နွမ်ဂျာသိုင်း

(၂၆-၈-၂၀၂၄ ရက်နေ့မှအဆက်)

အောက်ရောက်မှ သူက-

“ဘာစိတ်ကူးပေါက်လာကြလို့လဲ၊ မိုးကြီးချုပ်မှ”

ပေါ်ဦးက ရယ်သံဖြင့် ဝင်ဖြေသည်။

“မေးမနေနဲ့၊   မနက်ဖြန်  ညနေကျရင်   အားလုံးပြောပြမယ်။ ဇာတ်လမ်းက ခုမှစတုန်းရှိသေးတာ”

ကျော်ညွန့် ဘာမှထပ်မပြောတော့။ သုံးယောက်သား အဓိပတိ လမ်းအတိုင်း လျှောက်လာကြသည်။

အတန်ကြာတိတ်ဆိတ်သွားခြင်းကို ပေါ်ဦးက စ၍ဖြိုခွင်းလိုက်၏။

“ထွန်းဝေ၊ ‘ကိုယ်ထူးကိုယ်ချွန်’ ဆိုမလား”

ရင်ထဲမှာ ကျင်ခနဲဖြစ်သွား၏။ ပေါ်ဦးဘက် လှည့်ကြည့်ရင်း- 

“ဟေ့ကောင် . . . မင်းမရှုပ်နဲ့၊    ဟိုတုန်းကလည်း  မင်းရှုပ်လို့ ဒီဇာတ်လမ်းစတာ”

ပေါ်ဦးက အားရပါးရ ရယ်၍ -

“အေးပေါ့ကွာ စကတည်းက ငါရှုပ်တဲ့ဇာတ်လမ်း၊ ပြီးတော့လည်း ငါပဲ ပိတ်ပေးရမှာပေါ့၊ လုပ်ပါဆို”

ကျွန်တော် ခေါင်းခါလိုက်သည်။

“မဆိုချင်ဘူး ဟေ့ကောင်၊ တခြားဟာဆိုမယ်။ အေး ...သတိရပြီ၊ သုံးရာသီတီး”

“ဘာလဲကွ၊ ခံစားချက်လေးလား”

“နောက်ဆုံး နှုတ်ဆက်ခြင်းပေါ့ကွာ”

ကျော်ညွန့်က ကျွန်တော်တို့ စကားများကို နားမလည်သဖြင့် တစ်ယောက်တည်း လှည့်ကြည့်သည်။ သူ ဘာမှမမေးခင် ကျွန်တော် သီချင်းစဆိုဖြစ်သည်။ သည်တစ်ခါမှ ခံစားချက်က ပိုပြည့်လာ၏။ 
“မောင် . . . မေ့နိုင်ဘူးကွဲ့ ခင့်ကို . . . လတွေ နှစ်တွေပြောင်းလေ ပို . . .”

*  *  *  *  *

(၆)

ညက တစ်ညလုံးမအိပ်ရသဖြင့် လက်တစ်နှိုက်ဖြစ်နေသောမျက်ကွင်း များကို မှန်ထဲတွင် မြင်နေရသည်။

ကျွန်တော်နှင့်အတူ အဝတ်အစားလဲရင်း ပေါ်ဦးက - 

“ခင်လေးက မင်းကိုတွေ့ရင် ဘယ်လိုနေမလဲ မသိဘူး” 

ကျွန်တော် အံ့သြစွာလှည့်ကြည့်၍ - 

“ဘာလဲ၊ ခင်လေးပါ လိုက်မလို့လား” 

“လိုက်မှာပေါ့ကွ၊ သူက သက်သေလုပ်မှာပဲ”

သူ့စကားကြောင့် ခဏမျှ ငိုင်သွားသည်။ ရင်ထဲမှလည်း- 

“အင်း . . . ဝအောင်ရက်စက်လိုက်ပေါ့ ခင်လေးရယ်” 

သို့သော် စိတ်ထဲတွင်ရှိနေကျ ယောက်ျားမာနက ခေါင်းမော့လာသည်။ ကိုယ့်ဘက်က နောက်ဆုံးပိတ် ပြောချင်တာလေးတွေ ပြောပြီးပြီ။ ဘာပြောပြော ကိုယ့်ဘက်ကတွက်လျှင် သိပ်အရှုံးကြီးမဟုတ်။ 

“ကောင်းပါတယ်၊ ငါက လိုက်မှလိုက်ပါ့မလားလို့” 

