ရန်ကုန် ၂၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ်ရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ဗညားဒလလမ်းနှင့် ကျိုက္ကဆံလမ်းဆုံနေရာရှိ ကျိုးပဲ့ပျက်စီးနေသော ဆက်သွယ်ရေးတိုင်အား အသစ်လဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း "မြန်မာ့ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတွေ အနေနဲ့ အများပြည်သူ အသွားအလာများတဲ့ ယခုလို လမ်းဆုံနေရာမှာ ကျိုးပဲ့ပျက်စီးနေပြီး အန္တရာယ်များတဲ့ ဆက်သွယ် ရေးတိုင်ကို အသစ်လဲလှယ်ပေးတာဟာ အရမ်းကောင်းပါတယ်။ ဒါတင်မကပဲ ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ယာဉ်အသွားအလာများတဲ့ နေရာတွေမှာ လျော့တွဲကျနေတဲ့ ဆက်သွယ်ရေးလိုင်းကြိုးတွေကိုလည်း ကြိုးတင်းခြင်းလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်ပေးစေချင်ပါတယ်" ဟု ပြောကြားသွားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


