mdn

သတင်းဆောင်းပါး - အောင်နိုင်ဉီး

 

လွန်ခဲ့တဲ့ရက်အနည်းငယ်က Channel K နဲ့ တာဝန်ယူမှု ရှိ သော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ကို တံခါးဖွင့်ဖိတ်ခေါ်နေချိန်မှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်း ကျင့်ထုံး (Responsible Business Conduct)တွေကို စီးပွားရေးလုပ်ငန်းရှင်များသာမက အစိုးရဌာန နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံသား တွေလည်း သိမြင်ဖို့ လိုအပ်တယ်လို့ စဉ်းစားမိပါတယ်။ ၂၁ ရာစုမှာ ကမ္ဘာ့နိုင်ငံ အတော်များများက စီးပွားရေး နယ်ပယ်တွေမှာ တာဝန်ယူမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းကျင့်ထုံးတွေကို ရှေ့တန်းတင်အားပေးဆောင်ရွက်လာတာ တွေ့ရပါတယ်။

 

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု

 

တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာကို ၂၀ ရာစု နှောင်းပိုင်းလောက်မှာ နိုင်ငံအသီးသီးက သွင်ပြင်လက္ခဏာ မျိုးစုံနဲ့ အစပျိုးခဲ့ကြပေမယ့် တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုဆိုတဲ့စကားလုံးကို တရားဝင် စတင်သုံးစွဲလာခဲ့ကြ တာကတော့၂၀ဝ၆ ခုနှစ်မှာ ကုလသမဂ္ဂက Principles for Responsible Investment ကို ချမှတ်ဆောင်ရွက်ချိန်က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာကုလသမဂ္ဂအပါအဝင်ကမ္ဘာ့ အဖွဲ့အစည်း အသီးသီးကလည်း တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုဆိုတာကိုကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။

 

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆိုတာ အခြေခံအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ နဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်တွေကို မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံခန့်ခွဲရာမှာ အကျုံး ဝင်အောင် ထည့်သွင်းဆောင်ရွက်ကြတဲ့ ချဉ်းကပ်မှုနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီလိုချဉ်းကပ် ဆောင်ရွက်ရာမှာ စွန့်စားရမှုကိုကောင်းစွာစီမံခန့်ခွဲပြီး အကျိုးအမြတ် ပိုမိုရရှိစေအောင်၊ တစ်နည်း အားဖြင့် မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာတွေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးခံစားခွင့်တန်ဖိုးကို ပိုမို တိုးတက်ထင်ဟပ်စေအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

 

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းအရာတွေထဲမှာ ထည့်သွင်း စဉ်းစားရမယ့် အဓိကအချက်တွေက မိမိရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ရာသီဥတုပြောင်းလဲမှုအပေါ်မှာ သက်ရောက် စေနိုင်မယ့် လုပ်ဆောင်မှုတွေ၊ သဘာဝအရင်းအမြစ်တွေ ကို လျော့ပါးစေနိုင်တာတွေ၊ ရှောင်ရှားခြင်း၊ အညစ်အကြေး စွန့်ပစ်မှုကို စနစ်တကျဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မပေါ်ပေါက်စေခြင်းတို့ အပြင်သဘာဝသစ်တော တွေပြုန်းတီးမှုမရှိအောင် ဆောင်ရွက်ခြင်းတွေလည်း အကျုံးဝင်ပါတယ်။ လူမှုရေးဆိုင်ရာ အခြေခံအကြောင်း အရာတွေနဲ့ပတ်သက်ပြီးလူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှု၊ ခေတ်သစ် ကျွန်ပြုမှု၊ ကလေးလုပ်သားသုံးစွဲမှု စတာတွေ မရှိစေရေး၊ လုပ်ငန်းခွင်သာယာရေးနဲ့ လုပ်သားများနဲ့ ဆက်ဆံရေး အခြေအနေကောင်းမွန်ရေး ထည့်သွင်းဆောင်ရွက်လေ့ရှိပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ အကြောင်းအရာတွေထဲမှာတော့ လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှု ရှောင်ရှားရေး၊ စီမံခန့်ခွဲသူတွေရဲ့ လစာနှုန်းထား၊ ဒါရိုက်တာအဖွဲ့မှာ ကျား/မ၊ လူမျိုး/ဘာသာ စသည်ဖြင့် မတူကွဲပြားမှုရှိခြင်းကို လက်ခံဖွဲ့စည်းခြင်း၊ နိုင်ငံရေးမဲဆွယ်မှုတွေနဲ့ လှူဒါန်းမှုတွေ ရောထွေးမှုမရှိ စေခြင်းနဲ့ အခွန်စနစ်တကျပေးဆောင်မှုအတွက်လုပ်နည်း ချမှတ်ထားတာတွေ ပါဝင်လေ့ရှိပါတယ်။

