တစ်ခေတ်ဆန်းလာသော ရန်ကုန်ရေကြောင်းကဏ္ဍ

mdn

မြို့တော် ရန်ကုန်၌ နေ့စဉ်သွားလာလှုပ်ရှားနေကြသော ရန်ကုန်လူထု၏ သွားလာရေးကို YBS က အဓိက တာဝန်ယူထားသည်။ YBS ခရီးသည်တင်ယာဉ်အစီးရေက များပြားလာမှုကြောင့် ယာဉ်ပေါ်တွင် ယခင်ကကဲ့သို့ ကျပ်သိပ်တိုးဝှေ့ခြင်းမျိုးကို ရှောင်ရှားနိုင်ပြီး ချောင်ချောင်ချိချိ တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်ပြီဖြစ်သည်။ သို့သော် ယာဉ်ကြောပိတ်ဆို့မှုက ရန်ကုန်သူ ရန်ကုန်သားတို့ သွားလာရေးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်ကတော့ အမှန်ပင်။ ထို့အတူ မြို့ပတ်ရထားတည်းဟူသော မီးရထား ခရီးစဉ်များကလည်း ရန်ကုန်မြို့အနှံ့ လွှမ်းခြုံနိုင်မှု မရှိသေးပေ။

 

ထို့ကြောင့်ပင် ရန်ကုန်သူ ရန်ကုန်သားတို့၏ ဆက်သွယ် သွားလာရေး အဆင်ပြေချောမွေ့ရန် တာဝန်ရှိသူတို့က တစ်ဖက်တစ်လမ်းမှ စဉ်းစားခဲ့ကြသည်။ နည်းသစ်လမ်းသစ် တီထွင်ကြံဆခဲ့ကြသည်။ ပေါ်ပေါက်လာသော စိတ်ကူးအကြံအစည်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းရှင်ကို တွေ့ရှိပြီးသည့် နောက်ပိုင်းတွင် ရန်ကုန် ခရီးသွားကဏ္ဍမှာ တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။ ယင်းကား မြစ်ချောင်းများဖြင့် ဝန်းရံလျက်ရှိသော ရန်ကုန် မြို့ပတ်လည်ကို ရေယာဉ်ဖြင့် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်ပင်ဖြစ်သည်။ အဆင့်ဆင့်ညှိနှိုင်း တိုင်ပင်ပြီးသည့်နောက် ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၆ ရက် တွင် မြစ်ချောင်းအသုံးချ ရန်ကုန်ခရီးသွား ကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့သည်။

 

စတင်ပြေးဆွဲစဉ်က အပျော်စီးအနေဖြင့် စီးနင်းခဲ့ကြရာမှ တစ်စထက်တစ်စ အောင်မြင်မှုရလာသော Yangon Water Bus အကြောင်းကို တင့်တင့်မြန်မာကုမ္ပဏီဥက္ကဋ္ဌ မတင့်တင့်လွင်အား တွံတေးတူးမြောင်း ခရီးစဉ်တစ်ခု၌ မေးမြန်းဖြစ်ခဲ့သည်။

 

Jetty တစ်ခုကနေ ခရီးသည်ထောင်ကျော်ရ Yangon Water Busက လောလောဆယ် ရေယာဉ် ၁၃ စင်းနဲ့ ပြေးဆွဲနေတယ်။ အောက်တိုဘာလက ဧပြီလအတွင်း အပျော်စီးပုံစံမျိုးဖြစ်ခဲ့တယ်။ အခုက ရေယာဉ်အစီး အားလုံး လိုင်စင်ရရှိပြီးဖြစ်တဲ့အတွက် မိနစ် ၂ဝ ကို တစ်ခေါက်နှုန်းနဲ့ ရေယာဉ်တွေ ထွက်ပေးတယ်။ ဒီ့အပြင် ကိုပဲ အရေးပေါ်ဖွင့်လှစ် လိုက်ရတဲ့ ဆိပ်ကမ်းလေးခု ရှိတယ်။ အဲဒါကတော့ သမ္မတ ဆိပ်ကမ်းရယ်၊ ဆာပါချောင်ရယ်၊ အံကြီးဆိပ်ရယ်၊ ဒလဘက်ရယ်၊ ဆိပ်ကြီး ခနောင်တိုရယ်ပေါ့နော်။ အဲဒီဘက်အခြမ်းက မြစ်ရေကြီး လာတာတွေရယ်၊ လှေသမ္ဗန်တွေနဲ့ သွားလာတာတွေရယ်က အန္တရာယ်ရှိတယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖနဲ့ ပြည်သူလူထုက တောင်းဆိုကြတယ်။ ကျွန်မတို့ရဲ့ စံချိန်စံညွှန်းအရဆိုရင် ဆိပ်ကမ်းဆောက်တဲ့ကာလက သုံးလလောက် ကြာမှာ။ သူတို့ အကုန်လုံးက တောင်းဆိုတဲ့အတွက် အရေးပေါ် စီမံချက်အနေနဲ့ လုပ်ပေးလိုက်တယ်။ ရှိပြီးသားဖြစ်တဲ့ ဆိပ်ကမ်းက Jetty တွေကို အမြန်ဆုံး ပြန်လည်ပြုပြင် ပြီးတော့ စံချိန်စံညွှန်းလေးတွေထည့်ပြီး စပြီးပြေးဆွဲတယ်။ အဲဒီလို ပြေးဆွဲတဲ့ အခါကျတော့ မိုးတွင်းကာလမှာ ခရီးသည်ပါးမယ်လို့ ထင်ခဲ့တာ၊ တစ်နေ့မှာ ဒီ Jetty တစ်ခုကနေ ခရီးသည် ထောင်ကျော်ရတယ်။

