၁၃ မေ
လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကဆိုရင် အမေရိကန်ဘက်ကရော တရုတ်နိုင်ငံဘက်ကပါ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီမှု ရရှိတော့မယ်လို့ ယူဆခဲ့ကြပါတယ်။ အခုအခါမှာတော့ နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းသူတွေဟာ သူတို့လပေါင်းများစွာ အချိန်ယူဆွေးနွေးခဲ့ကြတဲ့ ကြိုးပမ်းမှုတွေ ပျောက်ပျက်မသွားအောင် ကြိုးစားနေကြရပါတယ်။
တုံ့ပြန်သွားမယ်
တရုတ်နိုင်ငံ စီးပွားရေးမူဝါဒရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ် လျူဟီဟာ ဝါရှင်တန်မှာ နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ထရမ့်က တရုတ်နိုင်ငံဟာ ပြီးပြီးသား ကုန်သွယ်ရေးစာချုပ်ကို အသစ်ပြန်လည်ညှိနှိုင်းဖို့ လုပ်နေကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီးတော့ အခွန်စည်းကြပ်မှုတွေ ထပ်မံပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ တရုတ်အရာရှိ တွေကလည်း ဘယ်အရာကိုလို့တိတိကျကျမဖော်ပြဘဲ အမေရိကန်ဘက်က အခွန်စည်းကြပ်မှု ထပ်မံပြုလုပ်ခဲ့ရင် သူတို့ဘက်ကလည်း တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွား ရေးအင်အားကြီး နိုင်ငံနှစ်ခုကြား ဒီလိုမျိုးသဘောထား တင်းမာမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို အထိနာစေပြီး ကမ္ဘာ့စီးပွားရေး အလာအလာကိုလည်း မှောင်ရိပ်ဖုံးလွှမ်း သွားနိုင်ပါတယ်။
အမေရိကန်ရဲ့စီးပွားရေးရိုက်ခတ်လာနိုင်
တရုတ်နိုင်ငံဘက်ကတော့ သူတို့ဘက်က ကတိပျက်တာ မျိုးမရှိဘူးလို့ ငြင်းထားပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က စီးပွား ရေးညှိနှိုင်းမှုတွေမှာဆိုရင် တရုတ်နိုင်ငံဘက်က ရိုးသားမှု၊ သဘောထားကြီးမှုတွေကိုအထင်းသား တွေ့ မြင်နိုင်တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုဆိုတာ အတွေးအမြင် ဖလှယ်ခြင်း၊ ပြဿနာဖြေရှင်းခြင်းနဲ့ နောက်ဆုံးမှ အများသဘောဆန္ဒကို ရရှိခြင်းတို့ပဲဖြစ်တယ်၊ နှစ်ဖက်စလုံးမှာ မတူညီတဲ့ အမြင်တွေရှိနေတာကတော့ ပုံမှန်ပါပဲလို့ ၄င်းက ဆက်ပြောပါတယ်။ တရုတ်နိုင်ငံဘက်မှာ ရွေးစရာတွေ ရှိပါတယ်။ တကယ်လို့များ သမ္မတထရမ့်ဟာ ခြိမ်းခြောက်မှုတွေနဲ့ပဲ ဆက်သွားမယ်ဆိုရင် အခွန်စည်းကြပ်မှုတွေရဲ့ နောက်မှာ အမေရိကန်ရဲ့ စီးပွားရေးကို ရိုက်ခတ်လာစေနိုင်ပါတယ်။
နှစ်ဖက်စလုံးကို အထိနာစေ
