နတ်တလင်း ၁၂ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာခိုင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးသန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဆေးရုံသစ်ဧည့်ခန်းမဆောင်တွင် အခမ်းအနားဆက်လက်ကျင်းပရာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက နိုင်ငံတော်အစိုးရက ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တည်ဆောက်ပေးခြင်း၊ ကုသမှုအပိုင်းမှာလည်း တတ်နိုင်သမျှ ဝန်ထမ်းများ ချထားပေးခြင်း၊ ဆေးရုံအတွက် အခြားလိုအပ်သောပစ္စည်းများကို ပြည်သူများက ဝိုင်းဝန်းလှူဒါန်းပေးကြသောကြောင့် ဆေးရုံအစဉ်သန့်ရှင်းစေရေး ကျန်းမာရေးဝန်ထမ်းများကလည်း စေတနာပါပါ ကုသပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာခိုင်မှ ဆေးရုံတည်ဆောက်ခြင်းနှင့် ဆေးဝါးပစ္စည်းနှင့် ဝန်ထမ်းရေးရာများကို ရှင်းလင်းပြောကြားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ရှင်(မုံရွာ)မှ မုဒိတာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့က အမှာစကား အသီးသီးပြောကြားကြပြီး မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးသန်းထွန်းမှ ကျေးဇူးတင်စကား ပြောကြားကာ တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
အဆိုပါ (၁၆)ခုတင်ဆံ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦးစီးဌာန တည်ဆောက်ရေး(၁) အဆောက်အဦအထူးအဖွဲ့(၃)မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တင်မြင့် (နတ်တလင်း)