နွမ်ဂျာသိုင်း  

 

(၇-၁၀-၂၀၂၄ ရက်နေ့မှအဆက်)

 

ရှပ်အင်္ကျီအဖြူလေးကို လက်ခေါက်ဝတ်ထားတတ်တယ်။ အင်း . . . လက်ခေါက်ပုံလေးကတော့ လှတယ်လို့ ဆိုရမှာပေါ့လေ။ လက်ဖျံလေးပေါ်မှာပဲ အင်္ကျီလက်ကို နှစ်ခေါက် ခေါက်တင်ထားတာ။ လုံချည်က ကချင်ပုဆိုးအနက်ပေါ်မှာ အစိမ်းနဲ့အဝါစင်းလေး။ ပြီးတော့ ကိုကို့လက်က  တကိုင်ကိုင် လုပ်နေလို့လားမသိဘူး။ ဖိနပ်တောင် မှတ်မိတယ်ကိုကိုရေ . . .။ ခပ်နွမ်းနွမ်း ကတ္တီပါကြိုးသေး မန္တလေးဖိနပ် လေးနဲ့။

 

ခင်လေးပဲ ကံကောင်းသလား၊ ကိုကိုပဲ ကံကောင်းသလားတော့ မပြောတတ်ဘူး။ ကစားပွဲနောက်ဆုံး အစီအစဉ်လေးမှာ ကံ့ကော်ရွက်လေးပေါ်မှာ နှစ်ယောက်သား လက်မှတ်ထိုးကြတာလေ။

 

ခင်လေး အရူးမလေးလိုပဲ ကိုကိုရ၊ သူများတွေလို ပစ္စည်းလှလှလေးတွေ၊ ပို့စကတ်တွေ၊ တံဆိပ်ခေါင်းတွေ၊ ပန်းခြောက်လေးတွေစုတာ ဝါသနာမပါဘူး။ ဒါပေမဲ့ ခင်လေး ကံ့ကော်ရွက်လေးတွေတော့ချစ်တယ်။  ခင်လေး  ဆလင်းဘက်ထဲမှာ ကံ့ကော်ရွက်ခြောက်လေးတွေ အမြဲပါတယ်။ အဆင်သင့်သွားတာပေါ့နော် ကိုကို။

 

အောက်ကလူတွေ တက်မလာခင် ခင်လေးလည်း ကပျာကယာအိတ်ထဲက ကံ့ကော်ရွက်လေး ထုတ်ပြီး လက်မှတ်ထိုးလိုက်တာပေါ့။ နိမိတ်ကတော့ကောင်းပါတယ်ကိုကိုရယ်။ ခင်လေးသိပ်ချစ်တဲ့ ကံ့ကော်ရွက်လေးပေါ်မှာ ကိုကိုနဲ့ ခင်လေးရဲ့ လက်မှတ်လေးနှစ်ခု အတူတူပါသွားလို့ပဲလေ။

 

ပြန်ခါနီးတော့ ခင်လေး ကိုကို့ကို စိတ်ဆိုးတယ်သိလား။

 

ခင်လေးက အဲဒီ ကံ့ကော်ရွက်လေးကို တမင်တကာ သိမ်းမလို့ဥစ္စာ။ သူက ဘာမပြော ညာမပြောနဲ့ အဲဒီ ကံ့ကော်ရွက်လေးကိုယူသွားပြီး ခင်လေးမမြင်အောင် သူ့အင်္ကျီအိတ်ထဲက  အိုင်စီကတ်ပြားလေးထဲ ထည့်လိုက်တယ်လေ။ ဟင်း . . . သူ သိပ်လည်တာပဲ။

*   *   *

 

“ဇာတ်က သူ့ဟာနဲ့သူ အစကတည်းက အိုကေနေတာ ပေါ်ဦးရယ်။ မင်း အဲဒီစာရွက် ဘယ်လိုရတာလဲ”

 

“နောက်တစ်ခေါက် ငါသူတို့ဆီသွားလည်တော့ ခင်လေးမရှိဘူး။ ခင်လေးအခန်းထဲက စားပွဲပေါ်မှာ  သူ့ဒိုင်ယာရီလေးတွေ့လို့ သူ့မှာရည်းစားတွေဘာတွေများ ရှိနေသလားဆိုပြီး ခိုးဖတ်တာ။ ဒါတွေ့တာ နဲ့ ငါကူးထားတာ။ တစ်နေ့ကျရင် ငါမင်းကိုပြမလို့

