နိုင်ဦး (DOCA)

တစ်နေ့က နေပြည်တော်ဟိုတယ်တစ်ခုမှာ ကျင်းပတဲ့အစည်း အဝေးတစ်ခုကို တက်ဖြစ်ပါသည်။ နာမည်ကြီးဟိုတယ်တစ်ခုပီပီ ဧည့်ဝတ်ကျေပွန်မှု၊ ဖော်ရွေမှု၊ စားသုံးသူများကို ဂရုစိုက်မှုများသည် အပြစ်ဆိုဖွယ်မရှိပေ။ သံပရာရည်ဖြင့် ဧည့်ခံသော အခါ ကျွန်တော်အမြဲတမ်း ကြုံတွေ့နေကျ၊ သုံးစွဲနေကျ အလေးချိန်ပေါ့ပါးသည့် တစ်ခါသုံး ပလတ်စတစ်ပိုက်မဟုတ်ဘဲ အလေးချိန်စီးသည့် ပိုက်တစ်ခုဖြစ်နေသည်ကို ထူးခြားစွာ ခံစားမိ၍ ဧည့်ခံနေသည့် ဝန်ထမ်းလေးကို မေးကြည့်ရာ ဝါးပိုက်ကလေးများဖြစ်ကြောင်း သိရသည်။ ဟိုတယ်မှ တာဝန်ရှိသူ၊ စီမံကွပ်ကဲသည့်သူများကို မလေးစားဘဲ မနေနိုင်ပေ။

သာမန်ပိုက်ကလေး သုံးစွဲမှုလေးများကိုပင် အသေးအဖွဲဟူ၍ သဘောမထားဘဲ အလေးအနက် စေတနာထားကာ ဆောင်ရွက်ပေးမှုကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ သာမန်အရည်များကို စုပ်ယူရန် ဈေးပေါပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် တစ်ခါသုံး ပလတ်စတစ်ပိုက်ကလေးနေရာတွင် ဈေးကြီးမည်၊ လုပ်ရမည်မှာ လက်ဝင်မည်၊ ဟိုတယ်၏ အမြတ်ငွေဆုံးရှုံးမည်ကိုသိလျက်နှင့် စားသုံးသူများကို စေတနာထား ဆောင်ရွက်ပေးသည့် အဆိုပါလုပ်ငန်းရှင်ကို ကျေးဇူးတင်မိသည်။ သာမန်တစ်ခါသုံး ပလတ်စတစ်ပိုက်ကလေးသည် သဘာဝမြေကြီးထဲတွင် ပျော်ဝင်ပျက်စီးရန် နှစ်ပေါင်းထောင်ချီ ကြာမြင့်နိုင်သည်။ ဝါးပိုက်ကလေးသည် သုံးလေးနှစ်အတွင်း သဘာဝမိခင် မြေကြီးကို အာဟာရပေးနိုင်သည်။ မစွန့်ပစ်ခင်ခွဲစိတ်၍ အသားကင်တံလေးအဖြစ် အသုံးပြုမလား၊ အလှဆင်ပစ္စည်းလေးအဖြစ်သုံးမလား၊ သန့်စင်၍ ခွဲစိတ်ကာ သွားကြားထိုးတံလေးအဖြစ် အသုံးတော်ခံမလား၊ ယုတ်စွအဆုံး မီးမွှေးသည့် ပစ္စည်းလေးအဖြစ်၊ ထင်းအဖြစ် သုံးမလား ရပေသည်။

