ရန်ကုန် ၂၇ စက်တင်ဘာ

ရန်ကုန်မြို့ ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ရသော ရန်ကုန်ဘူတာကြီး ရထားရဲစခန်းမှ ဒုတပ်ကြပ်မျိုးမြင့်လွင်၏ မိသားစုဝင်များအား ငွေကျပ် သိန်း ၃၀ ကို စက်တင်ဘာ ၂၅ ရက်က ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြားသည်။

ပြောကြား

ရန်ကုန်ဘူတာကြီး မီးရထားဌာနမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားတဲ့အတွက် YRTA  အနေ နဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါ့အပြင် ရဲဒုတပ်ကြပ်မျိုးမြင့်လွင် ကို YRTA က ဂုဏ်ပြုပါတယ် ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ဓားဖြင့် ပြန်လည်ခုခံ

ရန်ကုန်ဘူတာကြီး ရဲစခန်းမှ ရဲဒုတပ်ကြပ်မျိုးမြင့်လွင်သည် စက်တင်ဘာ ၂၃ ရက်က ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက်ရှိ လူကူးခုံးတံတား အောက်တွင် ဖုန်းလုယက်မှု ကျူးလွန်ခဲ့သူများအား လိုက်လံဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်သူများက ဓားဖြင့်ပြန်လည်ခုခံသည့်အတွက် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သည့် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်တွင် ဇနီးဖြစ်သူနှင့် သားသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - YRTA