တာမွေ     အောက်တိုဘာ     ၈

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကုန်တိုက်များ၊ စည်ပင်သာယာစျေးများနှင့် စတိုးဆိုင်များတွင် သီတင်းကျွတ်ကာလ၌ ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင်များက တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေး၊ ဒဂုဏ်ညွန့်စျေးနှင့် Orange စျေးဝယ်စင်တာ တို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း သီတင်းကျွတ်ကာလ၌ ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို စျေးသူ/သားများနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

တာမွေမြို့နယ်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကာလကို အကြောင်းပြု၍ ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များ၊ မီးပန်းများအား ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းများ ပြုလုပ်ရာမှ မီးဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ခြင်း၊ အဆိုပါ ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ၊ မီးပန်းများအား ပစ်လွှတ်/ပစ်ဖောက်ရာမှ အများပြည်သူများ အထိတ်တလန့်ဖြစ်ခြင်းတို့ကြောင့် မြို့နယ်အတွင်း ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ၊ မီးပန်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်လွှတ်ခြင်းနှင့်  ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)