နွမ်ဂျာသိုင်း
(၁၁-၉-၂၀၂၄ ရက်နေ့မှအဆက်)
“ဒါဖြင့် ခင်လေး ကြိုက်သလိုခေါ်မယ်နော်”
“အင်း ...”
သူ မျက်လွှာမတင် မပွင့်တပွင့်လေသံဖြင့် -
“ကိုကို ... လို့”
ကျွန်တော် ထမခုန်မိစေရန် စိတ်မနည်းထိန်းထားလိုက်ရ၏။ ကျွန်တော်ခေါ်ခိုင်း၍ခေါ်လျှင်ပင်သည်မျှ ဝမ်းသာမည်မထင်။
“အစ်ကိုတစ်ယောက်လို ချစ်တာရော၊ ချစ်သူလိုချစ်တာရော ပေါင်းပြီးခေါ်ထားတာ။ ခင်လေးကိုပေးထားတဲ့ ကတိတွေကို မေ့မယ်ကြံရင် ခင်လေးခေါ်တာလေးကို အမြဲသတိရ”
“စိတ်ချ ခင်လေး၊ ခင်လေးကို ကိုယ်တစ်သက်လုံး သစ္စာရှိရှိချစ်နေမယ်။ ကိုကို ဆိုတာလေးတော့ တစ်ခေါက်လောက် ခေါ်လိုက်ပါဦးလို့”
“ဟင်း . . . သူပိုပြီ”
“မပိုပါဘူး ခင်လေးရယ်၊ ကိုယ်တကယ်ပြောတာပါ”
“ယုံပါတယ် ကိုကိုရယ်တဲ့၊ ကဲ . . . ကျေနပ်တော်မူပြီလား”
သည်လိုဆိုတော့လည်း မောင်ထွန်းဝေတစ်ယောက် လွန်မင်းစွာ ကျေနပ်တော်မူပြန်လေသတည်း။
“ဪ . . . ခုမှ သတိရတယ်”
ခင်လေးက ပျာပျာသလဲလှည့်၍ တစ်ဖက်စွန်းတွင်တင်ထားသော သူ့ဆလင်းဘက်ကိုယူသည်။ ကျွန်တော် စိတ်ဝင်တစားဖြင့် သူ့လှုပ်ရှား မှုကို စောင့်ကြည့်သည်။
“ရော့ . . .”
ရင်ထဲဝယ် တုန်ခါမှုလေးတစ်ရပ် ပေါ်လာ၏။
ကံ့ကော်ရွက်ကလေး နှစ်ရွက် . . .။
အပေါ်က ကံ့ကော်ရွက်ကလေးပေါ်တွင် ကျွန်တော့်လက်မှတ်နှင့်သူ့လက်မှတ်။ ဟိုတစ်ခါက သူ့ကို ပြန်ပေးလိုက်လေသော ကံ့ကော်ရွက်လေး။
နောက်တစ်ရွက်တွင် ဘာမှမပါ။
ကျွန်တော် ကံ့ကော်ရွက်အလွတ်ကလေးကို ယူလိုက်ပြီး တစ်ဖက ခြမ်းတွင် ကျွန်တော်လက်မှတ်ထိုးလိုက်သည်။
“ခင်လေးကို ဘယ်တော့မှ မမုန်းဘူး။ တစ်သက်လုံး သစ္စာရှိရှိနဲ့ချစ်မယ်။ ပေးထားတဲ့ကတိတွေကိုလည်း မမေ့ပါဘူးဆိုတဲ့ စာချုပ် လေး။ ကဲ . . . ခင်လေးရော့”
ခင်လေးက ကျေနပ်စွာပြုံး၍ ကံ့ကော်ရွက်လေးကိုယူလိုက်ပြီး ကျန်တစ်ဖက်စွန်းတွင် သူ့လက်မှတ် ထိုးလိုက်သည်။