ပေါ်ဦးက သဘောကျစွာ ရယ်လိုက်ပြီး -

“အေးပေါ့ကွာ၊ ဒီလိုသဘောထားစမ်းပါ။ ငါတောင် လိုက်ရဲသေးတာ
“မင်းနဲ့ ဘာဆိုင်လို့လဲ”

“ဟဲဟဲ . . . လောကကြီးမှာ မထင်တာတွေ ဖြစ်တတ်တယ်နော်”

စပ်ဖြဲဖြဲလုပ်နေသော ပေါ်ဦးအား မမီမကန်းလှမ်းထိုးလိုက်၍- 

“ငါသိပါတယ်၊ မင်းစိတ်က ငါ့ဘကြီးစိတ်မျိုး။ ငါ့ဘကြီးက စိတ်ဆိုးရင် သူများနဲ့တူတာမဟုတ်ဘူး။ ဒါပေမဲ့ သေသာသွားရော တစ်ခါမှ စိတ်ဆိုးတာ မတွေ့လိုက်ရဘူး”

ကျွန်တော် ပြုံးလိုက်ပြီး သေတ္တာထဲမှ တစ်ခုတည်းသောတိုက်ပုံ အဖြူကို ထုတ်၍ဝတ်လိုက်သည်။

“ဟ . . . တယ်ဟုတ်ပါလား၊ လက်ထပ်မယ့် သတို့သားကတယ် ကျက်သရေရှိတာပဲ။ ရုပ်တစ်စက်မှမပျက်ဘူး၊ အိပ်နေသလိုလေးပဲ” 

“တော်ကွာ”

အူမြူးနေသောသူ့ကို အော်လိုက်မိသည်။ ထို့နောက် အင်္ကျီကော်လံ ကိုပြင်၍ တိုက်ပုံကို နေသားကျအောင်ပြုသည်။ ထိုစဉ် နောက်ဘက်မှ ရှူးရှူးဆိုသော အသံကြား၍ လှည့်ကြည့်လိုက်သည်။ 

ကျွန်တော် လှည့်အကြည့်လိုက် ကျွန်တော့်ရင်ဘတ်ကို စောစောကအတိုင်း ‘ရှူးရှူး’ အသံပြု၍ ပေါ်ဦးက ရေမွှေးလှမ်းဆွတ်သည်။ 

“ဟ . . . ဘာလုပ်တာလဲ”

“ဟဲ. . . ဟဲ . . .  သတို့သားဆိုတော့    ရေမွှေးလေးဘာလေး ဆွတ်ရတာပေါ့။ ဒါမှမရရင် ဖွဲပြာလောင်းထည့်မယ်”
 
သည်တစ်ခါ သူ့ကို အော်ပြောလိုက်သည့်အသံကိုမူ ပြန်ပြောရန် မသင့်။
သို့သော် သူပြောသည်နှင့် ကျွန်တော့်ဖြစ်ရပ်မှာ ဘာများ ထူး၍ ခြားပါတော့သနည်း။

*  *  *  *  *

ကားအနီလေးသည် ကျွန်တော်တို့ရှေ့တွင် ထိုးရပ်သွား၏။ 

“ကိုပေါ်ဦး နောက်ကိုလာခဲ့ပါလား”

ခင်လေးက သူ့ဘက်မှ တံခါးဖွင့်၍ ပြောလိုက်သည်။ ကျွန်တော့် ရင်ထဲ မျက်ခနဲဖြစ်သွား၏။ သည်အတိုင်းဆို ကျွန်တော်တစ်ယောက် တည်း ရှေ့မှာထိုင်ပေါ့။

ကျွန်တော် ကားတံခါးကို ခပ်ဆတ်ဆတ်ဖွင့်၍ ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ အံကို မသိမသာ ကြိတ်ထားလိုက်၏။ 

ကားထဲဝင်ထိုင်လိုက်ပြီး ချက်ချင်းပင် နောက်ကြည့်မှန်မှ ပေါ်ဦးဆီ လှမ်းကြည့်သည်။ ပေါ်ဦးက စပ်ဖြဲဖြဲဖြင့် မျက်စိမှိတ်ပြ၏။ သူ့ဘေး တွင် ခင်လေး။

ကျွန်တော် နောက်ကိုလုံးဝမကြည့်တော့။ တရိပ်ရိပ်ပြေးနေသော ကားအောက်သို့ဝင်လာသည့်     ကတ္တရာလမ်းမနက်ကျောကိုသာ စိုက်ကြည့်နေမိသည်။

