နွမ်ဂျာသိုင်း
(၃၀-၈-၂၀၂၄ ရက်နေ့မှအဆက်)
လျှောက်လွှာစာရေးက လက်နှိပ်စက်ဖြင့် ရိုက်ထားသဖြင့် စာလုံးများက သိပ်မပြတ်သားချင်။ သတို့သားအမည် . . .။ ကျွန်တော့်မျက်လုံးများ ပြူးသွား၏။ သတို့သမီးအမည် . . . မဖြူဖြူနိုင်။ ကျွန်တော် ဆတ်ခနဲ မော့ကြည့်လိုက်၏။ မျက်မှောင်ကြုတ်ထားခြင်းသည် ပို၍စုသွားသည်။ ပေါ်ဦး၏ ရယ်ကျဲကျဲမျက်နှာကို တွေ့ရ၏။
“အဲဒါဘာလုပ်တာလဲ ပေါ်ဦး”
“အောက်ဆုံးကစာတန်းကို ဖတ်ကြည့်ပါဦး ထွန်းဝေ”
ကျွန်တော့်မျက်လုံးများ စာချုပ်၏ အောက်ဘက်ဆီ ရောက်သွားသည်။ အထက်ပါလက်ထပ်စာချုပ် ကို ကမာရွတ်မြို့နယ် တရားရုံးရှေ့၌ (၁၈-၁၂- ၇၁) နေ့တွင် အမည်ပါ သတို့သားနှင့် သတို့သမီးတို့ အသီးသီး လက်မှတ်ရေးထိုး သစ္စာပြုလက်ထပ်ကြပါသည်။
ထိုစာတန်း၏ အပေါ်ဘက်တွင် လက်မှတ်နှစ်ခု။ တစ်ဖက်က မောင်ပေါ်ဦး၊ သူ့အောက်က သတို့သားလက်မှတ်။ ကျန်တစ်ဖက်က မဖြူဖြူနိုင်၊ သတို့သမီးလက်မှတ်ဆိုသော စာတန်းကို တွေ့ရ၏။ နေ့စွဲ၏ ထူးခြားမှုကို ချက်ချင်းသတိထားမိသည်။ ကျောင်းပိတ်ရက်ထဲတုန်းကပါလား။
“ရှင်းပြီလား ထွန်းဝေ”
ကျွန်တော် သူတို့မျက်နှာများကို တစ်လှည့်စီ ကြည့်လိုက်သည်။ အားလုံး၏မျက်နှာက ပြုံးနေသည်။ ကျွန်တော့်မှာ သူတို့ကြားထဲ အရူးတစ်ယောက်လိုဖြစ်နေ၏။ အံ့သြလွန်းသဖြင့် ဘာပြောရမှန်းမသိ။ ပေါ်ဦးက ရယ်၍ -
“ခင်လေးက ငါ့ညီမ ထွန်းဝေ၊ ရန်ကုန်က ငါ့အဒေါ်အိမ်ဆိုတာ ခင်လေးတို့အမေအိမ်ပဲ။ မင်း ငါ့ကို တစ်ခါက မဖြူနဲ့ကိစ္စပြောတုန်းက ငါပြောခဲ့တဲ့ ငါ့မှာတခြားကိစ္စရှိတယ်ဆိုတာ အဲဒီကိစ္စပဲ”
“ဒါဖြင့်”
စကားအဆုံးသတ်မိသော်လည်း မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခုဝင်သွားမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်၏။
“တို့အားလုံးပေါင်းပြီး မင်းစိတ်ကို စမ်းလိုက်ကြတာပဲ ထွန်းဝေ”
ကျွန်တော့်စိတ်ထဲ မကျေမနပ်ဖြစ်သွားသဖြင့် -
“ဟာကွာ . . . မင်းတို့လုပ်တာ မဟုတ်ဘူး၊ ငါ့ကို အရူးလုပ်တာ”
ပေါ်ဦးက ရယ်၍ -
“ဘာလဲ ထွန်းဝေ၊ မကျေနပ်ဘူးလား။ မင်းက မဖြူကိုတကယ်လက်ထပ်ရမှ ကျေနပ်မှာလား။ သူငယ်ချင်း ဒု-သ-န-သော နော်”
“ဟာ ... ငါ အဲဒါပြောတာ မဟုတ်ဘူး”