 

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေမှာ အထက်ကဖော်ပြခဲ့တဲ့ အခြေခံအကြောင်းတရား တွေကို ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းကို ဆန်းစစ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း ဆောင်ရွက်တဲ့အခါ လိုက်နာ ဆောင်ရွက်ဖို့ အခြေခံလိုအပ်ချက်အဖြစ် အသိအမှတ်ပြု ဆောင်ရွက်လာကြပါတယ်။ ပြောင်းလဲလာတဲ့ကမ္ဘာ့အခြေ အနေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက အကျိုးအမြတ်ရရှိ မယ့်သူတွေ၊ ဖောက်သည်တွေကလည်း သူတို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို ပိုမိုလိုလားတောင်းဆိုလာမှုတွေကလည်း တွန်းအား တစ်ရပ်ဖြစ်စေပါတယ်။ နိုင်ငံအချို့မှာတော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေကို စည်းမျဉ်းစည်းကမ်းနဲ့ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်း ကျင့်သုံးလာကြပါတယ်။ တကယ်တော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ စီးပွားရေး လုပ်ငန်းတစ်ခုကိုလုပ်ဆောင်ရင်း ရင်းနှီးမြှုပ်နှံသူ၊ နိုင်ငံသား၊ နိုင်ငံတော်အားလုံးအတွက် အကျိုးရှိစေမယ့် အခြေခံ အကြောင်းတရားတွေ ဖြစ်ပါတယ်။

 

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး

 

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးတွေ နဲ့ပတ်သက်လာရင် ကမ္ဘာ့နိုင်ငံအတော်များများက Organization for Economic Cooperation and Development - OECD က၂၀၁၁ ခုနှစ် မေလ၂၅ရက်နေ့က အတည်ပြုချမှတ်  လိုက်တဲ့ “နိုင်ငံတကာ ဖြန့်ကြက်လုပ်ဆောင်သော စီးပွားရေး လုပ်ငန်းများအတွက် OECD ၏ လမ်းညွှန်ချက် (OECDGuidelines for Multinational Enterprises) ကို ကျင့်သုံး လိုက်နာဆောင်ရွက်ကြပါတယ်။ OECD လမ်းညွှန်ချက်တွေကို OECD အဖွဲ့ဝင်နိုင်ငံတွေသာမက အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း လမ်းညွှန်အဖြစ် လိုက်နာကျင့်သုံးကြပါတယ်။ OECD လမ်းညွှန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်း များအနေနဲ့ စီးပွားရေးဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု တွေကို ကမ္ဘာအနှံ့ပြန့်ပွားစေဖို့ဖြစ်ပါတယ်။ OECD လမ်းညွှန်ချက်ရဲ့ အခြေခံသဘောတရားမှာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မိမိရင်းနှီးမြှုပ်နှံရာ နိုင်ငံကဥပဒေတွေကို လေးစားလိုက်နာဖို့ဟာ ပထမဆုံးကျင့်သုံး ရမယ့်အချက် ဖြစ်တယ်လို့ ဖော်ညွှန်းထားပါတယ်။ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးရာမှာ မိမိတို့ စီးပွားရေးလုပ်ဆောင်ရာ နိုင်ငံတွေရဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ကျော်လွန်ခြင်း မပြုရဘူးလို့လည်း ကန့်သတ်ထားပါတယ်။ လမ်းညွှန်ချက် မှာ “နိုင်ငံတကာ ဖြန့်ကြက်လုပ်ဆောင်သောစီးပွားရေး လုပ်ငန်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မည်သည့်စီးပွားရေး လုပ်ငန်းဖြစ်စေ နိုင်ငံတစ်ခုထက် ပိုမိုလုပ်ဆောင်လျှင် အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။ ထိုနည်းတူ အစိုးရ တွေကိုလည်း မိမိနိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှု အတွက် OECDရဲ့ လမ်းညွှန်ချက်ကို အလွဲအသုံးပြု ဆောင် ရွက်တာတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ OECD ရဲ့ လမ်းညွှန်ချက်တွေကို အောက်ပါအတိုင်း အကျဉ်း ဖော်ပြလိုက်ပါတယ် -