“ဟေ့ကောင် . . . ရော့”

ပခုံးကိုပုတ်ပြီး ပြောလိုက်သော ပေါ်ဦးစကားကြောင့် မသိမသာလေး ငဲ့ကြည့်လိုက်သည်။

ဒူးယားတစ်ဘူးဖွင့်လျက် . . . ။

ကျွန်တော် လက်ပြန်လှမ်းယူလိုက်ပြီး ကားမောင်းသူကို တစ်လိပ်ပေး၍ ကျွန်တော်တစ်လိပ် မီးညှိသောက်သည်။
     
အဆင်တော့ပြေသွားသည်။ မငြိမ်သောစိတ်ကို လမ်းလွှဲထား စရာလေးတစ်ခု ရထားပြီ။

“ကိုထွေး၊ တိရစ္ဆာန်ရုံကိုမောင်း”

ခင်လေး၏ အသံပေါ်လာသည်။ အံ့သြသွားသလို ဖြစ်သွားသော် လည်း နောက်မှသတိရသည်။ သည်ကိစ္စအတွက် သူတို့သည် ကားကို သုံးချင်မှ သုံးပေမည်။   ညာတာပါတေးနှင့်  ကားကို တိရစ္ဆာန်ရုံသို့ အထွက်ပြကောင်း ပြထားမည်ထင်၏။

ကျွန်တော် ဆေးလိပ်သာ မဲဖွာနေတော့သည်။ သူ့ဘာသာသူ တိရစ္ဆာန်ရုံမကလို့ အရူးထောင်သွားပြပြ ကိုယ်နှင့်မဆိုင်ဟု ခပ်နာနာလေး တွေးလိုက်မိသည်။

တိရစ္ဆာန်ရုံရှေ့၌ ကားရပ်သောအခါ လေးယောက်သား ဆင်းသည်။

“တစ်ခုခု ဝင်စားရရင် ကောင်းမယ်”

မဖြူအသံကို ခုမှစကြားရသည်။ ကျွန်တော် ဘာမှမပြော၊ ဖိနပ်ဦးမှ အစွန်းကွာနေသော တံဆိပ်ဖတ်ကလေးကို စူးစိုက်ကြည့်နေလိုက်သည်။

တိရစ္ဆာန်ရုံရောက်တော့ မဖြူနှင့် ပေါ်ဦးက ရှေ့မှသွားသည်။ ခင်လေး က နောက်ချန်နေခဲ့၍ ကျွန်တော့်နားကပ်လာပြီး - - 

“ခင်လေးကို စိတ်ဆိုးနေလား ကိုထွန်းဝေ”

ကျွန်တော် သူ့မျက်နှာကို ခုမှသေချာကြည့်မိသည်။ သူ့မျက်နှာတွင် ပါးချိုင့်ရိပ်ရိပ်ထင်သော အပြုံးနှင့်။

“ကျွန်တော်  ခင်လေးကို  စိတ်ဆိုးစရာအကြောင်းမရှိဘူး ထင်ပါ တယ် ခင်လေး”

“မဟုတ်ဘူးလေ၊ ကိုထွန်းဝေ မျက်နှာမကောင်းလို့” 

“မဖြူကိစ္စကြောင့် မဟုတ်ပါဘူး”

သူ ရယ်လိုက်သလား ကျွန်တော်မသိ။ သို့သော် အသံမှ ရယ်ရိပ်ကိုမူ ကျွန်တော် ဖမ်းမိသည်။

“ဒါဖြင့် ခင်လေးကိစ္စကြောင့်ပေါ့”

ကျွန်တော် ဘာမှပြန်မဖြေ။ ဆိတ်ဆိတ်နေ ဝန်ခံဆိုသောစကားကို သူမှမဟုတ် ကလေးလေးပင် ကြားဖူးလိမ့်မည်ဟု တွက်လိုက်သည်။ 

“အဲဒါတော့   ကိုထွန်းဝေက   သက်သက်စိတ်ဒုက္ခခံတာပဲဟာ။ ကိုပေါ်ဦး မနေ့ကပြောတာကို ကိုထွန်းဝေမှ သဘောမတူဘဲ” 

