အတွက် အားကိုးအားထားပြုရမည့် ကျောင်းသား လူငယ်များအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရန် ရည်ရွယ်၍ တာမွေမြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ဂုဏ်ပြုတေးသီချင်း သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ ဒု-ဥက္ကဌ ရဲမှူးကြီး သိန်းကြည်(ငြိမ်း)၊အလုပ်အမှုဆောင် ဒေါက်တာအောင်သော်၊ အတွင်းရေးမှူး ဦးမြင့်ခိုင်တို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး တာမွေမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးလှဝင်းမှ ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အသင်း၏ ဒုဥက္ကဌ ဦးကျော်တင့်မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီး တာမွေမြို့နယ် မူးယစ်ဆေးဝါးဆန့် ကျင်ရေးအသင်း ဥက္ကဌ ဦးလှဝင်းမှ အသင်းအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆးဝါးဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ ဥက္ကဌနှင့်အသင်းသား အသင်းသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(တာမွေ)