မောင်အောင်

 

ကျွန်တော်တို့အဖွဲ့ မဲဒီးကျေးရွာ စပါးစိုက်ခင်းသို့ရောက်ရှိသည့်အခါ ၉ နာရီခွဲနေပြီ။ တောင်သူဦးကြီး ၅ဝ ခန့် စုရုံးရောက်ရှိနေကြသည်။ ကားများကို ကားလမ်းမကြီးဘေးတွင်ထားခဲ့ပြီး စနစ်ကျလယ်ယာမြေအတွင်းရှိ ကုန်ထုတ်လမ်းမှ မဏ္ဍပ်လေးထိုးထားသည့်နေရာသို့ ကျွန်တော်တို့အဖွဲ့လာခဲ့ကြသည်။ မဲဒီးကျေးရွာမှာ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ တည်ရှိသည်။ ပြီးခဲ့သည့်တစ်ပတ်ကလည်း မဲဒီးကျေးရွာစပါးခင်းတစ်ခင်းတွင် ထွန်၊ ထယ်မလိုဘဲ စပါးတိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းကို လယ်သမားကြီးများအား ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနက လက်တွေ့ပြသခဲ့သည်။ တောင်သူဦးကြီးများ စိတ်ဝင်တစား ကြည့်ခဲ့ကြသည်။ လယ်ကွက်အတွင်း ရေမရှိသော်လည်း အခြောက်ကြောင်းဆွဲပြီး မျိုးစေ့ချခြင်းဖြစ်၍ အချိန်ကုန်သက်သာသည်။ ပေါင်းလိုက်ရ အဆင်ပြေမည်။ ကောက်ကွက်ပြည့်၍ အထွက်နှုန်းကောင်းမည်။ ယခုလည်း ကောက်စိုက်စက်ဖြင့် စိုက်ပြမည်ဖြစ်၍ တောင်သူများ စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

 

“ဦးကြီးတို့ နေပါဗျ။ ကျွန်တော် အဲဒီကို မလာတော့ဘူး။ ဒီကောက်စိုက်စက်ကို အနီးကပ်ကြည့်ချင်လို့ ဒီမှာပဲနေပါ့မယ်”

 

ကျွန်တော်တို့အဖွဲ့ ရောက်လာသဖြင့် လေးတိုင်စင်မဏ္ဍပ်အတွင်းမှ တောင်သူ ဦးကြီးများ ထွက်လာ၍ ကျွန်တော်က ဟန့်တားလိုက်ခြင်းဖြစ်သည်။

 

“တဲကြီးကုန်း မြေဩဇာကြဲပက်ပွဲမှာ တောင်သူမကြီးတွေ မေးခွန်းမေးနေတာ ဖြေနေရလို့ နည်းနည်းနောက်ကျသွားတာ ခွင့်လွှတ်ပါ။ နေတောင် နည်းနည်းပူလာပြီ”

 

“ကျွန်တော်တို့အဖို့ ဒီလောက် နေကလေးက အေးအေးဆေးဆေးပါ။ အဘကိုသာ နေပူမှာစိုးတာပါ”

ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့ပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားချစ်ကြည်မှုပင် ဖြစ်ပါသည်။

 

“ကဲ ဒီစပါးပျိုးပင် ပျိုးထောင်တာတော့ ဦးကြီးတို့ကို ကျွန်တော်တို့ ရှင်းလည်းပြ၊ လက်တွေ့လည်း ပြပြီးသားပါ။ ဒီစိုက်ခင်းရှင် ဦးကြင်စိန်က ဆင်းသုခ စပါးမျိုး စိုက်ချင်တယ်ဆိုတာကြောင့် ဆင်းသုခစပါးမျိုးပဲ ပျိုးထားတာပါ။ ဒါနဲ့ ဦးလေးကြင်စိန် ပျိုးသက် ဘယ်လောက် ရှိသွားပြီလဲ”

 

တိုင်းစိုက်ပျိုးရေးဦးစီးမှူးက စပါး ပျိုးဗန်းကိုကိုင်၍ ရှင်းပြရင်း စပါး စိုက်ခင်းပိုင်ရှင် ဦးကြင်စိန်ကို မေးလိုက် ခြင်းဖြစ်သည်။

 