“ဒါဖြင့် ဘာပြောတာလဲ ကိုထွန်းဝေ”
ခင်လေးက သဘောကျစွာ လှမ်းမေးရင်းရယ်သည်။
“ဟော ... ဒီထဲမှာ ခင်လေးကလည်း ကောင်းကောင်းအိုက်တင်ကောင်းခဲ့တာပေါ့”
“အမယ် . . . အိုက်တင်ကောင်းတာ မဟုတ်ဘူး၊ တကယ်လုပ်ကြည့်နေတာ”
ကျွန်တော် သူ့စကားကို နားမလည်။
“ဘယ်လို ခင်လေး”
“ဪ . . . တကယ်လုပ်ကြည့်တာပါလို့။ ခုအတိုင်းသာ ကိုထွန်းဝေ မလုပ်ရင် ခင်လေး ကိုထွန်းဝေကို စိတ်ကူးထဲတောင်မထည့်ဘူး”
ရင်ထဲမှ ဝမ်းသာမှုအဟုန်သည် ဆောင့်တက်လာ၏။
“ဟင် . . . ဒါဖြင့် ခုတော့ကော ခင်လေး”
ခင်လေးက တခစ်ခစ်ရယ်၍ -
“စောစောကတည်းက ပြောသားပဲ။ မဖြူကိုကူညီရင် ခင်လေးလက်ခံပါမယ်လို့။ ဒါပေမဲ့ ကိုထွန်းဝေ က မလိုချင်ဘူးဆိုတော့”
ကျွန်တော် ထိုင်နေရာမှ ဝုန်းခနဲထ၍ -
“ဟာ . . . ဒီလိုတော့ လိုချင်တာပေါ့ ခင်လေးရာ၊ ဘယ်ရမလဲ” အပျော်ကြောင့် လစ်သွားသောသတိ ဖြင့် သူ့ဆီပြေးသွားရန်ပြင်သည်။
“ဟိုး . . . ဟိုး ဆရာ၊ ဒီမှာသူ့အစ်ကိုတစ်ယောက်လုံး ဆရာ့ရှေ့မှာရှိနေပါတယ်၊ အနေအထိုင်ဆင်ခြင်ပါ”
ပေါ်ဦးက အလန့်တကြား ထအော်၏။
“ဟေ့ကောင် ယောက်ဖ၊ မင်းဘာမှ ဝင်မရှုပ်နဲ့”
“အို …’’
ခင်လေး ကပျာကယာ ခေါင်းငုံ့၏။
“ဟာ . . . ဟေ့ကောင်”
ပေါ်ဦးက မျက်နှာရဲရဲဖြင့် လှမ်းအော်၏။
မဖြူက တခစ်ခစ်ရယ်၏။
“ကဲ . . . မှတ်ပြီလား”
ကျွန်တော် ကျေကျေနပ်နပ်ကြီးပြော၍ ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။
“သွားစမ်းပါ၊ ဘာမှန်းလဲမသိဘူး”
ခင်လေးဆီမှ ချစ်စဖွယ်မျက်စောင်းနှင့်အတူ ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး အသံလေး တစ်သံကြားလိုက်ရ၏။ အားလုံး၏ရယ်သံများ ဝိုင်းထဲတွင် ဝေဝေဆာဆာ ဖြစ်သွား၏။
စားပွဲခုံစောင်းကြီးကို ဟီး . . . ဟီး . . . ဆိုပြီး ကိုက်စားချင်စိတ်ပေါက်လာပြီ။ ဟေး . . .။
(၇)
စိမ်းလန်းသော သစ်ရွက်များ၊ ပန်းပွင့်ရောင်စုံ လေးများ၏အလှနှင့် ငြိမ်းချမ်းမှုကို ပြည့်ပြည့်ဝဝ ခံစားနေရသည်။ အနှောင်အဖွဲ့အတွင်းတွင်ရှိသော်လည်း လွတ်လပ်နေသော ငှက်ကလေးများ၏ တေးသံကို လုံးစေ့ပတ်စေ့ နားထောင်၍ရလာသည်။
“မင်းတို့ ဒီမှာ အေးအေးဆေးဆေး စကားပြောချင် ပြောနေကြဦးလေ။ တို့ ဟိုဘက်လျှောက်ကြည့် ကြဦးမယ်”
