mdn

နေပြည်တော် ၁ မတ်

 

လူ့ဘောင်လောကသည် ပြဿနာမျိုးစုံရောပြွမ်းနေသော လောကကြီး ဖြစ်သည်။ လူသားမှန်လျှင် ပြဿနာတို့ကို မှန်မှန်ကန်ကန်ဖြေရှင်းတတ် ရမည်ဖြစ်သည်။ ပြဿနာကိုဖြေရှင်းရာ၌ ပြဿနာဇာစ်မြစ်၊ ပြဿနာ အရင်းခံကို သိမှသာ ဖြေရှင်း၍ရနိုင်မည်ဖြစ်သည်။ ပြဿနာကို သိသည်ဆိုရာ၌ ကိုယ်တိုင်စူးစမ်းလေ့လာရှာဖွေခြင်းနှင့် တစ်စုံတစ်ဦးက အသိပေး ခြင်း၊ သတင်းပေးခြင်း၊ တိုင်ကြားခြင်းဖြင့် ပြဿနာအကြောင်းရင်းကို သိနိုင်ပေသည်။ ထိုသို့သိမှသာ ပြဿနာပြေလည်ရေး၊ ပပျောက်ရေး၊ ပြီးဆုံးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

လူမှုဘဝနယ်ပယ်၊ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှုနယ်ပယ်၌ ပြည်သူပြည်သားအားလုံးတို့သည် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို မိမိတို့ ဆင်ခြင်တုံအသိတရားဖြင့် ကိုယ်စီကိုယ်စီပြုလုပ်တတ်ဖို့ လိုပေသည်။ ထိုသို့သော တာဝန်များကိုသိမှသာ ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်ထွန်းကားခိုင်မာအားကောင်းပြီး ငြိမ်းချမ်း သာယာဝပြောသည့် ဒီမိုကရေစီထွန်းကားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။ တာဝန်သိသဖြင့် အသိပေးခြင်း၊ သတင်း ပေးခြင်း၊ တိုင်ကြားခြင်းကို ချောက်ချခြင်းဟု မခံယူဘဲ အများပြည်သူအကျိုးစီးပွားအတွက် တာဝန်သိစွာ ဆောင်ရွက်ခြင်းဖြစ်သည် ဟု မှတ်ယူရမည် ဖြစ်သည်။

 

တာဝန်ဟူသည်ကား လူတိုင်းလူတိုင်း အသိတရားဖြင့်ပြုလုပ်ရမည့် အများပြည်သူအကျိုးစီးပွားဖြစ်သည်။ တစ်ဦးတစ်ယောက်၏ တာဝန်မဲ့မှု၊ တာဝန်မသိမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု၊ အများပြည်သူ အကျိုး စီးပွားပျက်စီးမှုဖြစ်နိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ တာဝန်မသိလျှင်၊ တာဝန်မဲ့လျှင်၊ တာဝန်မကျေပွန်လျှင် နိုင်ငံကြီးသား၊ နိုင်ငံသားကောင်း ဖြစ်လိမ့်မည်မဟုတ်ပေ။

 

တာဝန်ဆိုသည်မှာ ဆောင်ရွက်ရန် အမှုကိစ္စ၊ ဆောင်ရွက်ရမည့် ဝတ္တရားဖြစ်သည်။ လူ့ဘောင်လောက ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေး၊ တည်ထွန်းပြန့်ပွားစေရေးအတွက် လူတိုင်းကိုယ်စီတာဝန်ရှိပေသည်။ တာဝန်ဟူ သည်မှာ အခကြေးငွေရယူထားသော မိမိ၏အလုပ်အတွက် တာဝန်ကျေပွန်ရေးသာမက မိမိပတ်ဝန်းကျင်တွင် မြင်တွေ့၊ ကြားသိ၊ ကြုံကြိုက်ရသော အများပြည်သူအကျိုးထိခိုက်စေမည့် ကိစ္စများတွင်လည်း တာဝန်ကျေဖို့လို မည်ဖြစ်သည်။ ယင်းတာဝန်ကို လူတိုင်းလူတိုင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်သည်။

 

ဤလောကတွင် မိမိနှင့်မဆိုင်ဟုဆိုကာ ရှောင်တိမ်း၊ ဖယ်ခွာ။ လွတ်ကင်းအောင်နေကြသူများရှိသည်။ မိမိကောင်းလျှင်ပြီးရော အခြား သူများမကောင်းလျှင် သူ့အကြောင်းနှင့်သူဟုဆိုကာ ဖယ်ခွာသွားတတ်သူ များလည်းရှိသည်။ ယင်းသည်တာဝန်မဲ့ခြင်း၊ တာဝန်မသိခြင်းသာဖြစ်သည်။ တာဝန်မသိသဖြင့်၊ တာဝန်မဲ့သဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ အများပြည်သူ နစ်နာမှု၊ နောက်ဆက်တွဲဆိုးကျိုးဖြစ်မှုတို့ကို သတိမူရမည်ဖြစ်သည်။

 

လောကတွင် အများပြည်သူနှင့်ပတ်သက်၍ တာဝန်သိစရာအကြောင်း ကိစ္စများစွာရှိသည်။ ယင်းနှင့်စပ်လျဉ်း၍ ကူးစက်မြန်ရောဂါဖြစ်မှု၊ လူ့အခွင့် အရေးများ ဖောက်ဖျက်မှုတို့နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များက တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်ခြင်း၊ တိုင်ကြား နိုင်ခြင်းတို့အား အသိပေးထုတ်ပြန်ထား သည်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သိရှိရပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် covID-19 ကို ကူးစက်မြန်ရောဂါသို့မဟုတ်တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ရာ ပြည်သူအားလုံးတ ို့အနေဖြင့် မိမိပတ်ဝန်းကျင်ကိုလေ့လာပြီး မှန်ကန်သောအချက်အလက်များဖြင့် ပူးပေါင်းပါဝင်အသိပေးကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည်အကျိုးစီးပွား၊ အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ လူတိုင်းလူတိုင်းတာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်အသိပေးကြမှသာ သက်ဆိုင်ရာတို့ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

 

ကြေးမုံ