နွမ်ဂျာသိုင်း
(၉-၁၀-၂၀၂၄ ရက်နေ့မှအဆက်)
ကဗျာလေးက -
“အရှိ . . . တို့”
မနေ့ကများ . . .
ကုန်သွားသည့်အတွက် မလွမ်းမက်ပါ
မနက်ဖြန်အတွက် တို့ရှိသည်။
နေ့ညများစွာ
တို့နေလာရ၊ ကြာလှပြီလေ . . .
နေဟောင်း လဟောင်း၊ စွန့်ပြောင်းထားကြ
မဆန်းလှ၍ နေ့ညဟူသည်။
နာရီသန္ဓေ၊ စက်မီးနေကြား
မွေးဖွားသစ်မြဲ သိပြီမို့ . . .
မနေ့ကလို
နေ့အိုများစွာ၊ ဆုံးရှုံးမှာကို
ရင်ဖိုတတ်ခြင်း တို့မရှိ။
တို့အသိမှာ . . .
လာမည့်နေ့သစ် လိုက်ကာလှစ်လျှင်
မဖြစ်စကား၊ တို့ပြောကြား၍
အားနာရမှာ စိုးရိမ်၏။
သည်ညနေမှာ
ဗလာသက်သက် မျက်နှာဝှက်၍
မနက်ဖြန်ကို မရှာချင်
တို့နေခဲ့ရာ
ခဏတာဝယ်၊ နာရီလေးများ
စိန်စီထားရန်၊ မွေးဖွားလာသည်
တို့ရှိသည်။
တို့ . . . ရှိသည့်အတွက်
ပြက္ခဒိန်မှာ နက်ဖြန်ခါသည်
ရက်ရာဇာပဲ ဖြစ်ရမည် . . . ။
* * * * *
“ဟေ့ကောင် . . . မြန်မြန်လုပ်၊ ဟိုမှာ ခင်လေးတို့စောင့်နေတယ်”
တောင်ငူဆောင်ထဲတွင် ပစ္စည်းများသိမ်းဆည်းနေစဉ် ပေါ်ဦး၏စကားကြောင့် ကျွန်တော် သံဆန်ခါကြားမှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ခေါင်းရင်းဘက် ခုံတန်းလျားလေးတွင် ခင်လေးနှင့် မဖြူ။ ကျွန်တော့်စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် ရပ်စောင့်နေသော ပေါ်ဦးအားလှမ်းပြောသည်။
“နေဦးကွာ၊ ငါမင်းကို တစ်ခုမေးစရာရှိလို့။ ဟိုနေ့ကစကားပြောနေရင်းတော့ သတိရသား။ ပြောရင်း တခြားစကားတွေ ရောက်သွားတာနဲ့ မေ့သွားတာ”
သူက ကျွန်တော့်အမေးကို စောင့်နေဟန်ဖြင့်ဘာမှဝင်မပြော။ ကျွန်တော်လည်း မေးရမှာ တွန့်သလိုဖြစ်နေ၏။ ကိုယ့်ဘက်က သိပ်သဘောထားသေးရာ၊ စပ်စုရာကျမလားတွေးမိသည်။ သို့သော် သူငယ်ချင်းတွေပဲလေ၊ ကိစ္စမရှိပါဘူး။ ဒီကိစ္စလေးက ကြိုပြီး ရှင်းရှင်းလင်းလင်း သိထားတော့ ပိုကောင်းတာပေါ့ဟု တွေး၍-
“ဒီလိုကွာ၊ တို့ရွှေတိဂုံဘုရားပေါ်မှာ အလှူခံတုန်းက ခင်လေးဘေးမှာပါလာတဲ့ ကိုကိုလတ်ဆိုတဲ့သူက ဘယ်သူလဲ။ အဲဒီနေ့ကကော မင်းဘာဖြစ်လို့ ရှောင်သွားတာလဲ”
ပေါ်ဦး မျက်နှာကွက်ခနဲပျက်သည်။ ချက်ချင်းမျက်မှောင်ကြုတ်သည်။ သူ့အမူအရာကြောင့် သူ့စကားအတွက် ရင်ထိတ်သွား၏။