“အရင်လ ၂၃ ရက်နေ့ကစပြီး ပျိုးတာ ဆိုတော့ ဒီနေ့ပျိုးသက် ၁၄ ရက်ပြည့်ပြီ ဆရာရေ”

 

“ဟုတ်ပါပြီ။ စပါးကို ကျွန်တော်တို့ ကောက်စိုက်စက်နဲ့ စိုက်မယ်ဆိုရင် ပျိုးသက် ၁၄ ရက်ကနေ ၁၆ ရက်ကြား စိုက်ရင် အကောင်းဆုံးပါပဲ။ တစ်ရက်၊ နှစ်ရက် ကျော်သွားရင်ရပေမယ့် ပျိုး သက်ရက် ၂၀ ထက်ကျော်ရင် မကောင်းပါ ဘူး။ ကျွန်တော်တို့ ဒီကောက်စိုက်စက်နဲ့ စိုက်ရင် တန်းကြား ရှစ်လက်မနဲ့ ပင် ကြား ခြောက်လက်မရှိပြီး တစ်ဧကကို ကောက်ကွက် တစ်သိန်းနှစ်သောင်းရှိမှာ ဖြစ်တာကြောင့် စပါးအထွက်နှုန်းလည်း ကောင်းမယ်။ တန်းကြား ရှစ်လက်မ ဖြစ်တာကြောင့် ပေါင်းလိုက်ရတာ၊ တမန်းနှိုးရတာ လွယ်ကူတဲ့အပြင် စပါးပင်ကြား လေဝင်လေထွက်လည်း ကောင်းတာကြောင့် အထွက်နှုန်းကောင်း မှာ သေချာပါတယ်”

 

နေပြည်တော်တိုင်း စက်မှုလယ်ယာ ဦးစီးမှူးကလည်း ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမှု၏ ကောင်းခြင်းငါးဖြာကို ရှင်းပြနေသဖြင့် သူ့စကားကို စိတ်ဝင် တစားနားထောင်သူက နားထောင်နေပြီး ကောက်စိုက်စက်မှ အတန်းလိုက် စိုက်သွားသည်ကို စိတ်ဝင်တစား ကြည့်သူက ကြည့်နေကြသည်။

 

“ခင်ဗျားတို့ ဒီကောက်စိုက်စက်နဲ့ စိုက်ရင် တစ်ဧကကို ဘယ်လောက်ကြာမလဲ။ တစ်နေ့ ဘယ်နှဧကပြီးမှာလဲ”

 

ခမောက်ဆောင်းထားသည့် ဦးကြီးက ကောက်စိုက်စက်၏စွမ်းရည်ကို အချိန် ဖြင့် နှိုင်းဆနေပုံရသည်။

 

“ဒီကောက်စိုက်စက်နဲ့ စိုက်ရင် တစ်ဧကကို တစ်နာရီသာသာ ကြာပါ တယ်ခင်ဗျ။ တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီမှာ ခြောက်ဧကတော့ ပြီးအောင် စိုက်ပေးနိုင်ပါတယ်”

 

“အေး ဒါဆိုရင်တော့ ဟန်ကျသကွ။ လူနဲ့ဆိုရင် တစ်ဧကကို ၁၀ ယောက် စိုက်တာတောင် တစ်မွန်းတည့်မှပြီးတာ။ ဖိုးကြင်စိန် ကောက်စိုက်စက်ခ တစ်ဧက ဘယ်လောက်ပေးရသလဲ”

 

ခမောက်ဆောင်းဦးကြီးက စက်၏ စွမ်းရည်ကို တွက်ချက်ပြီး စက်ခကို မေးလိုက်ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ ကောက်စိုက်စက်ခက တစ်ဧက ကျပ် ၃၆၀၀၀ ပါခင်ဗျာ။ စက်သုံးဆီ ဈေးနှုန်းကျတာနဲ့အမျှ တောင်သူဦးကြီးတွေ စိုက်စရိတ် သက်သာအောင် လျှော့ပေးဖို့၊ ညှိနှိုင်း ပေးဖို့ ရှိပါတယ်။ လောလောဆယ်တော့ ဒီနှုန်းအတိုင်းပဲ ဆောင်ရွက်ပေးပါတယ် ခင်ဗျ”

 