မဖြူကို ကူညီလျှင် သူလက်ခံမည်ဆိုသော စကားကို ရည်ညွှန်း သည်ထင်၏။ ကျွန်တော် ချာခနဲ သူ့ဘက်ကို လှည့်ကြည့်လိုက်ပြီး- 
“ကျွန်တော် မခင်လေးဆီက ဒီလိုမေတ္တာမျိုးကို ကျွန်တော်မလိုချင် ဘူး”

သူရယ်သည်မှာ တကယ်ဖြစ်ကြောင်း တိတိကျကျ သိလိုက်သည်။
“အင်းလေ . . . ကိုထွန်းဝေ မလိုချင်တာတော့ မတတ်နိုင်ဘူးပေါ့” 
ကျွန်တော် အံကိုကြိတ်မိသည်။ သို့သော် ဘာမှ ပြန်မပြောဖြစ်တော့။
တိရစ္ဆာန်ရုံအလယ် စားသောက်ဆိုင်လေးရှေ့သို့ ရောက်လာပြီ ဖြစ်သည်။

“ထိုင်ကွာ ထွန်းဝေ၊ ဘာစားမလဲ”

ကျွန်တော် ခေါင်းခါသည်။ မျက်မှောင်ကတော့ ကြုတ်နေမိဆဲ။ 

“စားပါ ကိုထွန်းဝေ၊ ရင်အေးသွားအောင် လိမ္မော်ရည်သောက်ပါလား”

မဖြူက အပြုံးနှင့်ဝင်ပြော၏။

သူတို့ကြားတွင် ကျွန်တော် ဘယ်လိုသတ္တဝါမျိုးဖြစ်နေမှန်း ကိုယ့် ကိုယ်ကိုယ်မသိ။ ရုပ်များအားလုံးကို တစ်စက်မှ ကြည့်မရချင်၊ စကားများအားလုံးကို တစ်လုံးမှ နားမထောင်ချင်တော့။ ဘာလဲ၊ ရင်အေး သွားအောင်ဆိုတာ။

“ကဲပါ . . . မှာလိုက်ပါ၊ လိမ္မော်ရည် လေးပုလင်းနဲ့ ကိတ်မုန့်” 

ခင်လေးက ဆတ်တောက်တောက် လေသံဖြင့် ဝင်ပြောသည်။ ပေါ်ဦး ကပျာကယာ ထ၍သွားသည်။ ကျွန်တော် သူ့နောက်က ကပ်လိုက် လာခဲ့၏။ သည်နေရာမှ ကိုယ်တိုင်ယူစနစ်ကြောင့်တော့ ဟုတ်မည်မထင်။
 
ကိတ်မုန့်နှင့် လိမ္မော်ရည်ပုလင်းများယူလာ၍ အားလုံးဝိုင်းထိုင်မိသောအခါ  မဖြူက စာရွက်နှစ်ရွက်ကို ပေါ်ဦးအားပေးသည်။ မဖြူ ကမ်းပေးလိုက်သော စာရွက်နှစ်ရွက်ကို ပေါ်ဦးကယူ၍ အသေအချာ ကြည့်သည်။

ပြုံးသွားသောမျက်နှာကို ရုတ်ခြည်းတည်ပြစ်၍ ဟန်လုပ်ထားသော မျက်နှာငယ်၊ သိသာနေသော အားနာသံဖြင့် - 

“စာချုပ်လေး ဖတ်ကြည့်ပါဦး ထွန်းဝေ”

ကျွန်တော် သူ့ကို ဘုကြည့်လှမ်းကြည့်ပြီး ခေါင်းခါပြလိုက်၏။ 

“ကြည့်လိုက်ပါ ကိုထွန်းဝေ၊ အကျိုးအကြောင်းသိရတော့ ပိုကောင်း တာပေါ့”

မဖြူ စကားကြောင့် စာရွက်ကို စိတ်မပါလက်မပါ လှမ်းယူလိုက်သည်။
စာချုပ်တံဆိပ်ခေါင်းပါ စက္ကူနှစ်ရွက်။

လေးခေါက်ချိုးထားသော စက္ကူကို ဖြန့်ကြည့်လိုက်သည်။ ငါးကျပ် တန်စာချုပ်ခေါင်းကို အရင်ဖတ်မိသည်။ 

လက်နှိပ်စက်ဖြင့်ရိုက်ထားသော စာတန်းက -

“နှစ်ဦးသဘောတူ ထိမ်းမြားမင်္ဂလာ သစ္စာပြု လက်ထပ်စာချုပ်” 

(ဆက်လက်ဖော်ပြပါမည်)