ရန်ကုန် ၂ သြဂုတ်
တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ရည်ရွယ်၍ တာမွေ(ယာယီ)ဈေး အနောက်ဘက်တွင် တည်ဆောက်လျက်ရှိသော ၆၆ ကေဗွီ ဓာတ်အားခွဲရုံမှ ဓာတ်အားလိုင်းအသစ်များ တိုးချဲ့သွယ်တန်းခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့မြို့နယ်လျှပ်စစ်ဌာနမှ ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း " အခုလို မြို့နယ်လျှပ်စစ်ဌာနက တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်မှာနေထိုင်လျက်ရှိတဲ့ ကျွန်မတို့ ပြည်သူတွေ လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ရရှိသုံးစွဲနိုင်စေရေးအတွက် အခုလို ဓာတ်အားခွဲရုံကြီး တည်ဆောက်ပြီး ဓာတ်အားလိုင်းတွင် အသစ်တိုးချဲ့၍ ဖြန့်ဖြူးပေးတာဟာ မြို့နယ်အတွက် အရမ်းကောင်းမွန်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆိုလည်း မမှားပါဘူး။ ဒီဓာတ်အားခွဲရုံ စီမံကိန်းကြီး ပြီးစီးသွားပါက ကျွန်မတို့ တာမွေမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အရင်ကလို လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ၊ ဗို့အားလျော့နည်းကျဆင်းတဲ့ပြဿနာတွေမှ ကင်းဝေးသွားစေနိုင်မှာဖြစ်တဲ့အပြင် လျှပ်စစ်ဓာတ်အားလည်း ယခင်ကထက် ပိုမိုသုံးစွဲခွင့်ရနိုင်တော့မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟုပြောကြားသွားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင် (တာမွေ)