စက်မှုလယ်ယာဦးစီးဌာန ပျဉ်းမနား ထွန်စက်စခန်းမှူးက ဝင်ရောက်ဖြေကြား ပေးခြင်းဖြစ်သည်။

 

“အေး... ကောက်စိုက်စက်ခကလည်း ကောက်စိုက်သမတွေ စိုက်တာနဲ့စာရင် သက်သာတယ်။ ကောက်စိုက်သမတွေ တစ်ယောက် ကျပ် ၅၀၀၀ နဲ့ ၁၀ ယောက်ပေးရတာ တစ်ဧကအတွက် ကျပ် ၅၀၀၀၀ ကျနေပြီလေ။ ကောက်စိုက် စက်က တန်းကြားပင်ကြားလည်းညီ၊ ကောက်ကွက်လည်းပြည့်၊ ကောက်စိုက်ခ လည်း သက်သာတော့ ငါတော့ ကြိုက်သွားပြီဟေ့။ စက်လိုချင်ရင် ဘယ်လိုဆက်သွယ်ရမလဲသာပြော။ ဖုန်း ဘယ်ကိုဆက်ရမလဲ ပြောထားဦး”

 

“ကျွန်တော်တို့ စက်မှုလယ်ယာဦးစီး ဌာနက လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော်တို့ ဖုန်းနံပါတ်တွေကိုလည်း ရွာကအုပ်ကြီးတွေဆီမှာ ပေးထား ပါတယ်ခင်ဗျ။ ဦးကြီးတို့ တိုက်ရိုက် ဆက်ချင်ရင်လည်း ဒါကျွန်တော့် ဖုန်းနံပါတ် ကတ်ပြားလေးပါဗျ။ အချိန် မရွေးဆက်လို့ရပါတယ်”

 

မြို့နယ်ထွန်စက်စခန်းမှူးက သူ့ဖုန်း နံပါတ်မှတ်ထားသည့် ကတ်ပြားလေးကို အနီးရှိ ဦးကြီးများအား ဝေပေးလိုက်သည်။

 

“ဒီမှာအဘ။ ကျွန်တော့်လယ်က အခုအချိန်အထိ ရေကောင်းကောင်းမရလို့ ဘာမှမလုပ်ရသေးဘူး။ ဟောဒီမှာ ကျွန်တော် ဓာတ်ပုံရိုက်ပြီးယူခဲ့တယ်။ သူများလယ်တွေ ထွန်ယက်ပြီးလို့ စိုက်နေကြပြီ။ ကျွန်တော့်လယ်က ဒီလို ဖြစ်နေတာ။ ဆည်ရေသောက်ပေမယ့် မြောင်းဖျားဖြစ်နေတာကြောင့် အခုအချိန် အထိ ရေမရောက်သေးတာ”

 

နောက်နားမှ တောင်သူဦးကြီး တစ်ယောက်က လူအုပ်ရှေ့သို့တိုးလာပြီး သူ့ဖုန်းထဲမှ ဓာတ်ပုံကို ကျွန်တော့်အားပြ၍ ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော်က သူပြလာသည့် ဖုန်းမှ ဓာတ်ပုံကို ကြည့်လိုက်သည့်အခါ လယ်ကွက်မှာ တကယ်ပင် ခြောက်သွေ့နေသည်။

 

ကျွန်တော်က ကျွန်တော့်အဖွဲ့တွင်ပါလာသည့် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကို မေးဆတ်၍ ပုံကိုပြလိုက်သည်။

 

“ဒီဦးကြီးလယ်က ငလိုက်ဆည်ရေသောက် မြောင်းမကြီး၊ လက်တံ(၅)မြောင်း၊ လက်တံခွဲ(၉)(ဒီအို-၄) ဘက် ဟုတ်တယ်မဟုတ်လား။ မင်းတို့ ရေ ဘယ်တော့စပြီးပေးမလဲ”

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးကြီးအမေးကို ဖြေရင်း သူ့လက်အောက်မှ ယင်းမြောင်းဘက် တာဝန်ကျသည့် လက်ထောက်အင်ဂျင် နီယာအား မေးလိုက်ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ ဒီနေ့မနက် စပြီး ရေပေးထားတယ်။ မြောင်းဖျားဖြစ်တာရယ်၊ လယ်ကြားမြောင်းတွေက ချုံနွယ်တွေနဲ့ ပိတ်နေတာရယ်ကြောင့် ရေမရောက်သေးတာနေမှာ၊ အဲဒီချုံတွေ၊ မြက်တွေ ရှင်းလိုက်ရင်တော့ ညနေ လောက်တော့ ရေရောက်နိုင်ပါတယ်”