 

(၁) ထုတ်ဖော်ဖွင့်ဟခြင်းကတော့ ပထမဆုံးလမ်းညွှန်ချက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ မိမိတို့ရဲ့ လုပ်ဆောင်မှုတွေ၊ ဖွဲ့စည်းမှုတွေ၊ ဘဏ္ဍာ ရေးအခြေအနေတွေ၊ အကောင်အထည်ဖော်နိုင်မှု တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေကို အချိန်ကိုက် တိကျစွာထုတ်ဖော် ဖွင့်ဟပေးရမယ်လို့ ဆိုပါတယ်။ ဒီလိုထုတ်ဖော်ရာမှာ ဘဏ္ဍာရေးဆိုင်ရာ အခြေ အနေတွေနဲ့ရလဒ်တွေ၊ မိမိတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အဓိက ရှယ်ယာပိုင်ဆိုင်သူတွေ၊ မဲပေးပိုင်ခွင့်ရှိသူတွေ၊ ဒါရိုက်တာ အဖွဲ့ဝင်တွေနဲ့ အရေးကြီးတဲ့ အမှုဆောင်အရာရှိတွေရဲ့ ဉာဏ်ပူဇော်ခ လစာနှုန်း ထားတွေ၊ ကုမ္ပဏီအတွင်း ဆက်စပ်မှုရှိသူတွေရဲ့ ပစ္စည်းများလွှဲပြောင်းမှုတွေ၊ အလုပ်သမားဆိုင်ရာ ကိစ္စတွေ စတာတွေကိုလည်း အကန့်အသတ်မရှိထုတ်ဖော်ဖွင့်ဟပေးဖို့ လမ်းညွှန်ထားပါတယ်။

 

(၂) လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လူ့အခွင့် အရေးချိုးဖောက်မှု ဖြစ်စေမယ့် ကိစ္စရပ်များအားလုံး ကို ရှောင်ရှားဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အကြောင်းကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် ချက်ချင်းဖြေရှင်းဖို့၊ လူ့အခွင့်အရေး ထိခိုက်စေမယ့် သက်ရောက်မှုတွေကို တားဆီးဖို့ (သို့မဟုတ်) လျော့ပါးစေဖို့ နည်းလမ်းတွေရှာဖွေဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မူဝါဒဆိုင်ရာ စဉ်းစား ဆောင်ရွက်မှုတွေ ပါဝင်စေဖို့၊ လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်မှုတွေကိုလည်း ကျင့်သုံးဆောင်ရွက်သွားကြဖို့ စတဲ့လမ်းညွှန်ချက် တွေ ပါရှိပါတယ်။

 

(၃) အလုပ်ခန့်ထားခြင်းနှင့် လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ပတ်သက်ပြီး အလုပ်သမားအဖွဲ့ အစည်းများ ဖွဲ့စည်းခွင့် (သို့မဟုတ်) အလုပ်သမားများကိုယ်တိုင် ရွေးချယ်ဝင်ရောက်ခွင့်ကို လေးစားလိုက်နာဖို့၊ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ စုပေါင်းတောင်းဆို မှုတွေကို အသိအမှတ်ပြုဖို့၊ အပြုသဘောဆောင် စေ့စပ်ဆွေးနွေးဖို့၊ ကလေးလုပ်သား အသုံးပြု တာတွေ ပပျောက်စေဖို့၊ အတင်းအကျပ်၊ အဓမ္မ ခိုင်းစေမှုတွေ မျိုးစုံပပျောက်စေဖို့၊ အလုပ်သမား၊ တွေကြားမှာ ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့၊ အလုပ် သမားကိုယ်စားလှယ်တွေနဲ့ စေ့စပ်ညှိနှိုင်းရာမှာ လိုအပ်တာကူညီပေးဖို့၊ သတင်းပြည့်စုံစွာပေးဖို့၊ အလုပ်သမားတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ စတဲ့အခြေခံ အကြောင်းအရာတွေ ပါရှိပါတယ်။