 

စဆွဲတုန်းက သင်္ဘောဆိုရင် သူတို့ကြောက်တယ်ဒီ Jetty လေးခုကို ခရီးတိုအနေနဲ့ ဆွဲပေးလိုက်တယ်။ ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ့နော်။ တစ်ခါတလေကျရင် ခေါက်ပြန်သွားတယ်။ ပန်းဆိုးတန်းတို့ ဗိုလ်တထောင်လမ်းသစ်နဲ့ ဟိုဘက်ကမ်းသုံးခုကိုပတ်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ပြေးဆွဲတဲ့ဟာမျိုးတွေ လုပ်ပေးလိုက်တဲ့အခါကျတော့ ခရီးသည် တွေရော ကျောင်းသားတွေရော အဆင်ပြေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မိုးတွင်းဘက်မှာ ကိုယ်မျှော်မှန်းထားတဲ့ ဝင်ငွေတစ်ခုကို ရရှိလာတယ်။ ဒီ့အပြင် အင်းစိန်၊ ဗိုလ်တ ထောင်ဆွဲနေတဲ့ အပိုင်းတွေ အကုန်လုံးကလည်း ပုံမှန်သွားနေတယ်။ အခု နောက်ပိုင်းမှာ ထူးခြားတာတစ်ခုက ပြည်သူတွေက ရေကို မကြောက်တော့ဘူး။ စစချင်း ဆွဲတဲ့အချိန်တုန်းက သင်္ဘောဆိုရင် သူတို့ကြောက်တယ်။ အခုနောက်ပိုင်း ကြောက်တယ်ဆိုတာ မရှိတဲ့အတွက် ခရီးသည်ပိုများလာတယ်။”

 

အားလုံးကလည်း အဘက်ဘက်က ကူညီပေးအပတ်စဉ် စနေ၊ တနင်္ဂနွေထွက်တဲ့ တွံတေးခရီးစဉ်တွေ နားထားရသော်ငြားလည်း ဒီဆိပ်ကမ်း လေးခုကြောင့်မို့လို့ စီးတဲ့ခရီးသည်ဦးရေနဲ့ ပြေးဆွဲတဲ့နှုန်းတွေများတဲ့အတွက် တချို့ ရေယာဉ်မှူးတွေ၊ ဝန်ထမ်းတွေဆိုရင် နားရက်တောင် တော်တော်လေး ခက်ခက်ခဲခဲ ရှာယူရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ သာမန်အားဖြင့် အပေါ်ယံ သုံးသပ်ရမယ်ဆိုရင် Water Bus က ထင်ထားတာထက် အခြေအနေပိုကောင်း လာတယ်။ ကျွန်မတို့အနေနဲ့ အရှုံးခံကာလ နှစ်နှစ်သတ်မှတ်ထားပေမယ့် အခု ၆ လ၊ ၇ လအတွင်းမှာပဲ မိမိငွေထဲက စိုက်ပြီး သုံးစရာမလိုဘဲ သူ့ဆီကရတဲ့ငွေနဲ့ လုပ်ငန်းတစ်ခုလုံးကို ပြန်ပြီး လည်ပတ်လို့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာပါပြီ။ လာမယ့် အောက်တိုဘာလမှာဆိုရင် ရန်ကုန် Water Bus ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆွဲနိုင်မှာပေါ့နော်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း သင်္ဘောစီးရေ ထပ်တိုးချဲ့ဖို့ ပြောပါတယ်။ အားလုံးကလည်း အဘက်ဘက်က ကူညီပေးတဲ့အတွက် ရန်ကုန် Water Bus ဟာ အဆင်ပြေနိုင်မယ်လို့ ပြောနိုင်ပါတယ်။”