တစ်ခါသုံးစွန့်ပစ်ပစ္စည်းတန်ချိန် ခြောက်သန်းကျော်စွန့်ပစ်

ကမ္ဘာကြီးတွင် နေ့တစ်နေ့ကုန်ဆုံးတိုင်း တစ်ခါသုံးစွန့်ပစ် ပစ္စည်းတန်ချိန် ခြောက်သန်းကျော် စွန့်ပစ်လျက်ရှိကြောင်း၊ ထိုအထဲမှ ၄၂ ရာခိုင်နှုန်းကျော်ကိုသာ ပြန်လည်သုံးစွဲကြပြီး ကျန်ရှိသည့် ၅၈ ရာခိုင်နှုန်းကျော်သည် မြေကြီးထဲသို့လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်းအိုင်များထဲသို့လည်းကောင်း မီးရှို့ဖျက်ဆီးသဖြင့် သဘာဝလေထုထဲသို့ အဆိပ်မီးခိုးများအဖြစ် လည်းကောင်း နေ့စဉ်ပျောက်ကွယ်သွား မည်မှာ သေချာလှပေသည်။ တစ်လ၊ တစ်နှစ်ဆိုပါက မည်မျှအထိ ဖြစ်မည်ကို တွေးမကြည့်ရဲပေ။

ယနေ့ခေတ်မှာအချိန်သည် ငွေဖြစ်နေသည်။ အချိန်ကိုလု၍ ကြိုးစား ဆောင်ရွက်နေကြသည်။ ထို့ကြောင့် စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများအတွက် အချိန်မပေးနိုင်ပေ။ ထိုအခါငွေနှင့်အချိန်ကို လဲလှယ်ကြရပြန်သည်။ ဤသို့ ခေတ်ကာလ ပြောင်းလဲလာမှု၊ စားဝတ်နေရေး ကိစ္စတွေ ပြောင်းလဲလာမှုကို တွေ့မြင်နေသော စီးပွားရေးသမားများသည် တစ်ခါသုံးပစ္စည်းများကို လှိုင်လှိုင်ထုတ်လုပ် ရောင်းချလာကြသည်။ မျှော်လင့်သည့်အတိုင်း တွင်တွင်ကျယ်ကျယ် ရောင်းချလာကြသည်။ အမြတ်အစွန်း ကြီးမားစွာရရှိလာကြသည်။ တစ်ခါသုံး ပလတ်စတစ်ပိုက်တွေ၊ ဖော့ဘူးတွေ၊ ပလတ်စတစ်အိတ်တွေ၊ အချိုရည်၊ ဘီယာ၊ ကော်ဖီဘူးခွံတွေ၊ အိတ်ခွံတွေ အိမ်တိုင်းမှာ၊ အမှိုက်ပုံတွေတိုင်းမှာ၊ တောရောမြို့ပါ တောင်ပေါ်၊ မြေပြန့်ခရီး သွားလမ်းများဘေးမှာ ပြန့်ကျဲလျက်ရှိနေသည်က သက်သေပင် ဖြစ်သည်။

ထိုတစ်ခါသုံးပစ္စည်းများကြောင့် လမ်းဘေးဝဲယာ အလှအပများ ပျက်စီးရသည်။ အမြင်မတင့်တယ်ဖြစ်ရသည်။ တစ်ခါသုံးစွန့်ပစ်ပစ္စည်းများကတော့ ပို၍ပို၍ တိုးလာနေဆဲဖြစ်သည်။ သက်မဲ့ရုပ်ဝတ္ထုများဖြစ်သည့် တစ်ခါသုံး စွန့်ပစ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများ၊ အပင်မျိုးစုံများ သဟဇာတဖြစ် တည်မှုကို အန္တရာယ်ပေးလျက်ရှိသည်။ သဘာဝဂေဟစနစ်ကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေသည်။

နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ အမှိုက်ပြဿနာများကို နိုင်ငံသူနိုင်ငံသားများ အလေးဂရုထား လိုက်ပါဆောင်ရွက်ကြရန် အချိန်မအားလပ်သည့်ကြားမှ စံပြအဖြစ် ဆောင်ရွက်ပြနေသည်။ လိုက်ပါဆောင်ရွက်ကြသဖြင့် အမှိုက်ကင်းစင်သော ကျေးရွာအချို့ပေါ်လာသည်။ သို့သော် နည်းပါးနေသေးသည်။ မြန်မာတစ်နိုင်ငံလုံးကို တစ်ခါသုံးအမှိုက်များက လွှမ်းခြုံနေဆဲပင် ရှိသေးသည်။ ပရဟိတစိတ်ရှိသူ၊ မြေကမ္ဘာကို မြတ်နိုးသူများကမူ စိတ်ဓာတ်မကျ၊ ကိုယ်တိုင်လည်း ဇွဲမလျှော့အားတင်း၍ တစ်ခါသုံးစွန့်ပစ်ပစ္စည်းများကို မြေကမ္ဘာပေါ်မှ ဖယ်ရှားနေဆဲ၊ ကောက်ယူနေဆဲ၊ အခြားသူများကို ပညာပေးဆွေးနွေး၍ ကိုယ်တိုင်လည်းစံပြအဖြစ် လုပ်ကိုင်နေဆဲပင်ဖြစ်သည်။ တာဝန်ရှိသည့်ဌာနများကလည်း စွန့်ပစ်သည့် တစ်ခါသုံးပစ္စည်းများကို ဝန်နှင့်အားမမျှသော်လည်း ရှင်းလင်းနေဆဲ၊ ဖျက်ဆီးနေဆဲပင်ဖြစ်သည်။

ပြည်သူများအတွက် စွန့်ပစ်ပစ္စည်းများ ရှင်းလင်းပေး

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော မြောင်းကြီးများကို ရှင်းလင်းသည့်အဖွဲ့သည် မှောင်မှောင်မည်းမည်း မြောင်းကြီးထဲတွင် အောက်ဆီဂျင်ပျက်ပါက အသက်သေဆုံးရမည်၊ ကင်းမလက်မည်းများနှင့် ကြွက်များ၊ မြွေများကြောင့် ထိခိုက်ဒဏ်ရာရ၊ ဘဝသစ်သို့ ကူးပြောင်းရမည်မှန်း သိသော်လည်း ပြည်သူများ မိုးတွင်းကာလရေကြီး၊ ရေလျှံကာ အတိဒုက္ခမရောက်စေရေးအတွက် မြောင်းအတွင်း ပိတ်ဆို့လျက်ရှိသော တစ်ခါသုံးစွန့်ပစ် ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ပစ္စည်းများ၊ ဖော့ဘူးများ၊ ဘီယာ၊ အချိုရည်ဘူးခွံများ၊ ပလတ်စတစ်အိတ်များကို အသက်စွန့်ကာ ရှင်းလင်းပေးသည့် စေတနာကို လေးစားသောအားဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့သည်ကို မီဒီယာတွင် ဖော်ပြထား၍ သိရှိရသည်။ တာဝန်ကို ကျော်လွန်ကာ စေတနာလေး ဖြည့်စွက်၍ ပြည်သူများအကျိုးအတွက် ဆောင်ရွက်ပေးခဲ့သောအဖွဲ့ကို ကျေးဇူးတင်မိသလို၊ စေတနာထားသည်ကို လက်တွေ့ကျကျ ကျေးဇူးတင်သဖြင့် ဂုဏ်ပြုပွဲလုပ်ကာ ပြသခဲ့သည့်သူများကိုလည်း လေးစားမိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပလတ်စတစ်အရည်စုပ် ပိုက်လေးများ နေရာတွင် ဝါးငယ်လေးများဖြင့် အစားထိုးအသုံးပြုနေသလို အုန်းပင်ထွက် ပစ္စည်းလေးများဖြင့် ပန်းကန်မျိုးစုံကို အစားထိုး ထုတ်လုပ်၍ ပလတ်စတစ်ဖော့ဘူးများ၊ ပလတ်စတစ်ပုဂံပြားများ၊ ပလတ်စတစ်ထမင်းစားဘူးများ နေရာတွင် အစားထိုးဝင်ရောက်ရန် ကြိုးစားနေသလို၊ စွန့်ပစ်တစ်ခါသုံး ပစ္စည်းများဖြစ်သည့် ကော်ဖီထုပ်ခွံများကို အသုံးပြု၍ လှပသည့်ဒီဇိုင်းများဖြင့် လက်ဆွဲအိတ်၊ လက်ဆွဲခြင်း၊ စားပွဲခင်း၊ ကုလားထိုင်ခင်း၊ ဖျာများပြုလုပ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေသည်ကို ဟိုမှာဒီမှာ တွေ့နေရသည်။ ပို၍ ထူးခြားသည်မှာ မည်သည့်အပိုပစ္စည်းမျှ မပါဘဲ ရောင်စုံကော်ဖီထုပ်မျိုးစုံကိုသာ အသုံးပြု၍ ခြင်္သေ့ပုံ၊ ဥဒေါင်းပုံ၊ သဘာဝရှုခင်းပုံများကို ပုံဖော်၍ပန်းချီကားကဲ့သို့ ပြုလုပ်ရောင်းချ နေသည်ကိုလည်း တွေ့မြင်ရပါသည်။

