တစ်ကျော့ပြန်ဆန္ဒပြပွဲတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာရပြန်တဲ့ အီရတ်

၂၇   အောက်တိုဘာ

အီရတ်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပတ်အကျော်က ရပ်တန့်ထားတဲ့ ဆန္ဒပြပွဲတွေပြန်လည်ပေါ်ပေါက်လာပြန်ပါပြီ။ အောက်တိုဘာ ၂၅ ရက်မှာတော့ အီရတ်ဆန္ဒပြသူတွေဟာလမ်းမတွေပေါ် ပြန်ထွက်လာပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကြောင့် သေဆုံးသူ အရေအတွက်ကတော့ တစ်နိုင်ငံလုံးအနှံ့  ၁၅၀ နီးပါးရှိပါတယ်။ ခြောက်ရက်ကြာဆန္ဒပြပွဲအတွင်းမှာ လူပေါင်း  ၅၀၀ဝ ခန့်ဒဏ်ရာရရှိခဲ့ပါတယ်။

တရားစွဲဆိုသွားမယ်

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေကြောင့် သေဆုံးသူအရေအတွက် များပြားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရအပေါ်မကျေနပ်မှုတွေ ပိုမိုများပြားလာခဲ့ရတာပါ။ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အီရတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့မှ အရာရှိတွေကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ ဒီအရာရှိတွေဟာ ဆန္ဒပြသူတွေကိုပစ်ခတ်ဖို့ အမိန့်ပေးသူတွေလို့ စွပ်စွဲထားကြပါတယ်။ ပစ်ခတ်မှုတွေ ကြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ တပ်မှူးတွေကိုတော့ ရာထူးကနေဖယ်ရှားတာမျိုး ပြုလုပ်ခဲ့ပါတယ်။ အစိုးရကတော့ ပြည်သူတွေ စိတ်ကျေနပ်မှု ရရှိစေဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဒေါသကိုဖြေဖျောက်နိုင်ပါ့မလား

အလုပ်သစ်တွေဖန်တီးပေးတာမျိုး၊ အိမ်ရာသစ်တွေ ဖန်တီးပေးတာမျိုး ပြုလုပ်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ပြည်သူတွေရဲ့ဒေါသကို ဖြေဖျောက်နိုင်ပါ့မလား။ အီရတ်ပြည်သူတွေကတော့ နိုင်ငံအတွင်း အကျင့်ပျက် ခြစားမှုတွေ၊ အလုပ်လက်မဲ့ပြဿနာ၊ အခြေခံပြည်သူ့ ဝန်ဆောင်မှုစနစ်တွေ မရှိတာကြောင့် အစိုးရကို မကျေနပ်ကြပါဘူး။ ဒါကြောင့်လည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ရတာပါ။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ အတားအဆီးတွေကို ဖယ်ရှားလိုက်ပြီး အစိမ်းရောင်နယ်မြေအတွင်းကို ချင်းနင်းဝင် ရောက်လာကြပါတယ်။ ဆန္ဒပြသူတွေ နောက်ပြန်ဆုတ်သွားဖို့အရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အစိမ်းရောင်နယ်မြေ

အစိမ်းရောင်နယ်မြေဆိုတာကတော့ အစိုးရရုံးတွေ၊ ဝန်ကြီးချုပ်နေအိမ်၊ ပါလီမန်နဲ့ သံရုံးတွေ တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းရောင်နယ်မြေဟာ အရေးပါလှတဲ့ နယ်မြေဆိုလည်း မမှားပါဘူး။ အစိမ်းရောင်နယ်မြေဟာ မြို့တော်ဘဂ္ဂဒက်အလယ်မှာရှိပြီး ၂၀၀၃ခုနှစ် အီရတ်ကို အမေရိကန်တွေ ဝင်ရောက်ခဲ့တဲ့အခါမှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ဖန်တီးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ အဲဒီနေရာကို အခွင့်ထူးတွေရထားတဲ့ နေရာတစ်ခုလို့ အီရတ်ပြည်သူတွေက မြင်ပါတယ်။ ဘာလို့လဲဆိုရင် အဲဒီနေရာဟာ ဘဂ္ဂဒက် မြို့တစ်မြို့လုံးမှာ အကောင်းဆုံးလုံခြုံရေးနဲ့ ကောင်းမွန်လှတဲ့ ပြည်သူ့ဝန်ဆောင်မှုစနစ်တွေ ရှိလို့ပါပဲ။ အဲဒီရက်မတိုင်ခင် အောက်တို ဘာ ၂၄ ရက် ညနေခင်းမှာတော့ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေရဲ့ ပြတင်းပေါက်တွေ ချိုးဖျက်ခံရပါတယ်။ ငွေကြေးလဲလှယ်ရေးဆိုင်တွေလည်း ပိတ်ထားရပါတယ်။ အဲဒီညတစ်ညလုံး ဆန္ဒပြသူတွေဟာ တက်ဟီရာရင်ပြင်မှာ လူစုဝေးကြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာလည်း အစိမ်းရောင်နယ်မြေ ဆီသို့သွားရာ တံတားနှစ်စင်းကို ပိတ်ပစ်လိုက် ရပါတယ်။

