ရန်ကုန် ၁၄ သြဂုတ်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀) ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ယခုဘဏ္ဍာနှစ် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် အမေရိကန်ဒေါ်လာ (၅ ဒသမ ၈) ဘီလီယံကို ပြည့်မီရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက် လာစေရန် အစဉ်ဂရုပြုကြရမည်ဖြစ်ပါကြောင်း အလေးထားမှာကြားသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း(၃)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၃)ခု ကိုခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၀၅၇)သန်းနှင့် ငွေကျပ် (၁၅၈,၀၅၉) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း(၇၅၀)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများ မှာစင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံ/ဒေသပေါင်း (၅၁)ခု မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၃၃ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၂၄ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၂၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
(သတင်းစဉ်)