ဗန်းမော်၊ ၆ ဒီဇင်ဘာ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ဗန်းမော်မြို့နှင့် စင့်ကင်ကျေးရွာတို့ကို ကူးလူးဆက်သွယ် သွားလာနိုင်မည့် ကိုယ့်အားကိုယ်ကိုး တာပိန်မြစ်ကူးတံတားအား ဒီဇင်ဘာ ၅ ရက်က ကျေးရွာနေ ပြည်သူများအင်အားဖြင့် တစ်ရက်တည်းအပြီး တည်ဆောက်ခဲ့ကြောင်း စင့်ကင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းထံမှ သိရသည်။
အဆိုပါတံတားအရှည်မှာ ပေ(၁၇၀၀)ဖြစ်ပြီး တံတားကို သစ်နှင့် ဝါးများသာ အသုံးပြု၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း ဦးဆောင်ကာ ကျေးရွာရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ စုပေါင်းအားဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တံတားတည်ဆောက်မှုလုပ်ငန်းနှင့် ပတ်သက်၍ “ကျွန်တော်တို့က တံတားကို ၁၉၄၇ ခုနှစ်ကတည်းက အခုလို ပုံမှန်နှစ်စဉ် တည်ဆောက်ခဲ့ရတာပါ။ အရင်ကတော့ တံတားတည်ဆောက်တာကို လေးရက် လောက်ကြာခဲ့တာ။ ၂၀၁၉ ခုနှစ်ကစပြီး တစ်ရက်နဲ့ အပြီးတည်ဆောက်ခဲ့တာပါ။ ဒီနှစ်လည်း တစ်ရက်တည်းအပြီး တည်ဆောက်ခဲ့နိုင်တာ ဒေသခံတွေ့ရဲ့ စည်းလုံးမှုပါပဲ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ပြောသည်။
အဆိုပါ ကိုယ့်အားကိုယ်ကိုး တံတားမှာ တာပိန်မြစ်ရေကျချိန်တွင်သာ တည်ဆောက်နိုင်ပြီး တာပိန် မြစ်ရေတက်ချိန် များတွင် စင့်ကင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ဗန်းမော်မြို့ပေါ်တွင် တာဝန်ထမ်းဆောင် နေသည့် ဌာနဆိုင်ရာဝန်ထမ်းများမှာ စက်လှေဖြင့် သွားလာရခြင်းကြောင့် ငွေကုန်ကျမှုဖြစ်ပေါ်လျက်ရှိသည်။ ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးတံတား တည်ဆောက်ခြင်ကြောင့် စင့်ကင်ကျေးရွာနှင့် အနီးပတ်ဝန်ကျင်းကျေးရွာများဖြစ်သည့် ငှက်ပျောတော၊ ကျွန်းကြီး၊ မံပင်၊ မိုင်းကာ၊ ကုန်းခါး၊ စသည့် ကျေးရွာ (၁၆)ရွာမှ ဒေသခံပြည်သူ(၂၃၀၀၀)ကျော် လွယ်လင့်တကူ ဖြတ်သန်းသွားလာ နိုင်တော့မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းထံမှ သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)


