ရန်ကုန်   ၄   ဒီဇင်ဘာ    

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စာရိတ္တ ကောင်းမွန်ပြီး မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းတတ်စေရန်နှင့် ပြည်သူ့နီတိဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာတတ်စေရန် ရည်ရွယ်၍  မြို့တော်ဝန်ဆု တတိယအကြိမ် ( မူလတန်း၊ အလယ်တန်း၊ အထက်တန်း )အဆင့် ပြည်သူ့နီတိ အသိပညာပေး ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ( မူလတန်း၊ အလယ်တန်း၊ အထက်တန်း )အဆင့် ကျောင်းသား/ သူ စုစုပေါင်း (၁၆၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။

 

08

 

ပြိုင်ပွဲကျင်းပရာသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၈) ဦးသူရအောင်၊ မြန်မာစာရေးဆရာ ကလပ် ဥက္ကဌ ဦးကောင်းသန့် ၊ ပြိုင်ပွဲများကျင်းပရေးဦးစီးကော်မတီဝင် ဦးဟိန်းလတ် ၊ တောင်ပိုင်းခရိုင် စည်ပင် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွဋ် ၊ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

" အခုလို ပြည်သူ့နီတိ အသိပညာပေး ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးခြင်းအားဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အနေဖြင့် စာရိတ္တကောင်းမွန်၍ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ၊ ပြည်သူ့နီတိဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာထိန်းသိမ်းတတ်သည့် ပြည်သူ့သားကောင်းများအဖြစ် ပေါ်ထွန်းလာနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟု တာမွေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

 

နိုင်လင်းအောင်(တာမွေ)