 

လက်ထောက် အင်ဂျင်နီယာက ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။

 

“ကဲ ဦးကြီးရေ ခင်ဗျားကြားတဲ့အတိုင်းပဲ။ ရေကတော့ လွှတ်လိုက်ပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက မိုးခေါင်တာရယ်၊ လယ်ကြားမြောင်းတွေက ချုံတွေ၊ မြက်တွေနဲ့ပိတ်ပြီး ရေစီးရေလာမကောင်း တာရယ်ကြောင့် ဒီမနက် အဲဒီဘက်ကို လွှတ်ပေးပေမယ့် ခင်ဗျားလယ်ကွက်ထဲ ရေမရောက်သေးတာ။ ညနေကျရင် ရောက်၊ မရောက် ကျွန်တော့်ဆီ သတင်းပို့ပါ။ ကျွန်တော်တို့ ဖြစ်အောင်လုပ် ပေးပါ့မယ်”

ကျွန်တော့်စကားကြောင့် ရေလိုနေသည့် တောင်သူဦးကြီး ကျေနပ်သွားပုံရသည်။ မျက်နှာက ပြုံးရွှင်သွားသည်။ ကျွန်တော် အပတ်စဉ် ခရီးထွက်၍ တောင်သူဦးကြီးများနှင့် တွေ့ဆုံနေခြင်းက သည်ရည်ရွယ်ချက်က အဓိကဖြစ်ပါ သည်။ သူတို့၏ လိုအပ်ချက်ကို ယခုလို ကြားနာခွင့်ရလို၊ ဖြည့်ဆည်းပေးလို၍ တောင်သူများနှင့် အပတ်စဉ်တွေ့နိုင်ရန် ခရီးထွက်လာခြင်း ကိုက ကျွန်တော်၏ အဓိကရည်ရွယ်ချက် နှင့် ဆန္ဒပါ။

 

ဘစ်အမ်

 

ဘစ်အမ်စိုက်ပျိုးခင်းက အမြန်လမ်းဘေး ၂၀၁ မိုင်၌ တည်ရှိသည်။ ဈေးကွက်ဝင် ရာသီသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း၊ နေကြာ၊ ပဲပုပ်၊ ပီလောပီနံ၊ ကျွဲကောသီး၊ ထောပတ်သီး၊ နဂါးမောက်သီး၊ မျိုးစေ့များ၊ ပျိုးပင်များ၊ ပန်းအလှပင်များ ရောင်းချသည့်ဆိုင် ဖြစ်သည်။ အမြန်လမ်း ၁၉၅ မိုင်၏ အနောက်ဘက်တွင်ကား ဧက ၁၀၀ ခန့်ကို ဘစ်အမ်အဖွဲ့က ကျွဲကောသီး၊ ထောပတ်သီး၊ လောင်ဂန်သီးနှင့် ထိုင်းအုန်းချိုပင်များကို တောင်ကုန်း တောင်ကြောများတွင် မြေအနိမ့်အမြင့် အလိုက် စိုက်ပျိုးထားသည်။

 