“ဟာကွာ . . . ဒီလူ့ကို မေ့ထားလိုက်စမ်းပါ။ ငါဒီလူ့ကို တစ်စက်မှကြည့်လို့မရဘူး။ ဒါကြောင့် အဲဒီနေ့က ရှောင်ထွက်သွားတာ”
သူကပြောမှ ပိုထိတ်သွား၏။ ခင်လေးပြောသည့် မဖြောင့်ဖြူးသော ချစ်ခရီးဆိုသောကိစ္စတွင် သူများ ပါနေ၍လားဟု စိုးရိမ်လာသည်။
“ဘာဖြစ်လို့လဲ”
ကျွန်တော့်လေသံက မရဲတရဲဖြစ်နေသည်။ သူ့စကားကိုမကြားရဲ၊ ကြားကလည်း ကြားချင်နေသည်။
“သူက ခင်လေး အဖေဘက်ကကွ၊ ငါနဲ့တစ်ဖက်စီပေါ့။ ခင်လေးတို့နဲ့လည်း ဝေးပါတယ်။ သုံး၊ လေး ဝမ်းတော့ ကွဲလိမ့်မယ်”
“သူက ဘာလုပ်လဲ”
အစဉ်အတိုင်းလာမည့်စကားကို သူက မစောင့်နိုင်။ ဖြတ်၍ မေးမိသည်။ သူက အတန်ငယ် စဉ်းစားဟန်ပြု၍
“သူက မက်စ်နဲ့ ကျောင်းပြီးပြီးသား။ ဖောရင်း ကုမ္ပဏီတစ်ခုမှာ ရက်(ပ်)လုပ်နေတယ်။ နိုင်ငံခြားကုမ္ပဏီ ကိုယ်စားလှယ်ဆိုတော့ အလုပ်ဖြစ်မှာပေါ့ကွာ၊ အတော်ထောတယ်။ သူ့မိဘတွေကိုကလည်း ချမ်းသာတယ်။ ဟိုတုန်းက လိုင်စင်သူဌေးတွေပေါ့”
ခုထိတော့ ကိုယ်နှင့်ပတ်သက်သည့်ကိစ္စ တစ်စုံတစ်ရာ မပါသေးသဖြင့် ရင်ထဲမှာ လှုပ်ရှားမှုသိပ်မရှိ။ နိုင်ငံခြားကုမ္ပဏီမကလို့ သိကြားမင်းရဲ့ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ကိုယ်နှင့်မဆိုင်။ လိုင်စင်သူဌေးသားမကလို့ အနာထပိဏ်သူဌေးသားဖြစ်ပါစေ၊ ကိုယ့်ကိစ္စထဲ ဝင်မလာလျှင် အရေးမကြီး။ ထို့ကြောင့်-
“မင်းက ဘာလို့ မကြည်တာလဲ”
သူ ရှုံ့မဲ့သွားသည်။ အတော်အသင့်လေး ကြည့်မရရုံတော့မက။
“ဟာ . . . သိပ်ကြီးကျယ်တဲ့ကောင်ကွ။ တော်ရုံလူကို လူလို့ထင်တာမဟုတ်ဘူး။ ပြီးတော့ ရှုပ်လည်း သိပ်ရှုပ်တာ”
ဘုရား . . . ဘုရား . . . သည်ပုဂ္ဂိုလ်၏ ဂုဏ်ပုဒ်များသည်မျှနှင့် ရပ်သွားပါစေဟု ဆုတောင်းလိုက်မိ၏။ ကိုယ့်ကိစ္စနှင့် သူ့ကိစ္စကြား မျဉ်းတစ်ကြောင်းခြားနေလျှင် တော်ပါပြီဟုတွေးမိသည်။ သို့သော် ကျွန်တော့် ဆုတောင်းမပြည့်။
“ပြီးတော့ သူက ခင်လေးကိုလည်း ကပ်နေတာ။ ခဏခဏအိမ်အလည်လာ၊ ဘာပစ္စည်းတွေ ယူလာပေး၊ ခင်လေးဖို့ဆိုတာကတစ်မျိုး၊ အဘိုးကြီး၊ အဘွားကြီးအတွက် ဆိုတာကတစ်မျိုး ဘာအချိုးလဲကွာ”
