သရက် ၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (National Enectrificption Project- NEP) စီမံကိန်း ICB-3 ဖြင့် တစ်အိမ်သုံး ဆိုလာစနစ် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာများတွင် ဆိုလာမီးသုံးစွဲခြင်း အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ပေကုတင်ကျေးရွာ၌ ယမန်နေ့ နေ့လည်ကကွင်းဆင်း၍ ဟောပြော ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက NEP စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) ဖြင့် တစ်အိမ်သုံးဆိုလာစနစ်ဆောင်ရွက် သည့် ပေကုတင်ကျေးရွာရှိ ဆိုလာသုံးစွဲသော ပြည်သူများအား ဆိုလာမီးသုံးစွဲခြင်းနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ ရှင်းလင်းဟောပြောခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများကို အများပြည်သူ မြင်သာသော နေရာများတွင် ချိတ်ဆွဲခြင်းများ ဆောင်ရွက်ခဲ့သည်။
ပေကုတင်ကျေးရွာတွင် NEP စီမံကိန်းဖြင့် ကျေးရွာရှိ အိမ်ခြေ (၁၁၂) အိမ်ရှိသည့်အနက် (၅၆) အိမ်ကို တစ်အိမ်သုံး ဝပ်(၆၀) ဆိုလာ(၅၄)လုံး၊ ဝပ်(၁၀ဝ)ဆိုလာ (၂) လုံးနှင့် လမ်းမီးတိုင်(၇) တိုင်၊ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်း၊ ဘာသာရေးအဆောက်အဦတစ်ခုတို့တွင် အိမ်သုံးဆိုလာ ပြားများ၊ ဘတ္ထရီနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)