စွန့်ပစ်ဖော့ဘူး၊ ရေသန့်ဘူး၊ အချိုရည်ဘူး၊ ဘီယာဘူးများကို အသုံးပြု၍ အိမ်များ၊ ဆိုင်များ၊ ပြခန်းများတွင် အလှဆင်ထားကြသည်ကိုလည်း မြင်တွေ့ရသည်။ အဆိုပါပစ္စည်းများကို အသုံးပြု၍ ငရုတ်၊ ပူဒီနာ၊ ကြက်သွန်ဖြူ၊ နီ၊ ပန်းပင်စသည်များ စိုက်ပျိုး၍ အကျိုးရှိစွာ သုံးစွဲနေကြသည်ကိုလည်း တွေ့မြင်နေရသည်။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကို ကြီးမားစွာ အန္တရာယ်ဖြစ်ပေါ်စေသော တစ်ခါသုံး စွန့်ပစ်ပစ္စည်းများနေရာတွင် သဘာဝပစ္စည်းများဖြင့် အစားထိုးသုံးစွဲရန် ဆောင်ရွက်ခြင်းသည် ညစ်ညမ်းမည့် မြေထု၊ ရေထု၊ လေထုအတွက် ကာကွယ်ရာရောက်သဖြင့် အားပေးကူညီပေးစေချင်ပါသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးမဲ့ မဖြစ်စေဘဲ အကျိုးရှိစွာ ပြန်လည်သုံးစွဲမှုများကို အတုယူကာ လိုက်ပါဆောင်ရွက်စေချင်ပါသည်။ သို့မှသာ အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော စံနမူနာပြခဲ့သလိုဖြစ်ကာ သြဇာပြည့်ဝကောင်းမွန်သော မြေ၊ သန့်စင်သော လေအေး၊ အေးမြကြည်လင် အန္တရာယ်ကင်းသော ရေများကို အမွေပေးခဲ့ရာ ရောက်ပေမည်။

တစ်ခါသုံးပစ္စည်းများ ဝယ်ယူသုံးစွဲမှုရှောင်ကြဉ်

မကြာမီကအိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ မြို့တစ်မြို့တွင် တစ်ခါသုံးစွန့်ပစ်ပစ္စည်းများနှင့် အခြားစွန့်ပစ်အမှိုက်များ ဧကထောင် ပေါင်းများစွာပေါ်တွင် နေ့စဉ်စွန့်ပစ်နေကြသဖြင့် ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့အညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်စာရင်းသွင်းရန် စဉ်းစားနေကြောင်း မီဒီယာများတွင် ဖော်ပြထားသဖြင့် သိရသည်။ ကျွန်တော်တို့နိုင်ငံကိုလည်း တစ်ခါသုံးစွန့်ပစ်ပစ္စည်းများနှင့် အခြားအမှိုက်များကြောင့် မကောင်းသည့် အမြင်ရှိကာ တစ်ခုခုသတ်မှတ်မည်ကို စိုးရိမ်မိသလို ၅၁ သန်းကျော်ရှိသော ပြည်သူများကလည်း လက်ခံနိုင်မည်မဟုတ်ပေ။ လူမျိုးစုတွေ မည်မျှပင် ကွဲပြားနေပါစေ၊ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ ဘယ်လိုပင်မတူညီပါစေ အားလုံးသည် မြန်မာနိုင်ငံသားများပင် ဖြစ်ကြသည်။ လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို မိမိနေထိုင်သောနိုင်ငံ၏ ကောင်းသတင်းကိုသာ ကြားလိုသည်။ မကောင်းသတင်းများကို ကြားလိုမည်မဟုတ်ပေ။ ထိုသို့ မဖြစ်စေရန် တစ်ခါသုံးပစ္စည်းများကို တတ်နိုင်သမျှ ဝယ်ယူ သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်သည်။ လျှော့ချသင့်သည်။ သုံးစွဲသော ပစ္စည်းများကို အကျိုးရှိစွာပြန်လည်သုံးစွဲသင့်သည်။

တစ်ခါက ခရီးတစ်ခုသွားရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးနှင့် ဆုံဖြစ်သည်။ ကျွန်တော်တို့ နေ့စဉ်စားသုံးလျက်ရှိသော ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများတွင် တစ်ခါသုံးစွန့်ပစ်ပစ္စည်းများ၊ ဓာတုဆေးဝါးများ၊ ပလတ်စတစ်များကြောင့် အဆိပ်သင့်နေကြပြီဖြစ်ကြောင်း ပြောပြသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အမူအကျင့်များကို ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ အားပေးကူညီရမည်ဖြစ်ကြောင်း၊ တစ်ခါသုံး စွန့်ပစ်ပစ္စည်းများ သုံးစွဲမှုများကို လျှော့ချနိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ခါသုံး ပစ္စည်းများ သုံးစွဲမှု လျော့နည်းစေရေးအတွက် သဘာဝပစ္စည်းများဖြင့် အစားထိုး ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးရမည်ဖြစ်ကြောင်း စုံလင်စွာပြောပြ၍ ဗဟုသုတလည်း ရသည်။ လိုက်နာဆောင်ရွက်ရမည်ဟူသော အသိလည်းရသည်။

ကမ္ဘာမြေလည်း စိမ်းလန်း စွန့်ပစ်ပစ္စည်းလည်း လျော့နည်း

ပြီးတော့ခရီးတစ်ခုသွားရင်း တစ်ခါသုံးစွန့်ပစ်ရေသန့်ဘူးများနှင့် ပလတ်စတစ်စများကို အသုံးပြု၍ ပရဟိတလူငယ်အဖွဲ့ တစ်ခုက ပြုလုပ်ရောင်းချသည့် လှပသေသပ်သော စားပွဲတင် မီးအုပ်ဆောင်းလေးတွေ၊ နံရံကပ် မီးလုံးကာလေးတွေ၊ မျက်နှာကြက် မီးအလှဆင် ပစ္စည်းလေးတွေကို ဝယ်ယူဖြစ်သည်။ မေးကြည့်တော့ ပစ္စည်းလေးတွေ ရောင်းချရရှိငွေများဖြင့် ဆင်းရဲနွမ်းပါးသည့် ရင်ခွင်မဲ့ကလေးငယ် စောင့်ရှောက်ရေးဂေဟာ တစ်ခုကို လှူဒါန်းနေကြောင်း ဓာတ်ပုံမှတ်တမ်းများကို ကျွန်တော့်ကိုပြသည်။ လူငယ်လေးတွေဖြစ်ပေမယ့် စိတ်ထားမြင့်မြတ်ကြပါလား။ ဖြူစင်သည့် ပရဟိတ စိတ်ထားလေးတွေကို အခြေခံကာ ကမ္ဘာမြေလည်း စိမ်းလန်းစိုပြည်စေ၊ တစ်ခါသုံးစွန့်ပစ် ပစ္စည်းများလည်း လျော့နည်းစေ၊ အကျိုးလည်းရှိစေ၊ အခက်အခဲရှိသူများကိုလည်း ကူညီရာရောက်စေ၊ အမှိုက်များကိုလည်း ငွေဖြစ်စေ၊ အခြားသူများကိုလည်း ပညာပေးရာရောက်စေသဖြင့် အတုယူသင့်ပါသည်။