“ကျွန်မတို့က ရတဲ့မြေပေါ်မှာ သီးပင် စားပင်တွေကို မြေအနေအထားအလိုက် စိုက်ပျိုးပြသထားတာပါ။ အဓိကကတော့ ဒီအနီးအနားရွာတွေမှာနေတဲ့ ရွာသူ ရွာသားတွေလည်း အလုပ်ရစေချင်တယ်။ စိုက်ပျိုးနည်းတွေ သိစေချင်တယ်။ တောင်ကုန်းပေါ်မှာ ရေမရလို့ဆိုပြီး ဘာမှမစိုက်တော့ မြေအလဟဿ ဖြစ်တာပေါ့။ ကျွန်မတို့ မြန်မာပြည်ကို ၁၉၉၅ ခုနှစ်ကတည်းက ရောက်တာ။ ရောက်စတုန်းက ပြင်ဦးလွင် ပိုးစာခြံမှာ ပိုးစာပင်စိုက်တာ။ ကော်ဖီတို့ ဘာတို့လည်း စိုက်တယ်။ သုံးနှစ်လောက်ကြာ တော့ ဒီပျဉ်းမနားဘက်ရောက်လာတော့ ဒီက ရာသီဥတုလည်းကောင်းတယ်။ ဒါကြောင့် ဒီမှာ မြေလွတ်မြေလပ် လျှောက်ပြီး သရက်၊ ပိန္နဲ၊ ကျွဲကော၊ ဒူးရင်း၊ ဩဇာ၊ အုန်းချိုမွှေး၊ လောင်ဂန် စိုက်ကြည့်တယ်။ ဒီကမြေအများကြီး ကောင်းတယ်။ ဘာစိုက်စိုက်ဖြစ်တယ်။ ဆရာအခုမြင်တဲ့အတိုင်း တောင်ပေါ်နဲ့ တောင်စောင်းတွေမှာ စိုက်တာ။ အဲဒီ ချိုင့်တွေမှာ ရေစုထားပြီး အပေါ်ကို ရေ တင်၊ အပင်တွေကို ရေပိုက်နဲ့ အစက်ချ စနစ်(Drip System)နဲ့ ရေပေးတယ်။ ဒီစနစ်က ရေအလေအလွင့်သက်သာတဲ့ အပြင် အပင်ကိုလည်း လုံလုံလောက် လောက်ပေးနိုင်တဲ့အတွက် အကျိုးရှိပါ တယ်။ ဒီရေပိုက်ကလည်း စနစ်တကျ သုံးရင် ၁၀ နှစ်၊ ၁၅ နှစ်တော့ သုံးလို့ရတယ်”

 

ထိုင်းနိုင်ငံသူ ဒေါ်စုနန္ဒာက သူတို့ ခြံကိုလိုက်၍ပြသရင်း ကျွန်တော့်ကို ရှင်းပြနေခြင်းဖြစ်သည်။

 

“ခြံမှာ အလုပ်သမား ဘယ်နှယောက် ရှိသလဲ”

 

“ရွာသား ၅၀ လောက် မိုးရော နွေပါ အလုပ်ပေးထားတယ်”

 

“အေးကောင်းတယ်။ အကျိုးအမြတ် ရော ဘယ်လိုလဲ”

 

“ဟာ အဘကလည်း အကျိုးအမြတ်ရှိလို့ ထိုင်းနိုင်ငံတောင် မပြန်နိုင်ဘဲ ဒီမှာဆက်ပြီးလုပ်နေတာပေါ့”

 

ကျွန်တော်တို့အဖွဲ့ထဲမှ ကိုခင်ဇော်က ဖြတ်၍ပြောလိုက်ပြီး ဒေါ်စုနန္ဒာ ဘက်သို့ လှည့်၍မေးလိုက်သည်။

 

“ဟုတ်တယ်မဟုတ်လား အစ်မကြီး”

 

ဒေါ်စုနန္ဒာ ဘာမှမပြော။ ပြုံး၍သာ နေသည်။

 

“ကျွန်မတို့က ဒူးရင်း၊ မင်းကွတ်၊ ပိန္နဲနဲ့ ကျွဲကောမျိုးတွေ ယိုးဒယားက ယူလာပြီး စိုက်တာ။ ဒီမှာ မြေကောင်း တော့ မဖြစ်တာဆို ဘာမှမရှိဘူး။ အားလုံးဖြစ်တယ်။ ကောင်းလည်း ကောင်းတယ်။ ဒီလောင်ဂန်သီး စား ကြည့်လေ၊ ဘယ်လောက်ချိုသလဲ”

 

ဒေါ်စုနန္ဒာက အပင်မှ ဆွတ်လာသည့် လောင်ဂန်သီးခိုင် ကျွန်တော့ကို လှမ်းပြီး ပေးလာသည်။ ကျွန်တော် အသီးတစ်လုံး ဖြုတ်၍ အခွံခွာပြီး စားကြည့်သည်။ အတော်လေးချိုသည်။ မြန်မာ့မြေ၊ မြန်မာ့ရေကို ထိုင်းအမျိုးသားများပင် တန်ဖိုးထား၍ စိုက်ပျိုးနေကြပြီ။ ကျွန်တော်တို့ နိုင်ငံသားတွေ တန်ဖိုးထား အလုပ်လုပ်ကြရန်သာ လိုပါသည်။