ပစ်မှတ်က တည့်တည့်လာထိသည်။ ကျွန်တော် စိုးရိမ်သောကိစ္စသည် တစ်စက်မျှမလွဲ။ ဟုတ်တော့ ဟုတ်ပြီ။ ဒါပေမဲ့ ရေနစ်သူတောင် ဆွဲမိဆွဲရာ ဆွဲတတ်သေးတာ။ ကျွန်တော်လည်း နောက်ဆုံးအားထားရာ ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲ၏။
“ခင်လေးကကော ဘယ်လိုလဲ”
ပေါ်ဦးက ယောက်ျားမျက်စောင်းဖြင့် ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော့်ကို သိပ်ကျေနပ်ပုံမပေါ်။
“ဟေ့ကောင် . . . ခင်လေးက ဘယ်လိုဆိုတာ မင်းကိုပြောစရာလိုသေးလို့လား။ ဘာလဲ ခင်လေးက နှစ်ဂူစံနေတယ်လို့ မင်းထင်လို့လား”
ကျွန်တော် ပျာပျာသလဲဖြေရှင်းချက်ပေးသည်။ “ငါ့စိတ်ထဲမှာ သိပ်စိုးရိမ်သွားလို့ပါပေါ်ဦးရာ။ ငါ့မှာက မင်းသိတဲ့အတိုင်း”
“ငါသိပါတယ် ထွန်းဝေ၊ မင်း ငါ့ကို ရှည်ရှည် ဝေးဝေး ရှင်းမပြနဲ့။ မင်းကိုငါ အပြတ်ပြောမယ်။ ဒီကောင်ကြီး ကိစ္စကတော့ တစ်နေ့မဟုတ်တစ်နေ့ မင်းတို့ကိစ္စမှာ ဝင်ရှုပ်မှာပဲ။ ဒါပေမဲ့ မင်းဘာမှ ဒါကိုထည့်မတွေးနဲ့။ ခင်လေးက ငါ့စိတ်မျိုးပါပဲ”
ရင်သည် မအေးသော်လည်း အပူသက်သာသွား၏။ အပြင်ဘက်ကိုလည်း လှမ်းကြည့်မိသည်။ ကျွန်တော်တို့ဘက် လှည့်လိုက်သော ခင်လေးကို မြင်၏။ ကျွန်တော်က ပေါ်ဦးကို-
“ဒါဖြင့်လည်း ပြီးတာပါပဲကွာ။ လာ သွားစို့၊ စောင့်နေရတာသူတို့ ဒေါကန်နေတော့မယ်”
ပူသောရင်သည် နေစရာမရှိ။
* * * * *
ပူနေသော အကြော်ကို အချဉ်ရည်ထဲတွင် လှိမ့်လိုက်သည်။
“အား . . . အပူကြီးပါလား”
ပေါ်ဦးက အကြော်ကိုကိုက်ရင်းနှင့်အော်သည်။ ကျွန်တော်က ပြုံးလိုက်သောအခါ ခင်လေးနှင့် အပြုံးချင်းဆုံသည်။
ရေထဲတွင် ပျော်နေသူများ၏ အော်ဟစ်သံများ ခပ်လှမ်းလှမ်းမှ ကြားနေရသည်။
“ဒီနေ့ သူတို့ အတော်ပင်ပန်းသွားမှာပဲ”
စောစောက‘အ’သုံးလုံးလှုပ်ရှားမှု လှုံ့ဆော်စာပိုစတာဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။
“အေး . . . တစ်ယောက်ကလည်း ဒိုးပတ်တစ်လုံး နဲ့၊ တစ်ယောက်ကလည်း အော်လိုက်ဟစ်လိုက်နဲ့၊ သူတို့ပဲ စုံလည်းစုံတယ်”
ကျွန်တော်တို့ ရယ်နေလိုက်သည်။
“ကိုကိုက ဒါတွေဘယ်တုန်းက တတ်ထားလဲ” ခင်လေး၏အမေးတွင် ပါလာသော ‘ကိုကို’ ကြောင့် ပေါ်ဦးက မျက်လုံးပြူးပြ၏။ မဖြူကပြုံးနေသည်။ ခင်လေးမျက်နှာတွင် ပန်းရောင်နုနုပေါ်လာသော်လည်း ဣန္ဒြေမပျက်။ ခင်လေး၏သတ္တိကို ကျွန်တော်ပင် သဘောကျသွား၏။
