ရန်ကုန်  မေ  ၁၅

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တဘူးလှဆည်မှ နွေစပါးစိုက်ပျိုးသော တိုက်ကြီးမြိုနယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ နွေစပါးစီစစ်ဧက ၃၀၀၀၀ ကျော်တွင် စိုက်ပျိုးသော ဧက ၂၆၅၅၃ ကို အောင်ရေပြည့်မီစွာ ပို့လွှတ်နိုင်ခဲ့သောကြောင့် ယခုနှစ် နွေစပါးစိုက် တောင်သူတို့ အထွက်နှုန်းကောင်းပြီး အဆင်ပြေခဲ့ကြောင်း သိရသည်။
    
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ တဘူးလှဆည်မှ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ် အတွင်းရှိ စီစစ်နွေစပါး စိုက်ဧက ၃၀၀၀၀  ကျော်တွင် ဧက၂၆၅၅၃ကို စိုက်ပျိုးနိုင်ခဲ့ပြီး မှော်ဘီမြို့နယ်ရှိ နွေစပါးဧက ၃၀၀ ကိုလည်း ပေးဝေနိုင်ခဲ့သည်။
   
နွေစပါးအတွက် ၂၀၂၁-ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ တဘူးလှဆည်မှ ရေပို့လွှတ်ခဲ့၍ ဧပြီလပထမပတ်တွင် နွေစပါးကို စတင်ရိတ်သိမ်းခဲ့ရာ မေ ၁ ရက်တွင် ဆည်ရေ ပို့လွှတ်မှုကို ထိန်းခဲ့သည်။ အောင်ရေပြည့်မီစွာ ပို့လွှတ်နိုင်သောကြောင့် နွေစပါး တစ်ဧကလျင် တင်း ၉၀ မှ ၁၀၀ ကြား ထွက်ရှိခဲ့သည် ။ 

“တဘူးလှဆည်အနေနဲ့ နှစ်စဉ်နွေစပါး လျာထားတဲ့အတိုင်း ရေပို့လွှတ်ပေးခဲ့ပါတယ်။ ဒီနှစ်နွေးစပါး စီစစ်ဧက ၃၀၀၀၀ ကျော်မှာဧက ၂၆၅၅၃ စိုက်နိုင်ခဲ့ပြီး အောင်ရေ ပို့လွှတ်နိုင်ခဲ့တဲ့အပြင် ဒီနှစ်နွေစပါးစိုက်တဲ့ မှော်ဘီမြို့နယ်ကဧက ၃၀၀ ကိုလည်း ပို့လွှတ်နိုင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ တိုးချဲ့စိုက်ပျိုးမှုအပေါ် မူတည်ပြီး ရေပို့လွှတ်ဖို့ ကြိုးစားသွားမှာပါ။ ပြီးတော့နွေစပါးအပြင် နေကြာဧက ၄၀၀၀ ကျော်ကို တိုက်ကြီး မြို့နယ်မှာ စိုက်ပျိုးမှာဖြစ်တဲ့အတွက် တဘူးလှဆည် အနေနဲ့ ဆည်ရေကိုပြည့်မီစွာ ပို့လွှတ်ဖို့ရှိပါတယ်။ ဒီနွေစပါးမှာလည်း တောင်သူတွေ အဆင်ပြေတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်”ဟုတိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း ကပြောသည်။
    
၂၀၂၃-ခုနှစ်၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီတွင် နေကြာစိုက်ခင်း ဧက ၄၀၀၀ ကျော်အတွက် ဆည်ရေပို့လွှတ်မှုဖြင့် ရိုးချောင်းများကိုပိတ်၍ စိုက်ပျိုးသွားမည်ဖြစ်ပြီး နွေစပါးအပြင် ဆီထွက်သီးနှံကို တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

တဘူးလှဆည်ကို ၁၉၉၅-ခုနှစ်၊ မေ ၂၇ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ် အတွင်းရှိ လယ်မြေဧရိယာ ဧက ၅၂၀၀၀ အတွက် စိုက်ပျိုးရေများ ပေးဝေနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည်။ ယခု မေလ ပထမပတ်တွင် ဆည်အတွင်း၌ ၁၅ ပေကျော် ရေကျန်ရှိ၍ မိုးရာသီကာလ၌ ၁၉၅ ပေကျော်အထိ ရေဝင်ရောက်လျက်ရှိပြီး ရေထုတ်ပြွန်အလျား ပေ ၆၀၀ မှ (၆x၄)ပေ ရေထုတ်ပြွန်သုံးခုဖြင့် ဆည်ရေသောက်ဧရိယာ ဧက ၅၂၀၀၀ သို့ ပို့လွှတ်နိုင်လျက် ရှိကြောင်း သိရသည်။ 

ဓာတ်ပုံ-ကနူး

ညိမ်းသူ(သတင်းစဉ်)