 

သူ့စကားကြောင့် ကျွန်တော်က ခုတင်ကို လက်ဖြင့်ရိုက်ရင်း-

 

“ဒါနဲ့များ ပေါ်ဦးရယ်၊ ငါစိတ်ဓာတ်ကျအောင် မင်းမို့ကူလီကူမာ ဇာတ်လမ်းတွေ လုပ်ရက်တယ်

 

“ဟ . . . အဲဒါက နောက်မှအကြံရတာကွ။ အဓိကကတော့ မင်းစိတ်ကို ငါသိချင်တာပဲ။ များသောအားဖြင့် ယောက်ျားတွေဟာ တခြားကိစ္စမှာ ယောက်ျားပီသပေမယ့် မိန်းကလေးနဲ့ ပတ်သက်လာရင် သိပ်ခံနိုင်ရည်မရှိကြဘူး

 

ကျွန်တော် သူ့စကားကို ငြိမ်၍နားထောင်သည်။ နှစ်ယောက်သား သောက်ထားသဖြင့် တစ်ခန်းလုံးတွင် ဆေးလိပ်မီးခိုးများ ပြည့်နေသည်။

 

“ဒါကြောင့် ခင်လေးက ငါလုပ်ခိုင်းသလိုလုပ်တာ။ ဒီကောင့်စိတ် ငါစမ်းဦးမယ်ဆိုပြီး မင်းကို ကောခိုင်းတာ။ ငါ စိတ်မချလို့တောင် ခပ်လှမ်းလှမ်းက လိုက်ကြည့်ခဲ့သေးတယ်

 

ဖြစ်ခဲ့ပုံကို ပြန်တွေးကြည့်တော့ သူပြောသည်နှင့် ဒက်ထိကိုက်နေ၏။

 

 “ခင်လေးကောရင် မင်းထင်ရာလုပ်မလား။ အရက်တွေ ဘာတွေနဲ့ မူးရူးနေတော့မလားဆိုပြီး ငါစမ်းတာပေါ့။ မင်းက ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်ဆိုတော့ ငါမင်းကို သဘောကျသွားတယ်

 

ကျွန်တော် ပြုံးသည်။ ကိုယ့်ရှေ့တွင် ကိုယ့်ကို ဗြောင်ချီးမွမ်းနေခြင်းကို တုံ့ပြန်ရုံသက်သက် ပြုံးခြင်းဖြစ်သည်။

 

“အဲ . . . နောက်တစ်ခါ ပိုအံဝင်သွားတာက ကျောင်းပိတ်ရက်တုန်းက မဖြူနဲ့ငါရုံးမှာ လက်မှတ်ထိုးလိုက်ကြတာ။ ဒါကတခြားကြောင့် မဟုတ်ပါဘူးကွာ။ သူ့အိမ်က တခြား ယောက်ျားလေး တစ်ယောက်နဲ့ စေ့စပ်ဖို့ စိုင်းပြင်းနေလို့ စိတ်ချရအောင် လုပ်ထားခဲ့တာပဲ

 

“အဲဒီမှာ ငါအကြံရလို့ မဖြူရယ်၊ ငါရယ်၊ ခင်လေးရယ် သုံးယောက် တိုင်ပင်ပြီးလုပ်လိုက်ကြတာ

 

ကျွန်တော် ခေါင်းတညိတ်ညိတ် လုပ်နေလိုက်၏။

 

“အစကတော့ ခင်လေးရော မဖြူကပါ ရှက်စရာကြီးဆိုပြီး လက်မခံကြပါဘူး။ ဒါပေမဲ့ ယောက်ျား တစ်ယောက်ရဲ့စိတ်ကို စမ်းသပ်ဖို့ အကောင်းဆုံးအကြံဟာ ဒီနည်းပဲဆိုပြီး ငါပြောပြလို့ သူတို့ ရှက်ရှက်နဲ့ လိုက်လုပ်ကြတာပါ

 

“အဲဒီတော့ ငါ အလူးအလဲခံလိုက်ရတာပေါ့

 

ပေါ်ဦးက ရယ်၍ -

 

“မင်း သေသေချာချာ ပြန်စဉ်းစားကြည့်။ အဲဒီတုန်းက ငါပြောတဲ့စကားတွေမှာ တခြားတစ်ဖက်က လှည့်တွေးရင် မင်းအဲဒီကတည်းက သိနိုင်တယ်။ မင်းက မင်းစိတ်ကူးနဲ့မင်းဆိုတော့ မင်းလိုရာမင်း ဆွဲတွေးခဲ့လို့ . . .”

