၁၅   ဒီဇင်ဘာ

 

ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀ဝ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာသည်။

 

ထိုသို့ ဒေါ်လာဈေး ပြန်လည်မြင့်တက်လာခြင်းမှာ COVID 19 ရောဂါ ကာကွယ်ဆေး ပေါ်ပေါက်လာ သောကြောင့် အမေရိကန်စီးပွားရေး ပြန်လည်နာလန်ထူလာသည့်အပြင် ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာ့ ကုန်သွယ်ရေးမှာလည်း ပြန်လည်နာလန်ထူလာခြင်း၊ ကုန်သည်များမှ ဒေါ်လာပြန်ဝယ်ခြင်း စသည် တို့ကြောင့်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က ပြောသည်။

 

"အမေရိကန်မှာ ဆေးတွေ စထိုးပြီလေ၊ ဆေးတွေ စထိုးတော့ အခြေအနေကောင်းပြီး စီးပွားရေး ပြန်လည်နာလန်ထူတော့မယ်၊ ဆိုတော့ အဲဒီဂယက်ကြောင့် တိုးတာများပါတယ်၊ နောက်တစ်ချက်က လည်း ဖြစ်နိုင်ချေပေါ့လေ၊ အခုကမ္ဘာမှာလည်း ဆေးကဖြန့်လာပြီဆိုတော့ ဒီပြင် ဆေးသစ်တွေက လည်းဝင်လာ တော့မှာဆိုတော့ ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့ကုန်သွယ်ရေးတွေက ပြန်ပြီးတော့ နာလန်ထူတော့မှာ၊ နောက်ပြီး ကြည့်ရတာ ကုန်သည်တွေက ဒေါ်လာတွေ ပြန်ဝယ်စုပြီထင်တယ်၊ အရင်တုန်းက ထုတ်ရောင်းတာ၊ အဲဒီလက္ခဏာနှစ်ခုတော့ ဖြစ်နိုင်ချေရှိတယ်၊ ဒေါ်လာဈေးတက်တဲ့ အကြောင်းအရင်းပေါ့"ဟု ဦးသန်းလွင် က ပြောသည်။

 

ဒီဇင်ဘာ ၁ ရက်က ငွေကြေးဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁,၃၂၄ ဒေါ်လာရှိသော်လည်း  ဒီဇင်ဘာ ၁၅ ရက်တွင်  တစ်ဒေါ်လာလျှင် ကျပ် ၁၄၀ဝ ဝန်းကျင်အထိ ရက်ပိုင်းအတွင်း ကျပ် ၇၀ ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ဒေါ်လာတန်ဖိုး မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်းလေလံ ဈေး ကွက်ဖြင့် ဒီဇင်ဘာ ၁၄ ရက်က ဒေါ်လာသုံးသန်း စတင်ထုတ် ရောင်းပေးခဲ့သည်။

 

"ဒေါ်လာဈေးက သိပ်အတက်ကြမ်းရင်လည်း မကောင်းဘူး၊ သိပ်ပြီးတော့ ကျသွားရင်လည်း မကောင်းဘူး၊ ဒီ ဒေါ်လာဈေးကိုထိန်းဖို့က ဗဟိုဘဏ်မှာ တာဝန်ရှိတယ်၊ ဒါ့ကြောင့် သူလည်း အရောင်အဝယ် လုပ်ပေးနေတာပေါ့၊ ဝယ်လိုက်ရောင်းလိုက်နဲ့ဆိုတော့၊ အဲတော့ ခုန တစ်ဒေါ်လာ ၁၄၀ဝ တက်လာရင်တော့ ပို့ကုန်လုပ်ငန်းအတွက်တော့ ကောင်းတာပေါ့၊ အခုလောလောဆယ် ကမ္ဘာမှာရော ဆန်ဈေးတွေ တက်နေတာဘဲ၊ ဒါဆိုတော့ သူ့အတွက်ကတော့ ပိုတောင် အမြတ်များအုံးမယ်၊ ဒါပေမယ့် တခြားပို့ကုန်တွေလည်း ရှိသေးတယ်၊ ပဲတို့ နှမ်းတို့ ဒါတွေ စသည်ဖြင့် အဲဒီအတွက် ကောင်းတာပေါ့၊ ဒါသည် တောင်သူလယ်သမားတွေအတွက် ပို့ကုန်လယ်ယာထွက်ကုန်လေးတွေ ဈေးကောင်းကောင်း ရနိုင်တယ်"ဟု ဦးသန်းလွင် က ဆက်ပြောသည်။

 

ပြည်တွင်းငွေကြေးဈေးကွက်၌  ယခုနှစ်လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆ -၁၄၆၅ ကျပ်၊မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ဇွန်တွင် ၁၃၈၅- ၁၄၁၂ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၀ ကျပ်၊သြဂုတ်တွင် ၁၃၃၅- ၁၃၉၀ ကျပ်၊ စက်တင်ဘာတွင် ၁၃၁၀- ၁၃၅၅ ကျပ်၊ အောက်တိုဘာတွင် ၁၂၈၂- ၁၃၁၅ ကျပ်နှင့်နိုဝင်ဘာတွင် ၁၃၀၃- ၁၃၃၀ ကျပ်တို့ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ခြောက်လအတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊သြဂုတ်တွင် ၁၅၁၀ -၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်နှင့်ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ် ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ပြည်တွင်းငွေကြေးဈေးကွက်၌ ဖြစ်ပေါ်ခဲ့သော စံချိန်တင် နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၆၅၀ ဖြစ်ပေါ်ခဲ့သည်။

 

ငြိမ်းငြိမ်း(နယူးလိုက်)