ပေါ်ဦး ထွင်လိုက်သောလမ်းကို မြင်သည်။ သို့သော် အမြင်အတိုင်းမဝင်၊ အလိုက်သင့်စွာထ၍-
“သွားလေ တို့ဒီမှာပဲရှိနေမယ်”
ကျွန်တော်က သူ့ကိုအားနာ၍ ပြေပြေပြစ်ပြစ် ဝင်သော်လည်း သူ့ဗီဇက ငြိမ်မနေ၊ ထလှုပ်၏။
“ဒီနားမှာတော့ ဟုတ်ပါတယ်။ ငါ့ညီမကို စိတ်ချလက်ချထားခဲ့လို့ ဖြစ်ပါ့မလားကွာ”
“အို . . . ကိုပေါ်ဦးကလည်း”
ခင်လေး မျက်နှာတွင် ပန်းရောင်သွေးလေးတစ်ခု ရှပ်တိုက်ပြေးသွားသည်။
“ကဲ . . . ပေါ်ဦး သွားတော့ကွာ၊ မင်း တောင်ပြော မြောက်ပြောတော့ လုပ်မသွားနဲ့”
ခင်လေးဘက်က ဝင်၍ရပ်ပေးသည်ကို ပေါ်ဦးက မကြည်မလင်ဟန်လုပ်၍ မဖြူကိုလက်တို့ ခေါ်သွား၏။ ကျွန်တော့်ရင်ထဲ တလှပ်လှပ်ခုန်လာသည်။ ခင်လေး၏ ငုံ့နေသောမျက်နှာသည်လည်း ပြန်မော့မလာတော့။ မနီးမဝေး သစ်ပင်ရိပ်တွင် ခုံတန်းလျားလေး တစ်ခုကို တွေ့သည်။
“ခင်လေး၊ ဟိုမှာ သွားထိုင်ရအောင်”
ခင်လေးက ကျွန်တော့်ကို မဝံ့တဝံ့မျက်လွှာပင့် ကြည့်သည်။ ဘာမှတော့မပြော၊ ခြေလှမ်းများကို ထိုင်ခုံဆီ ဦးတည်၏။ သူက ခုံတစ်ဖက်စွန်းတွင် ဝင်ထိုင်သည်။ ကျွန်တော် သူနှင့်အနီးဆုံးတွင် ဝင်ထိုင်သည်။ သူ့ဆီ မှ လေသံခပ်တိုးတိုးလေးပေါ်လာ၏။
“အို . . . ဟိုဘက်တိုးပါဦး”
“ဟင့်အင်း . . . မတိုးဘူး”
ဒေါသကင်းသော မျက်စောင်းလေးတစ်ခု ရောက်လာ၍ -
“တိုးပါ ကိုထွန်းဝေရယ်၊ လူတွေမြင်ရင် မကောင်းပါဘူး”
ကျွန်တော်ကရယ်၍ မသိမသာ ခွာပေးလိုက်ပြီး-
“လူတွေမြင်တော့ ဘာဖြစ်လဲခင်လေး၊ ခင်လေး နဲ့ ကျွန်တော်က အရင်လိုမှ မဟုတ်တော့တာ”
“အမယ် … အရင်လိုပါပဲနော်”
သူက ပက်ခနဲပြန်ပြောလိုက်သော်လည်း အကြည့်က ကျွန်တော့်ထံမရောက်ရဲ။ မျက်နှာမှာ အပြုံးစ ထင်သည်။
“ဘယ်လို . . . ကျွန်တော့်ကို အရမ်းချစ်တာပဲ၊ ဟုတ်လား ခင်လေး။ ဝမ်းသာလိုက်တာဗျာ”
ချစ်စရာကောင်းသော မျက်နှာလေးကို တွေ့လိုက်ရသည်။ မျက်နှာကို တမင်လွှဲလိုက်ရင်း-
“သွားစမ်းပါ၊ ဘာမှန်းလဲမသိဘူး။ ဘာတွေ လာပြောနေတာလဲ”
“ခင်လေး ချစ်သလို ကျွန်တော်လည်း ချစ်တာပါပဲ ခင်လေးရာ။ ကျွန်တော့်ကို စိတ်မချမဖြစ်ပါနဲ့။ တစ်သက်လုံး အိုအောင်မင်းအောင် သားတွေ သမီးတွေ တစ်ဒါဇင် . . .”