 

ကျွန်တော် မှတ်မိသမျှ တချို့တစ်ဝက်ကို ပြန်စဉ်းစားကြည့်သောအခါ သူပြောသည့်အတိုင်း ဖြစ်နေသည်ကို သတိထားမိ၏။

 

“ရှင်းပြီလား

 

ကျွန်တော် ခေါင်းညိတ်၍ -

 

 “အေးပါကွာ၊ ခုတော့လည်း ရှင်းသွားပါပြီ။ ဒါပေမဲ့ နေပါဦး၊ မင်းကို တစ်ခုမေးချင်လို့။ မင်းနဲ့ မဖြူက ဘယ်တော့ တကယ်ယူကြမှာလဲ

 

သူ ရယ်လည်းရယ်ရင်းနှင့် -

 

“ပုံမှန်အတိုင်းဆိုရင်တော့ ကျောင်းပြီးမှပေါ့ကွာ။ သူ့အိမ်က ရုတ်ရုတ်ရုတ်ရုတ်လုပ်ရင်တော့ တစ်မျိုးပေါ့

 

သူ့စကားအဆုံး ခင်လေးပြောသော စကားလေးတစ်ခွန်းကို သတိရသည်။

 

“ခင်လေးတို့ ချစ်ခရီးလမ်းဟာ လွယ်လွယ်ကူကူတော့ သွားရလိမ့် မယ်မထင်ဘူး

 

သက်ပြင်းတစ်ချက်ကို လေးကန်စွာ မှုတ်ထုတ်လိုက်မိ၏။

 

ပေါ်ဦးတို့အဖို့မှာ ပြဿနာကို ရင်ဆိုင်ဖြေရှင်းစရာ လက်နက်ရောအင်အားပါ အပြည့်ရှိ၏။ ကျွန်တော့်မှာ ဘာမှ မရှိပါလား။

* * *

 

(၃)

 

တက္ကသိုလ်တစ်ခုလုံးမှာ စည်ကားနေသည်။  တစ်နေရာတစ်ခုစီဖြစ်သော်လည်း အားလုံးမှာ တစ်စိတ်တည်း ဖြစ်နေကြ၏။  မိန်းဘက်မှလည်း တစ်ချိန်တည်း လှုပ်ရှားနေကြသည်။  ကျွန်တော်တို့လည်း သည်ဘက်အခြမ်းမှာ

 

“တို့လူလေးများ ဆိုသလေး

 

အနုပညာအသင်းမှ အသံအောင်အောင်နှင့် သီချင်းအဆိုကောင်းသော ကိုမောင်မောင်ခင်၏ တိုင်ပေးလိုက်သော အသံအဆုံး

 

“ဝေလေလေဆိုသော အသံနှင့်အတူ ကိုထွန်းရွှေ၏ ‘အသုံးလုံး သီချင်းကို သံပြိုင်လိုက်ဆိုကြ၏။

 

ဒိုးပတ်သားရေမျက်နှာပြင်ပေါ်သို့ ကျွန်တော့်လက်များသည် တက်ကြွမှုနှင့်အတူ စေးစေးပိုင်ပိုင် ကျနေသည်။ ရှေ့ဘက်ဆီမှ လှုံ့ဆော်သံ ဆိုင်းဘုတ်သယ်လာသော လူစုဆီမှလည်း ကြွေးကြော်သံ များ ညီညီညာညာ သီဆိုသံကို ကြားရ၏။

 

 “စာမတတ်သူပပျောက်ရေး တို့အရေး . . . တို့အရေး ကျွန်တော် တို့ဝိုင်းမှလည်း မောင်မောင်ခင် ဦးဆောင်သောအသံနှင့်အတူ တစ်အုပ်လုံး ဝိုင်းဆိုသူများ မြိုင်ဆိုင်နေ၏။

 

 “ဝါးဖတ်ပေါ်မှာ မီးသွေးခဲနှင့် ဖြစ်တဲ့နည်းနဲ့ စာကိုသင်စေ ‘အ သုံးလုံးကျေ... ‘အသုံးလုံးကျေ... ‘အသုံးလုံးကျေ

 