 

တစ်နှစ်လျှင် နှစ်လခန့်

 

ကျွန်တော်တို့အဖွဲ့ ဘစ်အမ်၏ ၂ဝ၁ မိုင် စိုက်ပျိုးခင်းအရောင်းဆိုင်သို့ ရောက်သည့်အခါ ဘစ်အမ်ကုမ္ပဏီပိုင်ရှင် ဦးမင်္ဂလာက ဆီးကြိုသည်။ ဦးမင်္ဂလာရော ဒေါ်စုနန္ဒာပါ ထိုင်းအမျိုးသား၊ အမျိုးသမီးများဖြစ်သော်လည်း မြန်မာ့ရေ၊ မြန်မာ့မြေပေါ်တွင် သူတို့ပျော်နေကြသည်။ တစ်နှစ်လျှင် နှစ်လခန့်သာ အရောင်းအဝယ်ကိစ္စဖြင့် ထိုင်းသို့ ပြန်သည်ပြောသည်။ ကျန်သည့် ၁၀ လ မြန်မာနိုင်ငံတွင်သာ နေကြသည်။

 

“ဒီမှာသီးနှံလေးမျိုး ကျွန်တော်များများစိုက်ချင်တယ်။ တောင်သူတွေ ဝင်ငွေကောင်းစေချင်လို့ပါ။ ပြောင်းဖူးကတော့ အားလုံးလည်း အတော်လေး စိုက်နေကြပြီ။ အကျိုးအမြတ်လည်း ရတယ်ဆိုတာသိနေကြပြီ။ နှစ်သီးစိုက်လို့ ရတယ်။ မိုးမှာဆို မေ၊ ဇွန်မှာ စိုက်ပြီး အပင်သက်က ရက် ၁ဝဝ- ၁၂ဝ ရက်၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ သိမ်းရတယ်။ ဆောင်းမှာစိုက်ရတဲ့ ပြောင်းကတော့ အောက်တိုဘာ၊ နိုဝင်ဘာမှာ စိုက်ရပြီ၊ မတ်လ၊ ဧပြီလဆို သိမ်းရပြီ။ တစ်ဧကကို ပိဿာ ၂ဝဝဝ- ၂၅ဝဝ ရပါတယ်။ ပြန်ရောင်းရင် ပြောင်းဖူးစေ့ တစ်ပိဿာ ကို ကျပ် ၅ဝဝ ကနေ ၁ဝဝဝ အထိ ဈေးရတာကြောင့် ပြောင်းဖူးတစ်ဧက စိုက်ရင် ကျပ် သိန်း၂ဝ-၂၅ သိန်းဆိုတာ အနည်းဆုံးပဲ’’

 

ဦးမင်္ဂလာက ပြောင်းဖူးစိုက်ပျိုးမှု၏ အကျိုးကျေးဇူးကို ပြောနေခြင်း ဖြစ်ပါသည်။

 

“ ကျွန်တော်ကတော့ ပဲပုပ်စိုက်စေ ချင်တယ်။ ပဲပုပ်က ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်း ဆီထွက်တဲ့အပြင် တိရစ္ဆာန်အစာ၊ လူစာအဖြစ် သုံးနိုင် တယ်။ ပဲပုပ်မှာ မိုးစိုက်နဲ့ ဆောင်းစိုက် နှစ်မျိုးရှိတယ်။ မိုးစိုက်ကတော့ ပြောင်းဖူးလိုပဲ။ ဩဂုတ်လ၊ စက်တင်ဘာလမှာ စိုက်ပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလမှာ သိမ်းရမယ်။ ဆောင်းစိုက်ကတော့ အောက်တိုဘာလ၊ နိုဝင်ဘာလမှာစိုက်ပြီး မတ်လ၊ ဧပြီလမှာသိမ်းလို့ရပြီ။ ပဲပုပ် စိုက်ရင်တစ်ဧကကို ပိဿာ ၈ဝဝ-၁ဝဝဝ ထွက်ပြီး တစ်ပိဿာကို ကျပ် ၁၅ဝဝ ကနေ ၂ဝဝဝ အထိ ဈေးပေါက်တာကြောင့် ပဲပုပ်တစ်ဧက စိုက်ရင် ကျပ် ၁၅ သိန်းနဲ့ သိန်း ၂ဝကြား ရနိုင်တယ်။