တရုတ်နိုင်ငံဘက်ကလည်း လျင်လျင်မြန်မြန်ပဲ လက်တုံ့ ပြန်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ အမေရိကန်-တရုတ် စီးပွားရေးကောင်စီမှ ပေကျင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဂျိတ်ပါ ကာက ပြောပါတယ်။ အမေရိကန်-တရုတ် စီးပွားရေးကောင်စီဟာ တရုတ်နိုင်ငံမှာ စီးပွားရေးလာလုပ်ကြတဲ့ အမေရိကန် ကုမ္ပဏီပေါင်း ၂၀ဝ ကျော်ကို ကိုယ်စားပြုပါတယ်။ အကောက်ခွန်မှာ စေ့စေ့စပ်စပ် စစ်ဆေးတာတွေ တိုးမြှင့်လာနိုင်တယ်လို့ အဖွဲ့ဝင်ကုမ္ပဏီတွေကို သတိပေးထားပါတယ်လို့ ၄င်းက ဆက်ပြောပါတယ်။ အခုအချိန်ထိတိုင်အောင် တရုတ်နိုင်ငံရဲ့ ရွေးချယ်မှုတွေဟာ ထိခိုက်မှုတွေရှိပြီး အမေရိကန်ရဲ့ စီးပွားရေးကို အထိနာစေသလို တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုလည်း အထိနာစေပါလိမ့်မယ်။
ခွန်စည်းကြပ်မှုတိုးမြှင့်
အမေရိကန်သမ္မတထရမ့်ကတော့ မေ ၁၀ ရက်မှာ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံတန် တရုတ်ကုန်ပစ္စည်း တွေအပေါ်မှာ အခွန်စည်းကြပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အရင် ၁၀ ရာခိုင်နှုန်းကနေ အခု ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နျူချင် ကတော့ တကယ်လို့များ တရုတ်နိုင်ငံဘက်ကနေ ကတိကဝတ်တွေကို ပြန်လည်ထိန်းသိမ်းမယ်ဆိုရင် အခွန်စည်းကြပ်မှုကို ပြန်လည်စဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မေ ၁၁ ရက်မှာတော့ အမေရိကန်ဒေါ်လာ ၃၀ဝ ဘီလီယံ ခန့် တန်ဖိုးရှိ နောက်ထပ် တရုတ်သွင်းကုန်ပစ္စည်း များအားလုံးအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ကောက်ခံဖို့ တာဝန်ရှိသူတွေကို သမ္မတ ထရမ့်က ညွှန်ကြားခဲ့ပါတယ်။
ပြန်လည်ဝယ်ယူ
အပြန်အလှန် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဆောင်းဦးတုန်းက အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှု လုပ်ခဲ့တာထက် ပမာဏ ပိုများလာမှာပါ။ အမေရိကန်ဘက်က ၁၀ရာခိုင်နှုန်းအခွန်စည်းကြပ်မှု ပြုလုပ်ခဲ့တဲ့အခါ တရုတ်နိုင်ငံဘက်ကလည်း ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင် နှုန်းအထိ အခွန်စည်းကြပ်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် တစ်နှစ်အတွင်းမှာ ၆၀ ဘီလီယံအထိ အခွန်စည်းကြပ်မှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်ကို ထောက်ခံခဲ့တဲ့ ပြည်နယ်တွေမှာ သွင်းကုန်အတားအဆီးတွေ ပြန်လည်ရှင်သန်လာ နိုင်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာလည်း ကုန်သွယ်ရေးစာချုပ်မှာ တိုးတက်မှုတွေ ရှိလာစေဖို့ အမေရိကန်ပဲတွေကို တရုတ်နိုင်ငံဘက်က ပြန်လည်ဝယ်ယူခဲ့ပါတယ်။ အမေရိကန်ဘက်က ပဲတွေ ကို လွန်ခဲ့တဲ့ နွေရာသီကစလို့ တရုတ်ဘက်က အဝယ်ရပ်ထားခဲ့တာပါ။
မဆွဲဆောင်နိုင်