“ခင်လေးကလည်း ကိုကို့ကို ဘယ်တော့မှ မမေ့ဘူး။ တစ်သက်လုံး ကိုကို့ကို ချစ်သွားပါ့မယ်။ ကိုကို့အနားက ခင်လေးဘယ်မှ ထွက်မသွားပါဘူးဆိုတဲ့ ကတိနဲ့ လက်မှတ်ထိုးပါတယ်”
ထို့နောက် ခင်လေးက ကံ့ကော်ရွက်လေးနှစ်ရွက်ကို မျက်နှာချင်း ဆိုင်ထပ်လိုက်ပြီး -
“ကဲ . . . ကံ့ကော်ရွက်လေးတွေက စာချုပ်၊ ကံ့ကော်ပွင့်လေးတွေက သက်သေ၊ ကံ့ကော်ပင်ကြီးက တရားသူကြီးပဲ။ ဒါခင်လေး စာကြည့်တိုက် ကိုသွားတုန်းက ကံ့ကော်တောထဲက ယူထားတာ။ ခင်လေးချစ်တဲ့သူနဲ့ စာချုပ်ဖို့”
ကျွန်တော် သူ့ကိုမြတ်နိုးစွာကြည့်၍ ပြုံးလိုက်သည်။ ပြီးမှ- “ကံ့ကော်စာချုပ်လေးတွေက ပိုပြီးတော့တောင် ခိုင်လုံပါသေးတယ် ခင်လေးရယ်။ တစ်သက်လုံး သိမ်းထားမယ်နော်”
“တကယ်နော် ကိုကို”
ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။
ခင်လေးက ကံ့ကော်တစ်ရွက်ကို ကျွန်တော့်ဆီ လှမ်းပေးသည်။
“ရော့ . . . ကိုကို”
နောက်တစ်ရွက်ကို သူက စောစောက ပလတ်စတစ်အိတ်လေးထဲ သိမ်းလိုက်ရင်း -
“ဒါက ခင်လေးဖို့”
ကျွန်တော် ခေါင်းညိတ်၍ ကံ့ကော်ရွက်လေးကို ကျောင်းသား မှတ်ပုံတင်ထည့်သည့် ပလတ်စတစ်အိတ်လေးထဲ ယုယစွာထည့်သည်။ ထို့နောက် ဘယ်ဘက်တွင်သာရှိသော ကျွန်တော့် အင်္ကျီအိတ်ထဲသို့ ထည့်ရင်း -
“ကိုယ့်ရင်ခုန်သံလေးတွေ အမြဲကြားနေရအောင်”
ခင်လေး မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာသည်။
ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိသော ကံ့ကော်ရွက်အချစ်စာချုပ်လေးတွင် လက်မှတ်ထိုး၍ ကျွန်တော်တို့ နှစ်ယောက်သည် အသက်ချင်း ထပ်လိုက်ကြချေပြီတကား။
နောက်ဘက်မှ အလန့်တကြား ပေါ်ထွက်လာသော အသံကြောင့် နှစ်ယောက်သားလန့်ပြီး ဖက်လိုက်ကြ၏။
“ဟာ . . . သေရောကွာ၊ ငါကအပိုင်ဆိုပြီး လှန့်လိုက်တာ နောက်ဆုံးတော့ငါ့နှမပဲအဖက်ခံရပြီး အရင်းထဲက ပါသွားပြီ”
