မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်ကျင်းပသည့်မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ အရေး၊ ပညာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးတို့ကိုကျယ်ကျယ်ပြန့်ပြန့်ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာကြီးတွင် နိုင်ငံများ၏ကြိုးပမ်းအားထုတ်မှုများကြောင့်ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် လူ့ဘောင်လောက သာယာလှပရေးအတွက် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုတစ်ခုတည်းဖြင့် မလုံလောက်ဘဲ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မှန်မှန်ကန်ကန် ပေါင်းစပ်လုပ်ကိုင်နိုင်မှ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေး နိုင်မည်ဖြစ်ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “တန်ဖိုးရှိတဲ့နိုင်ငံဖြစ်ဖို့အတွက် ကျွန်မတို့ရဲ့ အမျိုးသမီးတွေက ဦးဆောင်ပြီး လုပ်စေ ချင်ပါတယ်။ အခွင့်အရေးကိုစဉ်းစားရင် တစ်ခါတည်း တာဝန်ယူမှုကိုပါ စဉ်းစားပါ။ အခုခေတ်ကြီးမှာ အခွင့်အရေးဆိုတာ အများကို အကျိုးပြု ဆိုတဲ့ တာဝန်နဲ့ ထိန်းထားရမှာဖြစ်ပါတယ်။ တာဝန်နဲ့ဒွန်တွဲပြီးတော့အခွင့်အရေးကို ကိုင်ထားမှ ကျွန်မတို့နိုင်ငံက တကယ်တန်ဖိုးရှိတဲ့နိုင်ငံဖြစ်လာမှာပါ”ဟု မှာကြားထားသည်။
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို လွန်စွာအားပေးနေသော ယနေ့ခေတ်ကာလကြီးတွင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုပါ ထည့်သွင်းတွက်ချက် စဉ်းစားရမည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေပေသည်။ ရုပ်ပိုင်းဆိုင်ရာ မ ည်မျှ ပင် ဖွံ့ဖြိုးတိုးတက်သော်လည်း စည်းလုံးညီညွတ်မှုမရှိပါက ဖွံ့ဖြိုးတိုးတက်နေသော ရုပ်ဝတ္ထုသည် တစ်နေ့တွင် ပြိုကွဲပျက်စီးခြင်းသို့ ရောက်ရှိသွား မည်ဖြစ်သည်။
စည်းလုံးညီညွတ်မှု လက်နက်ကို မည်သည့်လက်နက်နှင့်မျှ ယှဉ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ်ချေ။ နိုင်ငံအတွင်း၌ တစ်ဦးချင်းတစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း တကွဲတပြားစီ ပြုလုပ်မည်ဆိုပါက နိုင်ငံ၏တိုးတက်မှုကိုရရှိနိုင်မည်မဟုတ်ချေ။ ယနေ့ကာလတွင် သမိုင်းပေးအခြေအနေအရ နယ်ပယ်ကဏ္ဍအသီးသီးတွင် အမျိုးသမီးများမှာ အများစုဦးဆောင်ပါဝင်နေသည်။ မိသားစုအတွင်းမှာသာမက လူမှုအသိုင်းအဝိုင်းအတွင်း မှာပါ အရေးပါသည့်ကဏ္ဍများ၌ရှိနေရာ ယင်းအခြေအနေကို နိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ တာဝန်နှင့်အခွင့်အရေးကို နိုင်ငံအတွက် အကျိုးရှိအောင်လုပ်ကိုင်ရမည်ဖြစ်သည်။
ယနေ့ကမ္ဘာကြီးတွင် တစ်နေ့တခြား တိုးတက်လာသည်နှင့်အမျှ စိန်ခေါ်မှုများ အမျိုးမျိုးရှိလာပါသည်။ ထိုစိန်ခေါ်မှုများ မည်မျှပင်ရှိနေပါစေ၊ ယင်းတို့ကိုကျော်လွှားနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ထွန်းလာအောင် ကိုယ်စီကိုယ်စီသာမက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုးတက်မှုများရှိလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ အမှန်တကယ်တိုးပွားအောင်ကြိုးပမ်းအားထုတ်နိုင်မည်ဆိုလျှင် မျှော်မှန်းထားသောပန်းတိုင်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မျှတစွာ တိုးတက်စေခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်သလို ထိုဝတ္ထုပစ္စည်း ဆိုင်ရာ ရုပ်လောက၊ နာမ်ပိုင်းဆိုင်ရာ စိတ်လောကတို့ကို ဦးစီးဦးဆောင်ပြု မည့်၊ လက်တွေ့ဖော်ဆောင်ကြမည့်သူများအနေဖြင့် ပေးအပ်ထားသော တာဝန်များသည် အများပြည်သူတို့အားပေးမည့် အခွင့်အရေးများဖြစ်သည်ဟူသော ခံယူချက်ဖြင့် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လူ့ဘောင်လောကကြီး မှန်ကန်စွာဖြင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လမ်းညွှန်ထားသည့်တာဝန်နှင့် အခွင့်အရေးကို ဒွန်တွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ကြေးမုံ