နေပြည်တော် ၁၇ ဇန်နဝါရီ 

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၌ ကျင်းပသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကောင်းမွန်သော အစိုးရအုပ်ချုပ်မှု စနစ်ကို ထူထောင်ဆောင်ရွက်ရာတွင် ပြည်သူများက ယုံကြည်အားကိုးရသည့် အစိုးရအဖွဲ့အစည်းဖြစ်အောင် အားလုံးပြောင်းလဲရန်လိုကြောင်း၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးသည် အရေးပါလှကြောင်း၊ အဂတိတရား (၄)ပါး ကင်းရှင်းရေးအတွက် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေတနာ ထားဆောင်ရွက်ရန်နှင့် မိမိတို့စောင့်ထိန်းကြရမည့် ဝန်ထမ်းကျင့်ဝတ်၊ မိမိတို့ဌာန၏ ဂုဏ်သိက္ခာကိုစောင့်ထိန်းရန် အရေးကြီးကြောင်း၊ ယနေ့ခေတ်တွင် အဂတိလိုက်စားမှုသည် အခြားမှုခင်းများနှင့် ဆက်စပ်နေသောကြောင့် နိုင်ငံတစ်ခု၊ဒေသတစ်ခု၏ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပြဿနာဖြစ်၍ နိုင်ငံအားလုံးမှ အလေးထား ဆောင်ရွက်နေကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က  နိုင်ငံတော်သမ္မတ ပြောကြားသည့် လမ်းညွှန်ချက်နှင့်အညီ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေနိုင်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးအတွက် ရတောင့်ရခဲ အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ လွှမ်းမိုးကြီးထွားခဲ့သော အဂတိလိုက်စားမှုစနစ်ဆိုးသည် နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှု ဘဝကြီးတစ်ခုလုံးကို အကြီးအကျယ် ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့သည်ကို လူတိုင်းသိရှိနားလည် ထားကြပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်သည့်အတွက် ဆယ်စုနှစ်များစွာ ကိုယ်ကျင့်တရားပျက်ယွင်းနေခဲ့သော လူမှုယဉ်ကျေးမှု ပတ်ဝန်းကျင်အတွင်း ရှင်သန်ခဲ့ရသည့် နိုင်ငံတော်သူ နိုင်ငံတော်သားများ၏ ဂုဏ်သိက္ခာသည်လည်း များစွာထိခိုက်ကျဆင်းခဲ့ရကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သော်လည်းကောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာစေရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ပြင်းပြသော နိုင်ငံရေးဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ဆောင်မှု တစ်ရပ်အနေနှင့်သော်လည်းကောင်း၊ ကော်မရှင်ကဦးဆောင်ပြီး အဂတိလိုက်စားမှုများကို တိုက်ဖျက်နေခြင်းသည် မည်သူ့အတွက်မျှ ခြိမ်းခြောက်မှု မဖြစ်စေလိုကြောင်းနှင့် အစိုးရဌာန အဖွဲ့အစည်းများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံး ဂုဏ်သိက္ခာ ပြန်လည်မြင့်မားလာရေးအတွက် လက်လွတ်မခံသင့်သည့် အခွင့်အရေး တစ်ရပ်သာဖြစ်ပါကြောင်း။

 

အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် လွတ်လပ်၍ ဖွံ့ဖြိုးတိုးတက်သော လူနေမှုဘဝတို့အတွက်  အခြေခံလိုအပ်သည့် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုနှင့် အားလုံးပါဝင်နိုင်မှု စသော တန်ဖိုးထားအပ်သည့် ကောင်းမွန်သော ကိုယ်ကျင့်တရားများကို နိုင်ငံသူနိုင်ငံသားများအတွင်း ပိုမိုဖြစ်ထွန်းလာစေရန် ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို ဖော်ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ခြောက်လှန့်တောင်းခံခြင်း၊ ရုံးဌာနများတွင် ပုံစံအမျိုးမျိုးဖြင့် ငွေကြေးပေးရခြင်း၊ တံစိုးလက်ဆောင်ပေးခြင်းယူခြင်း၊ တရားမဝင်ဂိတ်ကြေးပေးရခြင်း၊ ဘက်လိုက်ခြင်း၊ မျက်နှာသာပေးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေနှင့် မြေယာအဆောက်အအုံအပါအဝင် အများပြည်သူပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုခြင်း၊ (သို့မဟုတ်) ထိခိုက်နစ်နာဆုံးရှုံးစေခြင်း၊ အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်ပြီး အများပြည်သူ အကျိုးစီးပွားကို လျစ်လျူရှု၍ ပုဂ္ဂလိက အကျိုးစီးပွားများသာ ပြုလုပ်ခြင်း၊ အဖြစ်မှန်ကို ဖုံးကွယ်၍ မှားယွင်းသော အုပ်ချုပ်ရေးစနစ်ကို အကာအကွယ်ပြုပေးခြင်း၊ ပြည်သူကပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း စသည့် အဂတိ်လိုက်စားမှုများကို ကော်မရှင်က တိုက်ဖျက်ရခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့်အညီ ကောင်းမွန်သော ကိုယ်ကျင့်တရားများ ဖွံ့ဖြိုးအားကောင်းလာစေရန်အတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက် တစ်ဖွဲဲ့ကို ထိခိုက်နစ်နာစေရန် ဆန္ဒဂါမိ ဆန္ဒဂတိနောက်သို့ လိုက်ပါခြင်းမရှိပါကြောင်း။

 

1111

 

အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့်သာ အများဆုံး ဆက်စပ်လုပ်ကိုင်ရသော ကမ္ဘာ့ဘဏ်အုပ်စု၏ အဂတိလိုက်စားမှု (Corruption) အနက် အဓိပ္ပါယ်ဖွင့်ဆိုမှုမှာ “အဂတိလိုက်စား မှုဆိုသည်မှာ ပုဂ္ဂလိကအကျိုးစီးပွား အလို့ဌာ အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုကိုအလွဲသုံး စားပြုခြင်း” ဟုဖော်ပြထားကြောင်း၊ အများပြည်သူ၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ထားသော အများပြည်သူကပိုင်ဆိုင်သော ရုံးဌာနတစ်ခုတွင် အများပြည်သူက ပေးအပ်ထားသော လစာနှင့်ခံစားခွင့်များကို ရယူခံစားလျက်၊ အများပြည်သူက တာဝန်အပ်နှင်း ထားသဖြင့် လုပ်ပိုင်ခွင့်အာဏာရှိနေသော ပုဂ္ဂိုလ်တစ်ယောက်သည် အများပြည်သူလူထု၏ အကျိုးစီးပွားအတွက်သာလျှင် အပြည့်အဝ ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ ရာထူးဌာနကို အသုံးပြု၍ ပုဂ္ဂလိကထံမှ ငွေကြေးကောက်ခံခြင်း သို့မဟုတ် အခြားနည်းဖြင့် ပုဂ္ဂလိက အကျိုးစီးပွားကို မိမိအတွက်နှင့် မိမိအထက်အရာရှိအတွက် ရံဖန်ရံခါရှာဖွေပေးရသည် ဆိုလျှင်ပင် ထိုသူသာမကသူ၏ အထက်အရာရှိကိုပါ အဂတိလိုက်စားမှုပြစ်မှုကို ကျူးလွန်ရာရောက်နိုင်ကြောင်း၊ အထက်အရာရှိများသည် မိမိကိုယ်တိုင် ကင်းရှင်းရသည့်အပြင် မိမိလက်အောက်မှ ပုဂ္ဂိုလ်များ အဂတိလိုက်စားမှုမဖြစ်အောင် လုံလောက်သည့်ထိန်းကျောင်းမှု များပြုလုပ်ပေးရန် တာဝန်ရှိပါကြောင်း၊ ၎င်းမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အုပ်ချုပ်ရေး၌ တာဝန်ယူမှုရှိခြင်း၊ (Accountability in Administration) ပင်ဖြစ်ပါကြောင်း။

 

အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI)က “အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိက အကျိုးအမြတ်အလို့ငှာ ယုံကြည်အပ်နှံထားသောပါဝါကို အလွဲသုံးစားပြုခြင်း” ဟုဖော်ပြထားပါကြောင်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်း၊ အမွေဆက်ခံမှု၊ ထိမ်းမြားလက်ထပ်ခြင်း၊ ပညာသင်ကြားခွင့်၊ ရာထူးခန့်အပ်ခြင်း၊ ရွေးကောက်ပွဲအပါအဝင် ကျယ်ပြန့်စွာ လွှမ်းခြုံမှုရှိသော ရှင်းလင်းချက်ဖြစ်ကြောင်း၊ အထူးတင်ပြလိုသည်မှာ အဂတိလိုက်စားမှုသည် အစိုးရထံမှ အဖွဲ့အစည်းများ အပါအဝင်ဖြစ်သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများသာမက ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းလာလျှင် အရေးယူခြင်းခံရနိုင်သည် ဆိုသည့်အချက်ဖြစ်ကြောင်း၊ ဤသို့မဖြစ်စေရန် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် နည်းလမ်းမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် မိမိတို့အဖွဲ့အစည်းအလိုက် ကျင့်ဝတ်များရေးဆွဲထားကြပြီး လိုက်နာကျင့်သုံးကြခြင်း ဖြစ်ကြောင်း။

 

ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို သာဥပဒေနှင့်အညီ ထုတ်ပြန်ဆောင်ရွက်နိုင်သည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ်ရေးဆွဲရာတွင် လိုက်နာသင့်သည့်မူဘောင်ကို အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ ဖြင့် ထုတ်ပြန်ထားကြောင်း၊ ဤမူဘောင်သည် ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အနာဂတ်ကာလတွင် နိုင်ငံတကာအဆင့် (ISO 37001) စံနှုန်းသို့ တက်လှမ်းနိုင်ရေး လွယ်ကူစေရန် ရည်မှန်းပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခြားအဖွဲ့အစည်းများကလည်း ဤမူဘောင်ကို နမူနာယူ၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ကျင့်ဝတ်များရေးဆွဲပြီး လိုက်နာနိုင်ရန် အကြံပေးပြောကြားလိုကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကော်မရှင်၏အမိန့် ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ မူဘောင်နှင့်အညီ ကျင့်ဝတ်များရေးဆွဲပြီး လိုက်နာကျင့်သုံးကြခြင်းသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ၌ တာဝန်ယူမှုရှိခြင်း (Accountability in Business) ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အုပ်ချုပ်ရေးအပိုင်းမှသော် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းမှသော် လည်းကောင်း၊ တာဝန်ယူမှုမြှင့်တင်နိုင်ကြမည်ဆိုလျှင် နိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေသည် အတိ်ုင်းအတာတစ်ခုအထိ လျော့ကျလာသည်ကို ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှ စတင်ပြီး တွေ့မြင်လာနိုင်ဖွယ်ရှိသည်ဟု ကော်မရှင်ကမျှော်လင့်ထားပါကြောင်း၊ ကော်မရှင်သည် အဂတိလိ်ုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁)နှင့်အညီ ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကိုရေးဆွဲပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော် တည်ဆောက်ရာတွင် အဓိကကျသည့် ခလုတ်ကန်သင်း တစ်ခုဖြစ်နေသော အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း။

 

