တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဘေးကင်းလုံခြုံသော စားသုံးဆီများ ထုတ်လုပ်ရောင်းချရေး တစ်နှစ်တာစီမံချက်ဖြင့် လုပ်ဆောင်မည်

မကွေး ၁ မတ် 

 

စားသုံးဆီဈေးကွက်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဘေးကင်းလုံခြုံသော စားသုံးဆီများ ထုတ်လုပ်ရောင်းချ လာရေးအတွက် တစ်နှစ်တာစီမံချက်တစ်ရပ်ရေးဆွဲပြီး လုပ်ဆောင်သွားရန်ရှိနေကြောင်း မကွေးတိုင်းဒေသကြီး FDA အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းအတွင်း၏ ပထမဦးဆုံး ဆီသန့်စီမံချက်တစ်ရပ်ကို ၂၀၁၉ ဧပြီလ(၁)ရက်နေ့မှ  စတင်ရန်လျာထားပြီး စားသုံးသူကို မှန်မှန်ကန်ကန် သတင်းအချက်အလက်ပေးရေးနှင့် စားဆီတိုင်းတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အရာများ မပါရေး ရည်ရွယ်လုပ်ဆောင်မည်ဖြစ်သည်။ 

 

IMG_2

 

 “ ဆီရောင်းချတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ထုတ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ တင်သွင်းတဲ့နေရာမှာပဲဖြစ်ဖြစ် တစ်ကယ့်ဆီ မဟုတ်ဘဲနဲ့ တစ်ခြားဆီတစ်မျိုးမျိုးနဲ့ရောပြီး စားသုံးသူကို လိမ်လည်ရောင်းချတာတွေက ခုခေတ်မှာ အများကြီးဖြစ်လာပြီ။ တစ်နေရာထဲက ဒီနေရာကနေဖြစ်တာပါလို့ ပြောလို့ခက်လောက်အောင် ထုတ်လုပ်တဲ့၊ ရောင်းချတဲ့၊ တင်သွင်းတဲ့နေရာတွေမှာ ဖြစ်နေတယ်။ ဒါ့ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးကို အချက်တစ်ချက်အနေနဲ့ ဒီစီမံချက်နဲ့ စစ်ဆေးလုပ်ဆောင်သွားမှာပါ ။ ” ဟု FDA တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။

 

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်မှာ ကုန်စည်တွင် ထုတ်ဖော်ကြေငြာထားသည့်အတိုင်း ပဲဆီ၊ နှမ်းဆီဟုရေးထားပါက ပဲဆီ၊ နှမ်းဆီ စစ်ရမည်ဖြစ်ကြောင်း၊ ရောဆီဖြစ်နေပါက ရောထားသည့်အကြောင်း စားသုံးသူထံ ပွင့်ပွင့်လင်းလင်း အသိပေး ရောင်းချရမည်ကို ဆိုလိုကြောင်း၊ ယခုစီမံချက်၌ ရွေ့လျားဓာတ်ခွဲခန်းများအသုံးပြု စစ်ဆေးမည်ဖြစ်ပြီး အရေးယူမှုများလည်း ပါဝင်လာမည်ဖြစ်ကြောင်း FDA မှ သိရသည်။

 

 “ ဆီစက်လုပ်ငန်းရှင်များအသင်းကတော့ FDA နဲ့ ကိုက်ညီရမယ်ဆိုတဲ့ စစ်ဆေးချက်ကိုကြိုဆိုပါတယ်။ အဲဒါတွေဖြစ်မှသာ ဆီကောင်းဆီသန့် ဖြစ်ပေါ်လာမှာ။ လုပ်ငန်းရှင်အနေနဲ့ကတော့ အဲဒီ့စစ်ဆေးချက်ကိုလာမှာ မကြောက်ဘူးဗျ။ လေဘယ်လော(တံဆိပ်ကပ်ပြီး) လုပ်စားနေတဲ့သူတွေ၊ အရောအနှောလုပ်စားနေတဲ့သူတွေကတော့ FDA ကို ကြောက်လိမ့် မယ် ” ဟု ကောင်းသန့်မြေပဲဆီသန့်ထုတ်လုပ်ရေး ၊ (ဆီစက်လုပ်ငန်းရှင်များအသင်း ၊ မကွေးတိုင်း အလုပ်အမှုဆောင်) ဦးဝင်းထွန်း က ၎င်း၏သဘောထားကို ပြောကြားသည်။ 

 

ဇေယျတု(မကွေး)

 

IMG_20190