နေပြည်တော်  ၂၄  အောက်တိုဘာ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေး လုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက် စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မြသလ္လာခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးသန်းက အမှာစကား ပြောကြားသည်။

 

8

 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းထက်များစွာ ပိုမိုကျယ်ဝန်းကြောင်း၊ ယုံကြည်အပ်နှံထားသော လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင် သာမကပုဂ္ဂလိက လုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီး လာဘ်ငွေအနည်းငယ်ပေးခြင်း၊ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခြင်းအထိ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၂၀/၂၀၁၈) ဖြင့်စတုတ္တအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက်တွင် ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သဖြင့် ယင်းဥပဒေအရ အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေး လာဘ်ယူခြင်းမျှသာ မဟုတ်တော့ဘဲ "တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း" ဟူသောအချက် ထပ်မံဖြည့်စွက် ပါဝင်လာပါကြောင်း၊ သို့ဖြစ်၍ ကော်မရှင်သည် လာဘ်ပေး လာဘ်ယူခြင်းထက် ပိုမိုလေးနက်သော နိုင်ငံတော်၏အကျိုး စီးပွားများ၊ တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုထိခိုက်စေသည့် အခြားအဂတိ လိုက်စား မှုပုံသဏ္ဍာန်များကိုပါ ထိရောက်စွာ တိုက်ဖျက်သွားနိုင်မည် ဖြစ်ပါကြောင်း။

 

အဂတိလိုက်စားမှု စနစ်ဆိုးကို တိုက်ဖျက်လိုသော စိတ်ဆန္ဒ အမှန်တကယ် ရှိကြမည်ဆိုလျှင် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွားအကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွား ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားသာမက ပုဂ္ဂိုလ်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခု၊ စက်ရုံအလုပ်ရုံ တစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့် လည်းသက်ဆိုင်ကြောင်း၊ အကယ်၍ လုပ်ပိုင်ခွင့်အာဏာရှိသူက ၎င်း၏အခွင့်အာဏာကို အလွဲအသုံးပြုပြီး ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အများပြည်သူ အကျိုးစီးပွားဖြစ်သည့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေမည် ဆိုလျှင်တံစိုး လက်ဆောင်ရယူကြောင်း ပေါ်ပေါက်သည်ဖြစ်စေ၊ မပေါ်ပေါက်သည်ဖြစ်စေ အဂတိ လိုက်စားမှုပင်ဖြစ်ပါကြောင်း။

 

ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းသူများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတရားစွဲ ဆိုခြင်းမပြုလုပ်နိုင်ခဲ့သော် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း တာဝန်ကို မည်သည့်နည်းနှင့်မျှ ကျေပွန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ တာဝန်အရ အရေးယူဆောင်ရွက်ရာတွင် သူတစ်ပါးကို ထိခိုက်ပျက်စီးစေ လိုသည့် ဗျာပါဒတရားမှ ကင်းဝေးစေရန်အတွက် ယနေ့အထိ တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့သော အမှု (၁၇၂)မှုကို ဘက်လိုက်ခြင်း ကင်းစွာဖြင့် အလေးအနက်ချင့်ချိန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤအမှုများအပေါ် သင်ခန်းစာ ရယူ၍ နိုင်ငံ့ဝန်ထမ်းများက မိမိတို့၏တန်ဖိုးထားမှုများကို ဒီမိုကရေ စီစံနှုန်းနှင့် အညီလိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပေးနိုင်ကြမည်ဆိုလျှင် အဂတိလိုက်စားမှု ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများကို ဆောလျင်စွာဆယ်တင် ကုသပေးနိုင်ပြီး မိမိတို့၏ မျိုးဆက်များအတွက်လည်း အဂတိကင်းသောလူ့ဘောင်ကို ထူထောင်ပေးခဲ့ နိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပါမောက္ခဒေါက်တာအောင်ထွန်းသက် က "ဖွံ့ဖြိုးတိုးတက်မှုအတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား၍ အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာ တင်မောင်သန်း(သင့်ဘဝ) က Moderator အဖြစ် ဆောင်ရွက်ပြီး "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ"၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က "အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ" ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက" တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ"၊ အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဋ္ဌ ဦးမြင့်ဇော်က "တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများ"၊ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်သူရိန်ထွန်းက "တာဝန်ယူမှုရှိသော CSO ကဏ္ဍ" နှင့် UNDP ကိုယ်စားလှယ်ဦးအောင်ထွန်းက "အဂတိလိုက်စားမှုအန္တရာယ် ဖြစ်နိုင်ခြေရှိမှု" ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)