 

နောက်နှစ်မျိုးကတော့ နေကြာနဲ့ ပီလောပီနံပဲ။ နေကြာစိုက်ရင်လည်း တစ်ဧကကို ပိဿာ ၃ဝဝ ကနေ ၃၅ဝ လောက်ရမယ်။ နေကြာကလည်း တစ်ပိဿာကို ကျပ် ၁၅ဝဝ ကနေ ၂ဝဝဝ ဈေးဝန်းကျင်ရှိတယ်။ ခင်ဗျားတို့ မစိုက်တတ်ရင်၊ မစိုက်ချင်ရင် ကျွန်တော်တို့ လိုက်ပြီးစိုက်ပေးမယ်။ စိုက်ခ၊ လုပ်အားခပဲ ကျွန်တော်တို့ယူမယ်။ ခင်ဗျားတို့မြေတွေ နှမြောလွန်းလို့ပါ”

 

ကျွန်တော်တို့ မြန်မာ့မြေကို နှမြောသော ဦးမင်္ဂလာသည် အသက် (၇၈) နှစ် ခန့်ရှိပြီ။ သို့သော် ဦးမင်္ဂလာ မလျှော့။ မြန်မာ့မြေပေါ်တွင် သီးနှံအမျိုးမျိုး စိုက်ပျိုးပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်နေသည်။ ကမ္ဘာ့ပြည်သူများအတွက် လိုအပ်သည့်စားနပ်ရိက္ခာကို သူစွမ်းသမျှ ဖြည့်ဆည်းပေးနေသည်။ လေးစား အားကျစရာပါ။

 

ဘစ်အမ်မှ ဖောင်းလောင်ဆည်သို့ အသွားလမ်းတွင် ကျွန်တော် စဉ်းစားနေမိ သည်။ ကျွန်တော်တို့ဆီက လူငယ်တွေ ကိုယ့်မိဘလက်ငုတ်လက်ရင်း လယ်တွေ ယာတွေကိုပစ်ပြီး ထိုင်းတို့၊ မလေးရှားတို့မှာ သူများခိုင်းသည့်အလုပ်ကို အောက်ကျခံပြီး သွားလုပ်နေကြသည်။ လူငယ်တွေ မျိုးဆက်သစ်တွေ မလုပ်သည့် ကျွန်တော်တို့ လယ်တွေယာတွေကို ဦးမင်္ဂလာတို့၊ ဒေါ်စုနန္ဒာတို့ လာလုပ်ပြီး စီးပွား ဖြစ်ထွန်းနေကြသည်။ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေ သတိမူစေချင်ပါသည်။

 

mdn

 

“ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ကန်၊ ရေတံခါး ၁၉၉ ခုနဲ့ မြစ်ရေတင် လုပ်ငန်း ၂၁ဝ၊ စုစုပေါင်း ရေအား အဆောက်အအုံ ၈၇ဝ ရှိပြီး ရေပေးဝေ နိုင်တဲ့ စိစစ်ဧကပေါင်း ၃၁ သိန်းခန့် ရှိပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာတော့ ရေလှောင် တမံ ၁၂ ခု၊ ရေလွှဲဆည် ၁၂ ခု၊ ကန်ရှစ်ကန် နဲ့ ရေဘေးကာကွယ်ရေးတာငါးခု စုစု ပေါင်း ရေအားအဆောက်အအုံ ၃၇ ခုရှိပါ တယ်။ ရေပေးဝေနိုင်တဲ့ စိစစ်ဧကပေါင်း ၉၈၃၁၂ ဧကနဲ့ ရေဘေးကာကွယ်ရေး ဧရိယာ ၁၂၅၁၇ ဧက ရှိပါတယ်”