ပေါ်ဦး၏ တဟားဟား ရယ်သံနှင့် ပြောလိုက်သောစကားကြောင့် ကျွန်တော်တို့နှစ်ယောက် ကမန်းကတန်း ခွာလိုက်သည်။
“အစ်ကိုကလည်း လန့်သွားတာပဲ”
ပေါ်ဦးက မျက်နှာဟန်လုပ်၍ မနည်းတည်ရင်း -
“ဟ . . . လန့်ရင် ထွက်ပြေးရတယ်။ ဘယ့်နှယ် ဟိုကောင့်ကိုဖက်ရတာလဲ။ တော်ပြီ၊ နောက်မလန့်နဲ့တော့”
သူ့နောက်က ကပ်ပါလာသော မဖြူကလည်း ရယ်သည်။
ကျွန်တော်က ရယ်နေရာမှ ဖျတ်ခနဲတည်၍ မကြားတကြား လေသံဖြင့်
“ပေါ်ဦး . . . နှုတ်ခမ်းနီတွေ”
“ဟေ …”
ပျာပျာသလဲဖြစ်သွားသော ပေါ်ဦးက ကပျာကယာသူ့နှုတ်ခမ်းကို လက်ဖြင့်သပ်သည်။ ထို့နောက် လက်ဝါးကိုပြန်ကြည့်၍ -
“ဘယ်မှာရှိလို့လဲကွ”
“ဟိုမှာလေ . . . မဖြူနှုတ်ခမ်းမှာ၊ မင်းက ဘာဆိုင်လို့ မင်းနှုတ်ခမ်းမင်းစမ်းတာလဲ။ မင်းဆီ နှုတ်ခမ်းနီက ဘယ်လိုလုပ်ရောက်ရမှာလဲ”
ကျွန်တော်ဖမ်းလိုက်သော အကွက်တွင်ဝင်သွားသဖြင့် နှစ်ယောက်စလုံး ရှက်သွားပြီး မဖြူက ကျွန်တော့်ကို လှမ်းရိုက်သည်။
“ဟာ . . . ကိုထွန်းဝေကြီး မကောင်းဘူး”
ပေါ်ဦးက စပ်ဖြဲဖြဲလုပ်၍ -
“အေး… ဒီတစ်ခါတော့ ငါခံလိုက်ရတာပဲ။ ဒါပေမဲ့ တို့ကရှက်စရာ မဟုတ်တော့ပါဘူး၊ နော် . . . မိန်းမရယ်”
ဟန်နှင့်ပန်နှင့် ပြောလိုက်သော ပေါ်ဦးစကားကြောင့် မဖြူ မျက်နှာရဲခနဲဖြစ်သွားပြီး -
“မောင်နော် . . . ပေါက်ကရတွေ လျှောက်မပြောနဲ့”
မဖြူဆီမှ ကြားလိုက်ရသော “မောင်” ဆိုသည့် ခေါ်သံကြောင့် ခင်လေးနှင့်ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။
“ဘာလဲ ဟေ့ကောင်၊ ဘာရယ်တာလဲ”
ကျွန်တော် မထိန်းနိုင်တော့သဖြင့် ဝါးလုံးကွဲ ထရယ်လိုက်ပြီး-
“ဪ . . . မင်းနဲ့ မောင်ဆိုတဲ့အခေါ်နဲ့ သိပ်ဟပ်နေလွန်းလို့ ငါရယ်တာပါကွာ”
“အိုး…”
မဖြူ ခေါင်းငုံ့၍ရယ်သည်။
ပေါ်ဦး တိုးလိုးတန်းလန်း ဖြစ်သွားပြီး −
“ဟာကွာ”
အားလုံး ရယ်လိုက်ကြသည်။ ရယ်နေရာမှ ပေါ်ဦးက ခင်လေးကို ဆတ်ခနဲ လက်ညှိုးထိုးလိုက်သည်။
“ဟော . ..”