တဖြည်းဖြည်းနှင့် ကျွန်တော်တို့ လူအုပ်ကြီးသည် တိုင်ထူမည့်နေရာအနီးသို့ ရောက်ကြ၏။ ဝိုင်းကြည့်နေသော လူအုပ်ထဲတွင် ခင်လေးကို လှမ်းမြင်ရ၏။  ခင်လေးက ပြုံးပြသည်။  ကျွန်တော်က ပြန်ပြုံးပြရင်း လက်ကဝါးလွတ်မသွားအောင် ဒိုးကို လိုက်တီးနေရ၏။

 

“တင်းကုပ်နဲ့ ကနားဖျင်းတွေ သင်တန်းဖွင့်ကြဟေ့ . . . ဟုတ်ပေ . . . ကျောင်းပိတ်ရက် စာသင်ခန်းတွေ သင်တန်းဖွင့်ကြဟေ့ . . ဟုတ်ပေ

 

လက်ခုပ်သံများ၊ တို့အရေး . . . တို့အရေးဆိုသော အသံများ ဆူညံနေသည်။

 

“အရေးအဖတ်အတွက် ထက်ထက်မြက်မြက် ‘အသုံးလုံးကျေ

 

ကျွန်တော်တို့ဝိုင်းမှ သီချင်းအဆုံး ဒိုးအရိုင်တီး၍ ပေါ်ဦးက ဝင်ကတော့သည်။

 

“အမျိုးသားရေးမို့ ကြိုးစားပါ . . . ကျုပ်တို့ကိုယ်မှာ ချွေးတလုံးလုံး ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ . . . အမောပြေအောင် ‘အသုံးလုံးပဲ . . . တစ်ယောက်တတ်လျှင် ဆယ်ယောက်သင် . . . တစ်မြို့ပြီးရင် တစ်ပြည်လုံးဟေ့ . .”

 

“ဝထ၊ ကလသ . . . လူ့ဘောင်သစ်ရဲ့ အခြေပြ . . . ”“စာမတတ်သူ တို့ဝိုင်းကူ . . . ပြည်သူချစ်တဲ့ ကျောင်းတော်သားတို့ . . .”

 

သုံးလုံး . . . . ‘အသုံးလုံး . . . ပြည်သူ့အပြုံး . . . ‘အသုံးလုံး အချအချီ အတိုင်အဖောက်ဖြင့် တက်ကြွသောအားမာန်၊ ခိုင်မာသော ယုံကြည်ချက်တို့၏ အသံသည် ကြက်သီးမွေးညင်းများ ထလာစေသည်။

 

ဆိုင်းဘုတ်ကြီး တဖြည်းဖြည်း မြင့်တက်လာချိန်တွင် ကြွေးကြော်သံများ၊ သံချပ်သံများရော၍ တစ်ခဲနက်ပေါ်လာ၏။ ကြည့်နေသူများ အားလုံး လက်သီးလက်မောင်းတန်းလာသည်။

 

“စာမတတ်သူပပျောက်ရေး တို့အရေး . . . တို့အရေး

 

 ဒိုးကို တစ်ဖက်မှ အားရပါးရတီးနေချိန်တွင် တစ်ခါက ပေါ်ဦးနှင့် ကျွန်တော် ပြောခဲ့ဖူးသော စကားများကို သတိရလာသည်။

 

“ဟိုတုန်းကလည်းတို့မှာ တို့တိုင်းပြည်၊ တို့လူမျိုး၊ တို့ပြည်ထောင်စုအတွက် မကုန်ခန်းနိုင်တဲ့ အားမာန်သစ်တွေ၊ စည်းလုံးညီညွတ်မှုတွေ ရှိပါတယ်။ တက္ကသိုလ်ဟာ ဘယ်တော့မှ အလှမပျက်ပါဘူး။ စိတ်ချ၊ မင်းတို့လိုစိတ်မျိုးရှိတဲ့လူ တစ်ဝက်ပဲရှိပါစေ၊ မနက်ဖြန်အတွက် ဘာမှ မပူနဲ့တော့ သူငယ်ချင်း

 

ရင်ထဲတွင် ‘တို့ဆိုသော တက်ကြွမှုလေးများ လှုပ်ရှားလာ၏။ ထိုနေ့က အဆောင်ပြန်ရောက်တော့ ကျွန်တော် ကဗျာလေး တစ်ပုဒ် ရေးဖြစ်သည်။ ထိုနေ့က ခံစားခဲ့သော တက်ကြွမှုများ၏ အရိပ်ပင်။

 

(ဆက်လက်ဖော်ပြပါမည်)