မိတ္ထီလာ ၂၈ ဇန်နဝါရီ
မိတ္ထီလာမြို့မရဲစခန်းမှ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ် တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲတပ်သားသန့်ဇင်မင်း၏ မိဘများထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေ ၄၆ သိန်းကို ဇန်နဝါရီ ၂၈ နံနက် ၁၁ နာရီအချိန်က မိတ္ထီလာရဲရိပ်သာခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းဌေးဦးက ရဲတပ်သားသန့်ဇင်မင်းမှာ မောင်တောမြို့နယ် အမှတ် (၃) နယ်ခြားစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ် ရှေ့တန်းရဲကင်းစခန်းအားတိုက်ခိုက်လာ သောင်းကျန်းသူများအား ပြန်လည်တိုက်ခိုက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့သောကြောင့်ဝမ်းနည်းမိကြောင်း ၊တစ်ဘက်မှာလည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်း မိမိရဲကင်းစခန်းကို ရန်သူလက်တွင် မကျရောက်စေရန် တာဝန်ကျေပွှန်စွာကြိုးပမ်းထမ်းဆောင်ရင်း တိုက်ပွဲတွင်ကျဆုံးခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မိတ္ထီလာခရိုင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အားလုံးက ချီးကျူးဂုဏ်ယူမိကြောင်းပြောကြားသည်။
ဆက်လက်၍ ကျဆုံးခဲ့သော ရဲတပ်သား သန့်ဇင်မင်း၏ မိဘများဖြစ်သည့် ဦးမင်းရွှေ နှင့် ဒေါ်ဆယ်တင် တို့ထံသို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့် ချီးမြှင့်ထောက်ပံ့ငွေ ၄၆ သိန်းကျပ်ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဌေးဦးက ပေးအပ်ခဲ့ကြောင်းသိရသည်။
ချမ်းသာ (မိတ္ထီလာ)