တာမိုးညဲ ၁၈ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ  မျိုးစေ့၊ မျိုးကောင်းများ စိုက်ပျိုးနိုင်ရန်အတွက် (GW-1) စပါးမျိုးသန့်၊ မျိုးပွား၊ မျိုးစေ့များ ပေးအပ်ခြင်းကို ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ အခမဲ့ပေးအပ်ခဲ့သည်။

 

“ဒေသခံတောင်သူတွေက (GW-1)စပါးမျိုးသန့်၊ မျိုးပွား၊ မျိုးစေ့တွေကို စိုက်ပျိုးခြင်းအားဖြင့် ဒေသအတွင်းမှာ စိုက်ပျိုးတဲ့ မိုးစပါးတွေဟာ မျိုးကောင်း၊ မျိုးသန့်တွေ တိုးတက်စိုက်ပျိုး လာနိုင်မှာဖြစ်တယ်၊ ဒါ့ပြင် အရည်အသွေး ပြည့်ဝတဲ့ စပါးအထွက်နှုန်းတွေ တိုးတက်စိုက်ပျိုး လာနိုင်မှာဖြစ်ပြီး စပါးတွေဈေးကောင်း ရရှိနိုင်တဲ့အတွက် တောင်သူတွေ အနေနဲ့ ဝင်ငွေပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု GW-1 စပါးမျိုးသန့်၊ မျိုးပွား၊ မျိုးစေ့များ စိုက်ပျိုးခြင်းအားဖြင့် တောင်သူများအတွက် အကျိုးရရှိလာမည့် အကြောင်းကို တာမိုးညဲမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးထွန်းကိုကိုထွေးက ပြောသည်။

 

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ပြီး တာဝန်ရှိသူတို့က GW-1)စပါးမျိုးသန့်၊ မျိုးပွား၊ မျိုးစေ့များကို ဒေသခံတောင်သူများအား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

222