“ဟေး . . . ပေါက်ကရတွေ မပြောနဲ့ကွာ၊ ခင်လေး ရှက်တယ်”
သူ ကျွန်တော့်ပါးစပ်ကို ကမန်းကတန်း လှမ်းပိတ်သည်။ ကျွန်တော့်ဘက်သို့ မျက်နှာလှည့် လာ၏။ ရှက်ပြုံးကို မြင်ရသည်။ ကျွန်တော့်ပါးစပ်ဆီ ရောက်လာသော သူ့လက်ကို ဖမ်းယူထားလိုက်ပြီး -
“ကဲ . . . ကျွန်တော် စကားအကောင်းပြောမယ်နော်၊ မနောက်တော့ဘူး။ ခင်လေး ကျွန်တော့်ကို မှန်မှန်ဖြေ”
သူက ချစ်စဖွယ်ပြုံး၍ ခေါင်းညိတ်ပြ၏။ ရင်ထဲ မှာ ငြိမ်းအေးသွားသည်။ တကယ်တော့သည်အပြုံး သည်အမူအရာလေးများသည် ကျွန်တော့်ဘဝတွင် ဘယ်သောအခါမှ ပြန်လည်ရရှိတော့မည် မဟုတ်ဟု ကြေကွဲစွာ တွေးခဲ့ရသောအရာလေးများပင်။ သည် မက်မက်မောမော တောင့်တခဲ့ရသော အရာလေးများ ပျောက်သွားမည်ကို အရင်ကထက် ပိုစိုးရိမ်လာသည်။
“ခင်လေး၊ ကျွန်တော့်ကို ချစ်တယ်နော်”
“အို . . .”
သူက ကပျာကယာ ခေါင်းငုံ့ပစ်သည်။
“ပြောပါ ခင်လေးရယ်၊ ကျွန်တော်လေ ခင်လေးကို သိပ်ချစ်ခဲ့ရပါတယ်။ သိပ်ချစ်သိပ်တမ်းတနေတဲ့ အချိန်မှာ ခင်လေးမေတ္တာကို ကျွန်တော် ဆုံးရှုံးပြီဆိုတာ သိလိုက်ရတော့ ကျွန်တော် ဘယ်လိုပြောရမှန်းမသိတဲ့ ခံစားမှုမျိုးနဲ့ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ ခင်လေးနဲ့ဝေးရပြီလို့ ခံစားရတဲ့အချိန်တိုင်းမှာ ကျွန်တော့်အတွက် လောကကြီးဟာ ဘာမှအဓိပ္ပာယ် မရှိသလိုဖြစ်သွားတယ်”
သူ့မျက်နှာ မသိမသာပြန်မော့သည်။ ကျွန်တော့် ကို မရဲတရဲကြည့်သည်။
“ခုတော့ကော”
သူ့အမေး၊ သူ့လေသံ၊ သူ့အမူအရာကို အလုံးစုံ ပြည့်ဝအောင် ကျွန်တော် ပြောမပြတတ်။ သို့သော် ကျွန်တော့်ရင်တစ်ခုလုံးကို ဆွဲလှုပ်ရှားပစ်နိုင်သော စွမ်းအင်အပြည့်ရှိသည်ကိုတော့ ကျွန်တော် သိလိုက် ၏။ ကျွန်တော် ပြုံးလိုက်ပြီး -
“ခုတော့ သိန်းဆု ဆယ်ကုဋေလောက်ပေါက်တဲ့ သူထက်တောင် ဝမ်းသာရတာပေါ့ ခင်လေးရယ်။ ဒါပေမဲ့ အရေးအကြီးဆုံးတစ်ခု လိုနေသလိုပဲ”
သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။ အံ့သြမှုကို ချစ်စရာကောင်းအောင် ဖော်ပြနိုင်သော အတုမရှိသည့် အမူအရာလေး။
ဆက်လက်ဖော်ပြပါမည်