ဖောင်းလောင် ရေလှောင်တမံ ရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က မြေပုံကားချပ်များဖြင့် ကျွန်တော်တို့ အဖွဲ့ကို ရှင်းပြနေခြင်းဖြစ်သည်။ ဖောင်းလောင် ရေလှောင်တမံသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် မီးလောင် ကုန်းကျေးရွာအနီး၌ တည်ရှိပြီး ဖောင်းလောင်ချောင်းပေါ်တွင် အလျား ၉၂၅ ပေ၊ အမြင့် ၆၅ ပေနှင့် ရေလှောင် ပမာဏ ၁၂၂၅၇ ဧက သိုလှောင်နိုင်သည့် မြေသားတမံအမျိုးအစား ဖြစ်သည်။ ဆည်ရေသောက်ဧရိယာ ဧက ၄ဝဝ ခန့် ရေပေးဝေနိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

“ဒီနှစ် ၂ဝ၂၁-၂ဝ၂၂ ခုနှစ်မှာ မိုးစပါး ၆၉၁၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး ၂၅၈၃၈ ဧကနဲ့ နွေသီးနှံဧက ၃၂၇ဝ စုစုပေါင်း ၂၉၁ဝ၈ ဧက စိုက်ပျိုးဖို့ လျာထားရာမှာ နွေစပါး ၂၇၇၉၇ ဧကနဲ့ နွေသီးနှံ ၂၃၅၈ ဧက စုစုပေါင်း ၃ဝ၁၅၅ ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ရာသီဥတု ထူးကဲစွာ ပြောင်းလဲလာကာ မိုးရွာသွန်းမှုနည်းတာ ကြောင့် ဆည်ရေရဲ့ ရေပေးဝေမှုကဏ္ဍဟာ အထူးအရေးပါလာပြီး ရေသုံးစွဲမှုကို စနစ်တကျ သုံးစွဲအောင် ပညာပေးဆောင် ရွက်မှုတွေ လုပ်လာရပါတယ်။ အထူး သဖြင့် ရေသုံးစွဲသူများအဖွဲ့ (Water User Group- WUG)နဲ့ ရေသုံးစွဲသူများ အသင်း(Water User Association-WUA)တွေ ဖွဲ့စည်းပြီး ရေကိုစနစ်တကျ သုံးစွဲဖို့နဲ့ ရေပေးမြောင်းတွေ၊ လက်တံ မြောင်းတွေမှာ ချုံနွယ်တွေ ရှင်းလင်းဖို့နဲ့ ရေယိုပေါက်တွေမရှိအောင် တားဆီး ကြဖို့ ကျွန်တော်တို့ ဆည်မြောင်းဝန်ထမ်း တွေက ရေသုံးစွဲတဲ့ တောင်သူလယ် သမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျွန်တော်တို့အား ရှင်းပြ နေစဉ်မှာပင် သူ့ခါးတွင် ချိတ်ထားသည့် ဖုန်းမြည်လာ၍ ကျွန်တော်က ပြောရန် ခေါင်းညိတ်၍ ခွင့်ပြုလိုက်သည်။

 

“အဘ စောစောတုန်းက မဲဒီးရွာမှာ သူ့လယ်ရေမရလို့ပြောတဲ့ ကိုကျော်ငြိမ်း ဖုန်းဆက်လာတာ။ အခုတင် သူ့လယ်ထဲ ရေရောက်လာလို့ ဖုန်းပြန်ပြီး ဆက်လိုက်တာတဲ့။ အဘကိုလည်း သတင်းပို့လိုက်ပါတဲ့။ ဗိုက်ဘာမှာလည်း ဓာတ်ပုံပို့ထားပါတယ်တဲ့”

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၏ မျက်နှာဝိုင်းဝိုင်းကြီးက ဝမ်းသာပြုံးဖြင့် ရွှင်မြူးနေပါသည်။ သူ၏အပြုံးနှင့် ဝမ်းသာစိတ်က ကျွန်တော့်ကိုလည်း ကူးစက်လာပြီး ဝမ်းသာကြည်နူးစေပါသည်။

 

ရုံးပိတ်ရက် စနေနေ့။ ကျွန်တော်တို့ အပင်ပန်းခံ၍ ထွက်လာခဲ့သည့် “တဲကြီး ကုန်း၊ မဲဒီး၊ ဘစ်အမ်မှသည် ဖောင်းလောင်ဆီသို့” ခရီးစဉ်သည် ကျွန်တော်တို့ တောင်သူတွေ ပြုံးပျော်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်မဟုတ် ပါလား။