တစ်ခါသုံးပစ္စည်းများကို အလွယ်တကူ ရယူသုံးစွဲကာ လွယ်လွယ်စွန့်ပစ်သဖြင့် ပတ်ဝန်းကျင် အလှအပများကို ပျက်စီးစေသည်။ သက်ရှိသတ္တဝါများ၊ အပင်မျိုးစိတ်များ၏ ဂေဟစနစ်ကိုပျက်စီးစေသည်။ မြေဆီလွှာများကို ပျက်စီးစေသည်။ အနံ့အသက် မကောင်းသောလေကို ရှူရှိုက်ရသည်။ ကြည်လင်အေးမြသန့်စင်သော ရေရရှိမှု ခဲယဉ်းနိုင်သည်။ ရေရှည်မဆင်မခြင် ဆောင်ရွက်ပါက၊ သုံးစွဲစွန့်ပစ်နေပါက ရင်လေးစရာပင်ဖြစ်သည်။ လက်ရှိတွင် ကျွန်တော်တို့သည် တစ်ခါသုံး စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာဘယ်လောက်အထိ စွန့်ပစ်မိခဲ့ပြီလည်း မသိနိုင်ပေ။ တစ်ခါသုံးစွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်သည့် အရေအတွက် ဘယ်လောက်များရှိသလဲ မသိနိုင်ပေ။ သို့သော် တစ်ခါသုံးစွန့်ပစ်ပစ္စည်းတွေကို တတ်နိုင်သမျှ လျှော့ချသုံးစွဲမည်၊ အကျိုးရှိစွာ ပြန်လည်အသုံးချမည်၊ တစ်ခါသုံးပစ္စည်းများနေရာတွင် သဘာဝ ပစ္စည်းများဖြင့် အစားထိုးသုံးစွဲမည်ဆိုပါက နောက်မကျသေး ဟု ထင်မိပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ၏ မြေထု၊ ရေထု၊ လေထုကို ညစ်ညမ်းစေပြီး သက်ရှိသတ္တဝါများနှင့် အပင်မျိုးစုံတို့၏ သဟဇာတဖြစ်မှုကို အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိသော တစ်ခါ သုံးပစ္စည်းများကို လွယ်ကူစွာ ရယူသုံးစွဲမှုကို တတ်နိုင်သရွေ့ လျှော့သုံးကြပါရန်၊ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများကိုရှောင်ရှား၍ အသုံးအဆောင်ပစ္စည်းအဖြစ်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးအဖြစ် ပြန်လည်အသုံးပြုကြပါရန်၊ တစ်ခါသုံးဆွေးမြည့်ရန် မလွယ်ကူသည့် ပစ္စည်းများအစား သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်သော ပြည်တွင်းထုတ် ကုန်ပစ္စည်းများကို အားပေးကြပါရန်၊ အနာဂတ်လူငယ်များအတွက် စံနမူနာကောင်းပြသ၍ ကောင်းသော လုပ်ဆောင်မှုအမွေကို ပေးခဲ့ကြပါရန်၊ မိမိနိုင်ငံ စိမ်းလန်းစိုပြည်မှု ရှိစေရေးအတွက် ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းကာကွယ်ရေး ကူညီဆောင်ရွက်ပေးကြပါရန် စေတနာရှေ့ထားကာ တိုက်တွန်းအပ်ပါသည်။

မြန်မာ့အလင်း