တစ်စုတစ်စည်း အကိုးအကားပြုနိုင်ရေးအတွက် ခေတ်သစ်မြန်မာစာပေသမိုင်း

 

အင်းဝခေတ်ကို သတိုးမင်းဖျား အင်းဝရွှေနန်းတော်ကိုတည်ထောင်သည့် သက္ကရာဇ် ၇၂၆ ခုနှစ်မှစ၍ အင်းဝပျက်သည့် သက္ကရာဇ် ၉၀၀ ခန့် ကာလအတွင်းဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ထားသည်။ အင်းဝခေတ်ကောင်းစဉ်ကာလတွင် စစ်မက်ကင်းဝေးကာ  သာယာဝပြောသည့်အလျောက်   စာပေထွန်းကားသည့် ကာလဖြစ်ပြီး  ပေရွက်ပေါ်တွင်  ကညစ်ဖြင့် စာရေးသည့်ခေတ် ဖြစ်ပေါ်လာခဲ့သည်ဟု အဆိုရှိသည်။ အင်းဝခေတ်တွင် ရဟန်း စာဆို၊ လူစာဆိုတို့ရေးသားသည့် ပျို့၊ လင်္ကာ၊ ဧချင်း၊ မော်ကွန်း၊ ရတု၊ တောလား၊  မေတ္တာစာ၊  ဝတ္ထု  စသည်ဖြင့်  ပုံစံအမျိုးမျိုးသော  စာပေများ ပေါ်ပေါက်လာခဲ့ရာ မြန်မာစာပေအဆင့်အတန်း  အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဘုရင်ကိုယ်တိုင်က စာပေကို အလေးထားကာ စာဆိုတို့ကို ချီးမြှောက်ခဲ့ခြင်းကြောင့် နန်းတွင်းအမျိုးသမီးစာဆိုများပင် ပေါ်ထွန်းလာခဲ့ပြီး  အင်းဝခေတ်၏ ပျို့ကဗျာများကို ကျော်လွန်ရေးဖွဲ့နိုင်သည့်စာပေ ယနေ့ထက်တိုင် မပေါ်ပေါက်သေးဟူ၍လည်း ပညာရှင်များက အကဲဖြတ် ကြသည်။

 

မြန်မာစာပေအဆင့်အတန်း မြင့်မားခဲ့သည့် အင်းဝခေတ်တွင် ပေါ်ပေါက်ခဲ့သော ရဟန်းစာဆိုများ အနက် ရှင်မဟာရဋ္ဌသာရသည် မြန်မာစာပေသမိုင်းတွင် ထင်ရှားသော ပျို့၊ မော်ကွန်းများ စီကုံးရေးဖွဲ့ကာ တံခွန်စိုက်ထူခဲ့သော ပညာရှင်တစ်ဆူဖြစ်တော်မူသည်။ သက္ကရာဇ် ၈၃၀ ပြည့်နှစ်တွင် အင်းဝရွှေမြို့တော်ကြီး၏အလယ်တွင် ဖွားမြင်တော်မူခဲ့ပြီး သက္ကရာဇ် ၈၉၂ ခုနှစ်တွင် တစ်ဘဝခန္ဓာဝန်ချတော်မူခဲ့သော ရှင်မဟာရဋ္ဌသာရ ဆရာတော်ကြီး၏ မွေးနေ့သည် ယခုနှစ်တွင် ၅၅၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ လောကီရေးရာ၊ လောကုတ္တရာရေးရာ နှစ်ဖြာသောအကျိုးတို့ကို ဆောင်ရွက်တော်မူခဲ့သည့် ဆရာတော်ကြီး၏ စာပေဂုဏ် ကျေးဇူးတို့ကို အထူးအောက်မေ့လျက် “စာဆိုတော်ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကို နေပြည်တော်၌ စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ စာတမ်း ဖတ်ပွဲတွင် စာတမ်းသုံးစောင်ကို ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုတေးဂီတ ကဇာတ်တစ်ပုဒ်ကိုလည်း ဖျော်ဖြေတင်ဆက် ဂါရဝပြု ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၅၅၅ နှစ်အတွင်း ဆရာတော်ကြီး၏ ပထမဆုံးနှင့် အထူးခြားဆုံးမွေးနေ့အထိမ်းအမှတ် အခမ်းအနား ဟု ဆိုနိုင်သည်။

 

အင်းဝခေတ်တွင် “ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတ္တံ့၊ ကူးလည်းကူးလတ္တံ့၊ မြူးလည်းမြူးလတ္တံ့။ ဟူသော တဘောင်စကားအရ စာပေကျမ်းဂန်တတ်ကျွမ်းသည့် ရှင်လေးပါးဖြစ်သော ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသ၊ ရှင်အုန်းညိုနှင့် ရှင်ခေမာတို့ နေ့ရက်နှင့် နာရီမျှသာခြားကာ ပေါ်ထွန်းခဲ့သည်။ ရှင်မဟာသီလဝံသသည် အင်းဝနန်းတွင်း၌ ရှင်မဟာရဋ္ဌသာရနှင့်အပြိုင် ပျို့၊ လင်္ကာစာပေများ သီကုံးရေးဖွဲ့ခဲ့သည့် ဆရာတော်ကြီးဖြစ်ပြီး ရှင်အုန်းညို၏ ဂါထာခြောက်ဆယပျို့မှာလည်း မြန်မာစာပေသမိုင်းတွင် ထင်ရှားသည်။ မြန်မာ စာပေသည် ရဟန်းပညာရှိ၊ လူအမျိုးသားပညာရှိ၊ လူအမျိုးသမီးပညာရှိတို့၏ စာပေပုံသဏ္ဌာန်အမျိုးမျိုး စီကုံးရေးဖွဲ့မှုများဖြင့် ခေတ် အဆက်ဆက်တွင် ဖွံ့ဖြိုးခဲ့ရာ ပုဂံခေတ်မှစတင်ခဲ့သည့် မြန်မာစာပေသမိုင်းကို ကိုလိုနီခေတ်ဦး ကာလအထိ ဆရာကြီး ဦးဖေမောင်တင်က ရေးသားပြုစုခဲ့သည်။

 

၂၀ ရာစုခေတ်ဦး ခေတ်စမ်းစာပေခေတ်မှစကာ မျက်မှောက်ကာလ၏သမိုင်းကို တစ်စုတစ်စည်းတည်း အကိုးအကားပြုနိုင်ရန်အတွက် မှတ်တမ်းတင်နိုင်ရန်မှာ ရာစုနှစ် တစ်ခုစာမျှ ကြာမြင့်လာပြီဖြစ်သည့်အလျောက် ခေတ်သစ်မြန်မာစာပေ သမိုင်း တစ်စောင်ပေါ်ထွန်းလာရေး ဆက်လက်ပြုစုဆောင်ရွက်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း