 

(၄) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံက ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ အညီ ဆောင်ရွက်ကြဖို့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ လုပ်နည်းစနစ်တွေကိုလည်း ထူထောင်ထားရှိကြဖို့၊ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ် တွေနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်တွေ၊ စီးပွားရေး ဆိုင်ရာ အတွင်းရေးတွေနဲ့ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးကာကွယ်ရေးကို ထိခိုက်မှုမရှိစေဘဲ အများပြည်သူနဲ့ မိမိရဲ့ လုပ်သားတွေကို ပတ်ဝန်းကျင် ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများနဲ့ပတ်သက်ပြီး သက်ရောက် လာနိုင်တဲ့ ကိစ္စရပ်တွေရှောင်ရှားခြင်း၊ ပတ်ဝန်းကျင် ကို ဆိုးရွားစွာထိခိုက်စေမယ့် လုပ်ဆောင်မှု ရှောင်ရှားခြင်း၊ မိမိကုမ္ပဏီရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်မှုများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်း စတာတွေပါရှိပါတယ်။

 

 (၅) လာဘ်ပေးလာဘ်ယူ၊ လာဘ်ပေးရန်မြူဆွယ်မှုနှင့် ငွေကြေးတောင်းခံမှုတိုက်ဖျက်ခြင်းတို့နဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေဟာ မိမိရဲ့ အခွင့်အရေး အကျိုးအမြတ်ရရှိဖို့ လာဘ်ပေးခြင်း၊ လာဘ်လာဘ ပေးရန် ကတိပြုခြင်း၊ တောင်းဆိုခြင်းတွေကို မပြု ကြဖို့ တားမြစ်ထားပါတယ်။ အထူးသဖြင့် အစိုးရ အရာရှိတွေနဲ့ မိမိတို့ရဲ့ စီးပွားဖက်တွေရဲ့ ဝန်ထမ်း တွေကို လာဘ်ပေးရန်ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း၊ လာဘ်ပေးခြင်းမပြုကြဖို့၊ အဆိုပါ ဆောင်ရွက်မှုမျိုး မပေါ်ပေါက်အောင် မိမိစီးပွားရေးလုပ်ငန်းအတွင်း ထိန်းချုပ်မှု၊ ကျင့်ဝတ်နဲ့ စည်းမျဉ်း လိုက်နာမှုတွေကို ချမှတ်ဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လုပ်ဆောင်မှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ကြဖို့၊ လာဘ်ပေး လာဘ်ယူနဲ့ပတ်သက်လာရင် မိမိတို့ရဲ့ ဝန်ထမ်းတွေကို အသိအမြင်နဲ့ လိုက်နာဆောင်ရွက်မှု အားကောင်းလာအောင်ဆောင်ရွက်ကြဖို့ လမ်းညွှန်ထားပါ တယ်။

 

(၆) စားသုံးသူများအကျိုးစီးပွားကိုလည်း လမ်းညွှန်ချက်မှာ ထည့်သွင်းထားပါတယ်။ အဓိကအားဖြင့် စားသုံး သူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ မျှတတဲ့ဈေးကွက် ရှာဖွေခြင်း၊ ကြော်ငြာခြင်း စသည်တို့ကို ဆောင်ရွက် ကြဖို့ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ အများလက်ခံထားတဲ့ စံချိန်စံညွှန်းမီဖို့၊ မိမိတို့ရဲ့ ထုတ်ကုန် ပစ္စည်းနဲ့ပတ်သက်ပြီး ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်တွေပေးဖို့၊ စားသုံးသူတွေနဲ့ အငြင်း ပွားမှုဖြစ်ပွားတဲ့အခါမှာ မျှတမှုရှိအောင် ဆောင်ရွက်ကြဖို့၊ စားသုံးသူတွေကို လှည့်ဖြားခြင်း၊ လှည့်စား ခြင်း၊ မမျှမတပြုခြင်းနဲ့ အလှအပဆောင်ရွက်ခြင်း တို့ကို ရှောင်ရှားကြဖို့၊ စားသုံးသူတွေရဲ့ အသိအမြင် ကျယ်ပြန့်ရေးဆောင်ရွက်ပေးကြဖို့၊ စားသုံးသူတွေရဲ့ ပုဂ္ဂလိကလုံခြုံမှုကို အလေးဂရုပြုဖို့၊ စားသုံးသူတွေ နဲ့ပတ်သက်ပြီး မမှန်မကန်ဆောင်ရွက်မှုတွေကို တိုက်ဖျက်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ စတဲ့အချက်တွေထည့်သွင်းလမ်းညွှန်ထားပါတယ်။