ခင်လေး ကြောင်အမ်းအမ်းဖြစ်သွား၏။ ပေါ်ဦးက ကျွန်တော့်ဘက်လှည့်၍ ခါးထောက်ပြီး လေသံမာသယောင်ပြု၍ -
“ဟေ့ကောင် . . . မင်း ငါ့ညီမကို ဘာလုပ်လိုက်သလဲ”
ကျွန်တော် ရယ်ချင်စိတ်ကိုထိန်းရင်း -
“ငါ ဘာမှမလုပ်ပါဘူးကွ၊ မယုံရင် သူ့မေးကြည့်”
“အို . . . တော်စမ်းပါ၊ မဟုတ်တရုတ်တွေ”
ခင်လေးက ရှက်ကန်လေး ထကန်သည်။ ပေါ်ဦးက မရပ်ဘဲ ကျွန်တော်တို့နှစ်ယောက်ကို တစ်ပြန်စီကြည့်၍ -
“ဟေ့ကောင် . . . ဘာမှ ဘူးကွယ်မနေနဲ့။ မင်းဘာလုပ်လိုက်သလဲ မသိဘူး။ ငါ့ညီမပါးမှာ အချိုင့်ကြီးတောင်ဖြစ်သွားတယ်”
“ကဲ . . . မှတ်ထား”
ပေါ်ဦး စကားမဆုံးမီ ခင်လေးက သူ့ကျောကို ဗုန်းခနဲထုသည်။ ပေါ်ဦး ကျောကော့သွားသည်။ ရယ်သံလေးများ ဆူညံသွားသည်။ ခင်လေး၏ ပါးပြင်မှ ချိုင့်ခွက်လေးသည် ပို၍နက်ရှိုင်းလာလေ၏။ ကျွန်တော်က ပါးချိုင့်လေးကို သေချာစွာကြည့်၍ အတွေးအခေါ်ကောင်းသော ပေါ်ဦးကို ချီးကျူးသြဘာပေးလိုက်သည်။
“ငပေါ၊ ကိုယ့်နှမကို ဒီလိုပြောရသလားဟ”
“စိတ်တောင်မကောင်းဘူး၊ ပြောရတာ အားနာလိုက်တာ”
* * * * *
အပိုင်း(၄)
“မင်း တော်တော် လျှို့လျှို့ဝှက်ဝှက် လုပ်နိုင်တဲ့ကောင်ပဲ ပေါ်ဦးရာ။ တစ်ခန်းတည်းနေတဲ့ သူကိုတောင် မင်း ရအောင်ပတ်နိုင်တာ ငါတော့အံ့ဩရော”
ပေါ်ဦး အားပါးတရရယ်သည်။
“ဟ ... ဒါတော့ ငါတော်တယ် ဘယ်ခေါ်မလဲ။ မင်းညံ့တာတော့ မင်းမှမတွေးဘဲနဲ့ကွာ။ အစောကြီးကတည်းက မင်းကိုပြောနေတာပဲ၊ ရန်ကုန်မှာ ငါ့အဒေါ်အိမ်ရှိတယ်လို့”
“ငါက ဒါပဲ သိတာကိုးကွ၊ မင်းကတစ်ခါမှ ခေါ်မသွားတာ။ ပြီးတော့ ခင်လေးကို ငါကြိုက်နေတာ မင်းသိတာ ဟိုနှစ်စကတည်းက။ ဒါတောင် မင်းကအခါပေးဝင်လုပ်နေပြီး မောင်နှမဆိုတာ ဖွင့်မပြောဘဲ”
ပေါ်ဦးက အရယ်မပြတ်၊ ခုတင်ပေါ်လှဲ၍ နံရံကိုမှီလိုက်ပြီး-
“ဟုတ်တယ်၊ ငါကငါ့နှမရှိတဲ့နေရာကို မင်းကိုခေါ်သွားရမလား။ ပြီးတော့တက္ကသိုလ်မှာ ကိုယ့်နှမတစ်ယောက် ရှိကြောင်း လျှောက်ပြောနေရင် ငါခံရမှာပေါ့”
“နို့ . . . ဘာလို့ မင်းက ငါ့ အခါပြန်ပေးနေတာလဲ”
“ဒါက နောက်ပိုင်းမှပါ။ ဒီလိုကွာ၊ မင်းကို အစကနေပြီး ငါ ပြန်ပြောပြမယ်။ ဟိုး . . . မင်းနဲ့ငါ စသိကတည်းကပေါ့”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
ပေါ်ဦးက ဆေးပေါ့လိပ်ကို မီးညှိလိုက်၏။ သူ့ဆီမှမှုတ်ထုတ်လိုက်သော မီးခိုးငွေ့များသည် ကျွန်တော်တို့နှစ်ယောက်၏ ခုတင်နှစ်လုံးကြားတွင် လုံးထွေးဝေ့ဝဲနေ၏။
သူပြောမည့်စကားကို ကျွန်တော် စိတ်ဝင်တစား စောင့်နေမိသည်။
(ဆက်လက်ဖော်ပြပါမည်)