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော တစ်နိုင်ငံလုံးပျံ့နှံ့နေသည့် အဂတိလိုက်စားမှု (Systemic Corruption) တွင် အနည်းဆုံး အင်္ဂါရပ်သုံးခုရှိသည်ဟု လက်ခံသဘောတူထားကြကြောင်း၊ ထိုအင်္ဂါရပ်သုံးခုမှာ (၁) အစိုးရဌာနအဖွဲ့အစည်းများ အပါအဝင်ဖြစ်သော အများပြည်သူဆိ်ုင်ရာ အဖွဲ့အစည်းများအတွင်းရှိ အရေးကြီးသော နေရာများ၌ အဂတိလိုက်စားသူများ ရှိနေကြဆဲ ဖြစ်ခြင်း၊(၂) ပြည်သူအများစု အနေဖြင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိသောကြောင့် လာဘ်ပေးလာဘ်ယူမှုကို လုပ်ရိုးလုပ်စဉ်ကဲ့သို့ လုပ်နေကြရခြင်း (၃)တာဝန်ရှိသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တာဝန်ယူမှု ရှိသင့်သလောက် မရှိကြခြင်းတို့ပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အင်စတီကျူးရှင်း ခေါင်းဆောင်များသည် မိမိတို့၏ သြဇာအာဏာများကို မဖြစ်မနေသုံးစွဲကြရန် လိုအပ်ကြောင်းကို ပထမအချက်အနေဖြင့် တင်ပြလိုကြောင်း၊ ဒုတိယအနေဖြင့် အဂတိလိုက်စားမှုအတွက် ကုန်ကျစရိတ် (Cost of Corruption) ကို အင်စတီကျူးရှင်း ခေါင်းဆောင်များက မှန်ကန်စွာတွက်ချက်နိုင်ရန် ဖြစ်ကြောင်း။

 

အဂတိလိုက်စားမှုအတွက် ကုန်ကျစရိတ်ကိုပေးသော/ ယူသောလာဘ်ငွေပမာဏနှင့် မတိုင်းတာသင့်ကြောင်း၊ လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦးက လာဘ်ငွေ အနည်းငယ်မျှ ရယူပြီး တရားမဝင်သော ကိစ္စတစ်ခုတွင် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မည်မျှထိခိုက်နစ်နာ ဆုံးရှုံးသွားစေခဲ့သလဲဆိုသော အချက်နှင့်သာ တိုင်းတာသင့်ပါကြောင်း၊ ထိုသို့ တိုင်းတာမည်ဆိုပါက နိုင်ငံသူနိုင်ငံသားတို့၏ အသက်များ၊ ဘဝများ၊ အခွင့်အရေးများ၊ နိုင်ငံ့သယံဇာတများ၊ သမိုင်းအမွေအနှစ်များသာမက နိုင်ငံ့ရင်သွေး၊ ကလေးသူငယ်တချိုး၏ အနာဂတ်အလား အလာများပါ ပျောက်ဆုံးကုန်ကြရသည့် အဖြစ်များကို တွေ့မြင်ခံစားနိုင်ကြရ လိမ့်မည်ဟု ယူဆကြောင်း၊ သို့ဖြစ်ပါ၍ အင်စတီကျူးရှင်း ခေါင်းဆောင်များသည် အခွင့်အခါကောင်းနှင့် ကြုံကြိုက်လျှက် မိမိတို့လက်ဝယ် ရရှိထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို နှောင့်နှေးတွေဝေနေခြင်းမရှိဘဲ နိုင်ငံတော်အစိုးရ၏ ပြင်းပြသော နိုင်ငံရေးဆန္ဒနှင့်အညီ အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ရန်အတွက် မိမိတို့၏တာဝန်ယူမှုများကို အစွမ်းကုန် မြှင့်တင်ပေးကြပါဟု ပြောကြားသည်။

 

ယင်းနောက် စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အပြန်အလှန် တာဝန်ယူမှုခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း (၃)ခုမှ အပြန်အလှန် ဟန်ချက်ညီသော မူဝါဒများ ချမှတ်နိုင်ရန်၊ တိုင်းဒေသကြီး၏ Action Plan ရေးဆွဲရန်တို့ကို အကြံပြုရှင်းလင်း ပြောကြားသည်။ 

 

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က “ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်မှု”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် ဒေါက်တာတင်မောင်သန်း (သင့်ဘဝ) တို့က “တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုးက “စီးပွားရေးလုပ်ငန်းများအတွက်  တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကိုယ်စားလှယ်တစ်ဦးက “တာဝန်ယူမှုရှိသော သတင်းမီဒီယာကဏ္ဍ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ UMFCCI အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးနှင့် MCRB အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးတို့က “တာဝန်ယူမှုရှိသော စီးပွားရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ CSO အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက “တာဝန်ယူမှုရှိသော CSO များကဏ္ဍ” ခေါင်းစဉ်ဖြင့်  ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်ပြောကြားသည်။ ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)

 

22