အမေရိကန်လုပ် ကားတွေ၊ အားကစားပစ္စည်းတွေကို ပြီးခဲ့တဲ့နွေရာသီကစလို့ အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခဲ့တာကိုလည်း တရုတ်နိုင်ငံဘက်က ဖယ်ရှားပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ အတွက်ကတော့ အပြန်အလှန်အခွန်စည်းကြပ်မှု ပြဿနာဟာ အလျှော့ပေးရုံမျှနဲ့တော့ အမေရိကန်ကို မဆွဲဆောင်နိုင်ပါဘူး။ တရုတ်နိုင်ငံမှာ စီးပွားရေးမျိုးစုံရှိပေမယ့် အမေရိကန် အပါအဝင် နိုင်ငံရပ်ခြားကို ကုန်ပစ္စည်းတွေ တင်ပို့တာက အဓိကပါပဲ။ တရုတ်နိုင်ငံဘက်က အခွန်စည်းကြပ်မှုကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ အထိနာပေမယ့် အမေရိကန်အပေါ် စီးပွားရေးအရ အကျိုးသက်ရောက်မှုကတော့ အကန့်အသတ်နဲ့ ရှိပါတယ်။ အခွန်စည်းကြပ်လိုက်တဲ့အတွက် ဝယ်ယူသူတွေဟာ ပိုက်ဆံအနည်းငယ်သာ ပိုပေးရတဲ့အတွက် အမေရိကန် ဝယ်သူတွေဟာ ဈေးနှုန်းပြောင်းလဲမှုကို သတိမထားမိကြပါဘူး။
အဟန့်အတားဖြစ်လာနိုင်
တရုတ်နိုင်ငံအတွက် နောက်ထပ်ရွေးချယ်မှုကတော့ အမေရိကန်ကုန်ပစ္စည်းတွေကို တရုတ်ပြည်သူတွေ မဝယ်ယူကြဖို့ တိုက်တွန်းဖို့ပါပဲ။ တကယ်လို့များ အဲ့ဒီလှုံ့ဆော်မှုဟာ အမေရိကန် ဆန့်ကျင်မှုအဖြစ် ပြောင်းလဲသွားမယ်ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲ သဘောတူညီမှုအတွက် ကြိုးပမ်းမှုမှာ အဟန့်အတားတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်ဝယ်သူတွေရဲ့ ရွေးချယ်မှုကို ကန့်သတ်လိုက်သလို ဖြစ်တာမို့ ဝယ်သူတွေကိုလည်း အထိနာစေပါတယ်။ အမေရိကန်ကား ကုမ္ပဏီတွေ၊ အိုင်ဖုန်းကုမ္ပဏီတို့မှာ လုပ်ကိုင်ကြတဲ့ တရုတ်အလုပ်သမားတွေ အတွက်လည်း အထိနာစေမှာပါ။ တရုတ်နိုင်ငံဘက်က အမေရိကန်ကို ကုန်သွယ်ရေးမှာ လက်တုံ့ပြန်ချင်တယ်ဆိုရင် နည်းလမ်းတွေများပေမယ့် နည်းလမ်းတိုင်းမှာ အားနည်းချက် တွေကလည်း ရှိနေပြန်ပါတယ်။
ကင်းလွတ်ခွင့်တောင်းဆို
အမေရိကန်ဘက်က ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ လက်စသတ်နိုင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို တရုတ်နိုင်ငံက ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့်မို့လည်း အမေရိကန်ကုမ္ပဏီ အများစုဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် ထရမ့်အစိုးရရဲ့ အခွန်စည်းကြပ်မှုကို ကင်းလွတ်ခွင့်ပေးဖို့ ကုန်သွယ်ရေး အရာရှိတွေထံ တောင်းဆိုကြပါတယ်။ သူတို့ဟာ ဒီကုန်ပစ္စည်းတွေအပေါ်မှာ မှီခိုနေရတယ်လို့ အကြောင်းပြကြပါတယ်။
အမြန်အဖြေရှာဖို့လို
မကြာသေးမီအချိန်ကတော့ ကုန်သွယ်ရေး စစ်ပွဲ အဆုံးသတ်နိုင်တော့မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခြေအနေ ကတစ်မျိုးပြောင်းသွားပြန်ပါပြီ။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကတော့ ကမ္ဘာ့စီးပွားရေးအတွက် ခြိမ်းခြောက်မှု တစ်ခုလို့ ပြောပါတယ်။ ရှည်ကြာလှတဲ့ ကုန်သွယ်ရေးစစ်ပွဲ အတွင်းမှာ လူတိုင်းဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုလည်း လှုပ်ကိုင်နိုင်ပြီး အမြန်ပဲအဖြေရှာကြဖို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကတိုက်တွန်းခဲ့ပါတယ်။
ကိုးကား - နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး