၇ စက်တင်ဘာ
ဒါရိုက်တာ ကျော်ဇော်လင်း (အတွေးပုံရိပ်) ရိုက်ကူးပြီး အကယ်ဒမီ နေတိုး၊ အကယ်ဒမီ လွင်မိုး၊ သက်မွန်မြင့်တို့ ပါဝင်သရုပ်ဆောင်ထားသော "တာတူး" ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်များ မကြာမီ ကြည့်ရှု ခံစားရတော့မည်ဟု သိရသည်။
အဆိုပါ ဇာတ်ကား ရိုက်ကူးမှု ပုံရိပ်အချိူ့ အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့ပြီး မင်းသား နေတိုး အနေဖြင့် မိန်းကလေးငယ်တစ်ဦးအသွင် ပြင်ဆင်ထားသောကြောင့် ပရိသတ်များကြား ဝေဖန်မှုများစွာ ရိုက်ခတ်ခဲ့သည်။ ၎င်းအနေဖြင့် ၂၀၁၇ ခုနှစ်ကလည်း "တာတေကြီး" အမည်ရသည့် ရုပ်ရှင်ဇာတ်ကားတွင်လည်း အမျိုးသမီးငယ် တစ်ဦး အသွင်ဖြင့် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ ယင်းသို့ရိုက်ခတ်ခဲ့မှုနှင့် ပတ်သက်ပြီး ယခုလို သိရှိခဲ့ရသည်။
"ကျွန်တော့် အနေနဲ့ ဒီကားမှာ မိတ်ကပ်နဲ့ ဖက်ရှင်က အဓိက ပံ့ပိုးရတာပေါ့နော်။ တကယ့် ယောက်ျားသား တစ်ယောက်ကို မိန်းကလေး ပုံစံမျိုးဖြစ်အောင် ဝတ်စားဆင်ယင်မှုမှာ ဒီဇိုင်နာ မင်းသက်စံရယ်၊ မိတ်ကပ် မေဦးရယ်ကတော့ သူတို့ အရည်အချင်းကြောင့်လို့ ပြောလို့ရပါတယ်။ ကာရိုက်တာ အားဖြင့် သရုပ်ဆောင်မှု အပိုင်းကတော့ တာတူးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကဝင်ပြီးတော့ သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက် အနေနဲ့ သရုပ်ဆောင် ပီပြင်မှုအပိုင်း ကတော့ အရေးကြီးဆုံး ဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ ကြိုးစားခွင့် ရှိသလောက် ကြိုးစားထားပါတယ်၊ ကာရိုက်တာ တစ်ခုကို ပူးကပ်နိုင်အောင် ကြိုးစားတဲ့ အချိန်မှာ ဇာတ်လမ်းက ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အပေါ်မှာ ဇာတ်လမ်းကို သိအောင် အရင်လုပ်ရ တာပေါ့နော်။ Character Development တစ်ခုကို ဆွေးနွေးတဲ့ အချိန်မှာ ဒီမှာဆိုရင် ဆေးပညာနဲ့ ပတ်သက်တဲ့ အပိုင်းလေးတွေလည်း ဆွေးနွေးရတာမျိုးတွေ ရှိတယ်။
ဒီကောင်ကကျတော့ ဘာလဲဆိုတော့ တကယ့်ကို ဟော်မုန်း ပြောင်းလဲသွားအောင် ထိုးတဲ့ဆေးကို ထိုးမိသွားတဲ့ အချိန်ကျတော့ သူက တဖြည်းဖြည်း ချင်း မိန်းကလေးရဲ့ သွေးသား၊ စိတ်ခံစားမှု၊ နောက်ပြီးတော့ တကယ်ကို အသွေးအသား ပြောင်းလဲလာတဲ့ ခံစားမှုကို သူ့စိတ်ထဲမှာ ခံစားလာရင်း၊ လာရင်းနဲ့မှ ဒီလိုအထိအတွေ့ လေးတွေကို နှစ်သက်တယ်။ အဲဒီလိုမျိုး ခံစားမှု တစ်ဆင့်ချင်း ပြောင်းလဲလာတဲ့ ကာရိုက်တာ မျိုးကို ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ရတာပေါ့နော်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်မှုသည် အပြင်မှာ ကျွန်တော်တို့က မြင်ဖူးတဲ့ ကာရိုက်တာမျိုး မဟုတ်ဘူး။ အဲဒီတော့ အပြင်မှာ ကျွန်တော်တို့ လေ့လာလို့ မရဘူး။ ဖြစ်နိုင်ခြေ ရှိတာက ကိုယ်တွေ လေ့လာထားတာရယ်၊ ဒါရိုက်တာရဲ့ ညွှန်ကြားမှုရယ်၊ ဇာတ်ညွှန်းရဲ့ ခိုင်းစေမှုရယ် ဒီ ၃ ခုကို ပေါင်းပြီးတော့မှ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် ဒီဇာတ်ကောင်ကို တည်ဆောက်ရပါတယ်” ဟု ပြောဆိုသည်။
ကိုလင်း