ပြည်တွင်းပြဿနာတွေနဲ့ ရင်ဆိုင်နေရ

မျှော်လင့်ချက်ကြီးကြီး ထားခဲ့ကြတဲ့ဆန္ဒပြသူတွေဟာ ယခုတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းကနဲ့ မတူတော့ပါဘူး။ အရင်ကထက်ပိုပြီး လူအုပ်ကြီးကြီးလာသလို ဒေါသတွေလည်း ပိုကြီးလာပါတယ်။ အီရတ်မှာ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးတဲ့နောက်ပိုင်း ယခုတစ်ကြိမ်ဆန္ဒပြပွဲဟာ အဆိုးရွားဆုံးလို့ ပြောရမှာပါပဲ။ ဆိုးရွားပြင်းထန်လှတဲ့ ပြည်တွင်းပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာတော့ အီရတ်ဝန်ကြီးချုပ် အဒီအဗ္ဗဒူမာဒီလည်း ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မလဲဆိုတာကို ပြောပြခဲ့ပါတယ်။ ဆင်းရဲသားတွေအတွက် အိမ်ရာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ခြစားမှုတိုက်ဖျက်မယ်

နောက်ပြီး လာမယ့်သီတင်းပတ်အတွင်းမှာ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲပြုလုပ်ပြီး ဝန်ကြီးတွေဟာလည်း အရည်အချင်းပြည့်၀ပြီး အမှီအခိုကင်းရမယ်၊ အမျိုးသမီးနဲ့လူငယ်တွေကိုလည်း ပိုပြီးနေရာပေးသွားမယ်လို့ ရုပ်သံကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အီရတ်ပြည်သူတွေရဲ့ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ သူပေးခဲ့တဲ့ ကတိတွေထဲမှာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့အတွက် အထူးတရားရုံးကိုလည်း ဖော်ဆောင်သွားမယ်ဆိုတဲ့အချက်လည်း ပါပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေဟာ အီရတ်တပ်ဖွဲ့နဲ့အတူ အလုပ်လုပ်ကိုင်ပြီး အခုဆိုရင်ပါလီမန်မှာနေရာ ရလာပါတယ်။

ကတိတွေဖြည့်ဆည်းပေးမှာလား

ပြည်သူ့စစ်အဖွဲ့နဲ့ အီရတ်တပ်ဖွဲ့ကိုခွဲခြားဖို့အရေးအပါအဝင် အဆင့်မြင့်အရာရှိကြီးများရဲ့ လစာကို လျှော့ချပေးဖို့ အစရှိတဲ့ ခက်ခဲတဲ့ကိစ္စရပ်တွေကို ဖြေရှင်းပေးသွားဖို့လည်း ကတိပြုခဲ့ပါတယ်။ မစ္စတာမာဒီကတော့ အရင်တုန်းကလည်း ပြောင်းလဲမှုတွေပြုလုပ်မယ်ဆိုတဲ့ ကတိပေးခဲ့ဖူးပါတယ်။ အခုလည်းကတိ အသစ်တွေ တသီတတန်းကြီးပေးပြန်တော့ ဒီကတိတွေကို သူတကယ်ပဲဖြည့်ဆည်းပေးမှာလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ အတိတ်ကာလတုန်းကတော့ သူဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အခုတစ်ကြိမ်ကတော့ အရင်တုန်းကနဲ့မတူပါဘူး။ ဝန်ကြီးချုပ်အပေါ်မှာလည်း ဖိအားတွေအများကြီးနဲ့ပါပဲ။ တကယ်လို့များ ပြည်သူလူထုက အစိုးရကိုမကျေနပ်နိုင်ဘူးဆိုရင် အစိုးရပြုတ်ကျသွားနိုင်ပြီး အီရတ် နိုင်ငံဟာလည်း ပရမ်းပတာ အခြေအနေမျိုးအတွင်း တစ်ဖန်သက်ဆင်းသွားနိုင်ပါတယ်။

အချိန်ယူရဦးမည်

ဝန်ကြီးချုပ် မာဒီကတော့ ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးရုံမျှနဲ့ သူ့မှာဘာမှဆုံးရှုံး သွားဖွယ်ရာမရှိပါဘူး။ နိုင်ငံရေးသမားတွေ သတိမပြုမိတဲ့စနစ်မှာ ကျွန်တော်တို့တစ်တွေ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်တယ်။ ဒါပေမယ့် ပြည်သူတွေကတော့ ဒါကိုသတိပြုမိတယ်။ ဒါကြောင့်လည်း လှုပ်ရှားမှုတွေ ပေါ်ပေါက်လာရတာပဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်အနေနဲ့ လူထုရဲ့ ယုံကြည်မှုကို ပြန်ရဖို့ဆိုရင်တော့ အချိန်တွေအများကြီးယူရဦးမှာပါ။ အခုတစ်ကြိမ်မှာ ပြည်သူတွေဟာ တရားဝင် တောင်းဆိုမှုတွေနဲ့အတူ လမ်းမပေါ်ထွက်လာကြတယ်။ ဆန္ဒပြသူတွေရဲ့ဆန္ဒနဲ့ လိုက်ညှိဖို့ အတွက်ကတော့ နောက်ကျလွန်းနေပါပြီ။ ဒါပေမယ့် သူတို့ဘာလိုချင်နေတာလဲဆိုတာကို ကောင်းကောင်းနားလည်ရင်တော့ လမ်းမပေါ်ထွက် ဆန္ဒပြတာကို ရပ်တန့်လိမ့်မယ်လို့ အတ္တလန္တိတ်ကောင်စီက အဖွဲ့ဝင်လူကြီး တစ်ဦးဖြစ်တဲ့ အဘတ်စ်ကတ်ဒ်ဟင်းက ပြောပါတယ်။

အင်တာနက်မဖြတ်တောက်

အီရတ်မှာဒီလိုမျိုးဆန္ဒပြပွဲတွေ ပြင်းထန်နေပေမယ့် အင်တာနက် ပြတ်‌တောက်သွားတာမျိုးတော့ မရှိပါဘူး။ ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း သူတို့ဆီကို အင်တာနက်ပိတ်လိုက်ဖို့ ညွှန်ကြားချက်တွေ ရောက်လာတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ အချင်းချင်း ဆက်သွယ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတုန်းက အခြေအနေတွေနဲ့ ကွာခြားတာပါပဲ။ အဲဒီတုန်းကဆိုရင် အစိုးရဟာ အင်တာနက်ကို ဖြတ်တောက်လိုက်ပါတယ်။ နောက်ပိုင်းမှာ ပြန်ပေးခဲ့ပေမယ့် အကန့်အသတ်နဲ့သာ ဆိုရှယ်မီဒီယာကို ပြန်သုံးလို့ရခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကတိတွေနဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေဟာ ပြည်သူတွေကို စိတ်ကျေနပ်မှုဖြစ်စေရင် ဆန္ဒပြပွဲတွေ ချုပ်ငြိမ်းသွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဆန္ဒပြပွဲတွေအပြီး မသတ်နိုင်ဘူးဆိုရင် နိုင်ငံရေးဖရိုဖရဲ အခြေအနေတစ်ခုအတွင်း ဆင်းသက်သွားနိုင်ပါတယ်။

ခြူးစန္ဒီနွေး

ကိုးကား -စီအင်န်အင်န်၊ နယူးယောက်တိုင်းမ်