 

လှေသမားဒေသခံတွေလည်း အဆင်ပြေလက်ရှိ တွံတေး၊ ကျောက်တန်း နောက်တစ်ခုက sunset သုံးခုဆွဲတဲ့အချိန်မှာ တွံတေး-ကျောက်တန်း ခရီးစဉ်တွေမှာ ပိုပြီးအောင်မြင်လာတယ်။ လက်မှတ်ဈေးနှုန်းက ငွေကျပ် ၆ဝဝဝ၊ ၇ဝဝဝ ဖြစ်တဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာအရ ကျွန်မတို့အတွက်လည်း အဆင်ပြေတယ်။ ခရီးသည်တွေဘက်ကလည်း တစ်ယောက်ကို ငွေကျပ် ၆ဝဝဝ နဲ့ ထမင်းလည်းစားရတယ်၊ ဘုရားလည်းဖူး ရတယ်ဆိုတော့ သူတို့အတွက်ကလည်း တန်တယ်လို့ ယူဆတယ်လေ။ လက်ရှိအခြေအနေအရ တွံတေးမှာ တိမ်မြုပ်နေတဲ့ အိုးလုပ်ငန်းတို့၊ ရက်ကန်းလုပ်ငန်းတို့လည်း ပြန်ပြီး ဦးမော့လာတယ်။ အပတ်စဉ်မှာ တစ်နေ့ကို လူ ၄ဝဝ ဆိုတော့ နှစ်ရက်မှာ လူ ၈ဝဝ လောက်က ရောက်တဲ့အတွက် ရက်ကန်းလုပ်ငန်းတွေ ပြန်ပြီး လည်ပတ်လာတယ်။ အိုးလုပ်ငန်းသမားတွေလည်း အဝယ်လိုက်လာတယ်ပေါ့နော်။ ခရီးသွားအနေနဲ့လည်း ပြည်တွင်းခရီး သွားလုပ်ငန်းပုံစံမျိုးနဲ့ အောင်မြင်လာတယ်။ ကျောက်တန်းမှာ ဘုရားနားထိ ကပ်လို့မရဘူး။ လှေသမားတွေနဲ့ ချိတ်ဆက်ထားတဲ့ အတွက် လှေသမားဒေသခံတွေအတွက်လည်း အဆင်ပြေတယ်။ ဘုရားဖူး တွေလည်း အဆင်ပြေတယ်။”

 

လေ့လာရေးတွေလုပ်နေတယ် ရှေ့လာမယ့်ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလလောက်မှာ ဧရာဝတီတိုင်းထဲက ညောင်ချောင်းသာတို့၊ ဇလွန်တို့ဘက်လည်း လေ့လာရေးတွေ လုပ်နေတယ်။ နေ့ချင်းပြန်ပုံစံမျိုးနဲ့ သွားနိုင်အောင်ပေါ့လေ။ အခုမိုးတွင်းဘက်မှာလည်း လေ့လာရေးတွေ လုပ်နေပါတယ်။ စီးမယ့်ဦးရေလည်း များလာမယ်လို့ မျှော်လင့်တယ်။ အခုဆိုရင် နိုင်ငံခြားသားဦးရေလည်း တော်တော်များလာပါတယ်။ အပတ်စဉ် ခရီးစဉ်တွေကတော့ အခုမိုးတွင်း ရေကြီးနေလို့ ခဏနားထားပြီး စက်တင်ဘာလကုန်မှာ ပြန်ဆွဲပါမယ်။”

 

ရန်ကုန်ခရီးသွားများ အဆင်ပြေရန် Water Bus မှာ ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။ ရန်ကုန် Water Bus ခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန်၊ ရန်ကုန်သူ ရန်ကုန်သားတို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြစ်ချောင်းများကို အခါမနှောင်းမီ ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အမေ့ခံသဘာဝအရင်းအမြစ်များဖြစ်သော မြစ်ချောင်းများကို ပြုပြင်ထိန်း သိမ်းမှုအားနည်းခဲ့သည်။ အသုံးချရန် နှောင့်နှေးခဲ့သည်။ အရင်ကသာမက ယခုအချိန်၌လည်း မြစ်ချောင်း၊ ပင်လယ်သမုဒ္ဒရာကို ကောင်းစွာ အသုံးချနိုင်သည့် နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးလျက်ရှိသည်ကို သတိမူသင့်ပါကြောင်း . . . ။

 

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)