 

(၇) သိပ္ပံနှင့်နည်းပညာနဲ့ပတ်သက်ပြီးတော့ စီးပွားရေး လုပ်ငန်းများအနေနဲ့ ၎င်းတို့သုံးစွဲတဲ့ နည်းပညာတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူဝါဒတွေနဲ့ကိုက်ညီပြီး သဟဇာတဖြစ်စေဖို့၊ သက်ဆိုင်ရာနိုင်ငံကို နည်းပညာနဲ့ အသိပညာ လွှဲပြောင်းပေးခြင်းကို မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း လက်တွေ့အခြေအနေနဲ့စပ်ဟပ်ပြီး ဆောင်ရွက် ပေးကြဖို့၊ သက်ဆိုင်ရာနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေမှာ သင့်လျော် သလိုပါဝင်ပေးကြဖို့၊ ဉာဏပစ္စည်းဆိုင်ရာ အခွင့် အရေးတွေနဲ့ပတ်သက်တဲ့လိုင်စင်တွေ ရယူတဲ့ အခါမှာလည်း သက်ဆိုင်ရာနိုင်ငံရဲ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သလို ထည့်သွင်းစဉ်းစားပေးကြဖို့၊ ဒေသခံတက္ကသိုလ်တွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ စက်မှုလုပ်ငန်း တွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လမ်းညွှန်ထားပါတယ်။ 

 

(၈) ယှဉ်ပြိုင်မှုနဲ့ပတ်သက်လာရင် သက်ဆိုင်ရာ နိုင်ငံက ယှဉ်ပြိုင်မှု ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့၊ ယှဉ်ပြိုင်မှုကို မမျှမတဖြစ်စေမယ့် လုပ်ဆောင်ချက်တွေမလုပ်ကြဖို့ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ မိမိရဲ့ ဝန်ထမ်းတွေကို ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအပေါ် မှာ အသိအမြင်တွေ ကျယ်ပြန့်လာအောင် ဆောင်ရွက်ကြဖို့ လမ်းညွှန်ထားပါတယ်။

 

 (၉) အခွန်အကောက် ပေးဆောင်ခြင်းဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာဖြည့်ဆည်းမှုမှာ အရေးပါတာကို အလေးမူပြီး မိမိတို့ပေးဆောင် ရမယ့် အခွန်ငွေကို အချိန်နဲ့တစ်ပြေးညီ ပေးဆောင် ကြဖို့၊ အခွန်အကောက်ဆိုင်ရာ ဥပဒေနဲ့စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြဖို့၊ စီးပွားရေး လုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှုစနစ်တွေမှာ အခွန် အကောက်ဆိုင်ရာ စီမံအုပ်ချုပ်မှုနဲ့ အခွန်ပေးဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်း ဆောင်ရွက်ကြဖို့လည်း လမ်းညွှန်ထားပါတယ်။

 

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်မြန်မာပြည်

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက် ပုဒ်မ ၃ (က) မှာ “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ထို့အပြင် ပုဒ်မ ၂၅ မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင် ရဲ့ လုပ်ငန်းတာဝန်တွေထဲမှာလည်း လိုအပ်တဲ့ပြဋ္ဌာန်းချက် တွေထည့်သွင်းခြင်း၊ ပုဒ်မ ၃၆၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၆၊ ပုဒ်မ၅၁၊ ပုဒ်မ ၆၅ မှ ၆၇၊ ပုဒ်မ ၇၁ စသည်တို့နဲ့ နည်းဥပဒေများမှာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးများနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းထား  ပါတယ်။

 

ထိုနည်းတူ ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေမှာလည်း တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းကျင့်ထုံးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုအပ် သလိုထည့်သွင်းပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးများနဲ့ပတ်သက်ပြီး ဥပဒေမူဘောင် အခိုင်အမာချမှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ နယ်ပယ်အတွင်းမှာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက် အားကောင်းလာဖို့စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ နိုင်ငံသားအားလုံးကလည်း မိမိတို့နဲ့ သက်ဆိုင်ရာကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ။