ရန်ကုန် ၂၂ ဇန်နဝါရီ
ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများ တိုက်ကျွေခဲ့ကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး လာရောက်တိုက်ကျွေးမှုအပေါ် ကျောင်းသားမိဘတစ်ဦးမှလည်း “ယခုလို မြို့နယ်ကျန်းမာရေးဌာနက ကလေးတွေကို ကျောင်းတွေအထိ လာရောက်ပြီး ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး လာရောက်တိုက်ကျွေးတာဟာ အရမ်းကောင်းပါတယ်။ ဒီဆေးမျိုးတွေက အပြင်မှာလည်း ဝယ်လို့ မရတဲ့အပြင် ကျွန်မတို့အနေနဲ့လည်း ဝယ်လို့ရရင်တောင်မှ ဈေးကြီးပေးရမှာဖြစ်လို့ ငွေကြေးအရ မတတ်နိုင်ပါဘူး။ နောက်ပြီး မိမိရဲ့ကလေးက ကာကွယ်ဆေးသောက်ထားတော့ ဆင်ခြေထောက်ရောဂါဖြစ်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ အခုလို မြို့နယ်ကျန်းမာရေးဌာနက ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင့်ရှောက်မှု တွေပေးတဲ့အတွက် ကျွန်မအနေနဲ့ ကလေးမိဘတွေကိုယ်စား ကျေးဇူးအများကြီး တင်ရှိပါတယ်” ဟု ပြောသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များတွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင် (တာမွေ)