ကျွန်တော်က ရယ်လိုက်ပြီး
“ဒီလိုပေါ့ ခင်လေးရယ်၊ ကိုယ်တို့တောမှာက ဝါသနာလေးပါရင် ဒိုးပတ်တို့၊ ခြောက်လုံးပတ်တို့ မတီးတတ်တဲ့လူမရှိပါဘူး”
“စာတွေဘာတွေကော ရေးနေတုန်းပဲလား။ မဂ္ဂဇင်းတွေဘာတွေကော မပို့ဘူးလား”
မဖြူက ဝင်မေးသည်။
“မပို့သေးပါဘူး မဖြူရယ်၊ ဒါပေမဲ့ ပို့တော့ပို့မလို့ လုပ်နေပါတယ်။ ရှုမဝကို ကဗျာလေးတွေ စမ်းပို့ကြည့်မလို့ စဉ်းစားထားတယ်” အင်းလျားရေစပ် အကြော်ဆိုင်လေးမှ စကားဝိုင်းလေးသည် ချိုမြိန် စရာကောင်းလှသည်။ အင်းလျားကန်ကြီးသည် ခါတိုင်းထက် ပို၍လှနေ၏။
ကျွန်တော်က အနောက်ဘက်ကို မျက်နှာမူပြီး ထိုင်နေသဖြင့် ခပ်လှမ်းလှမ်းမှ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီး၏ ကျောဘက်ကိုမြင်နေရသည်။ စိတ်ထဲတွင် သည်လိုအမြဲတမ်းနေသွားနိုင်ရန် စာကြိုးစား၍ မြန်မြန်ဘွဲ့ရမှဖြစ်မည်ဟု တွေးနေမိသည်။
“ဟော ... . ငိုင်သွားပါလား”
ခင်လေးက ကျွန်တော့်ကိုကြည့်၍ ရွှတ်နောက်နောက်ဆိုသည်။ ကျွန်တော်က ဘွဲ့နှင်းသဘင်ခန်းမဘက် မေးဆတ်၍ပြပြီး-
“ဪ . . . ကွန်ဗို့ကြီးမြင်ပြီးတွေးမိလို့ပါ။ ဘွဲ့တွေဘာတွေ မြန်မြန်ရမှဖြစ်မယ်။ နို့မို့ အမြဲတမ်း စိတ်ပူနေရမှာ”
“အမယ် . . . သူက ဘာများ စိတ်ပူစရာလိုလို့လဲ”
ကျွန်တော် ပင့်သက်တစ်ခု ရှိုက်၍ယူလိုက်သည်။ ပြီးမှ ခပ်လေးလေးလေသံဖြင့် -
“ပူရတာပေါ့ ခင်လေးရယ်၊ အချစ်ဆိုတာ ဘဝနဲ့ ကင်းလို့ရတာမှမဟုတ်ဘဲ”
“ငါ သူ့ကို ကိုကိုလတ်အကြောင်း ပြောပြလိုက်တယ်ဟ”
ပေါ်ဦး စကားအဆုံး ခင်လေးမျက်နှာ ကွက်ခနဲပျက်သွား၏။ ဒေါသ၏ အရိပ်ကလေးများ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
“သွားစမ်းပါ၊ အဲဒီလူကြီးအကြောင်း မပြောပါနဲ့။ ဖေဖေတို့၊ မေမေတို့က အလကားနေရင်း အထင်ကြီးနေလို့ ဒီက လိုက်လိုက်လျောလျော ဆက်ဆံနေတာပါ”
သူက ဖော့ပေးလိုက်သော်လည်း ကျွန်တော်ကပိုထိသွားသည်။ “ကိုယ်ကတော့ စိတ်ပူမိတာ အမှန်ပဲ ခင်လေး”
“ပူရင် မြန်မြန်နီးအောင် ကြိုးစားပေါ့”
မဖြူက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ ခင်လေးကတော့ ပိုလိုက်တာဆိုသော အဓိပ္ပာယ်ရှိသည့် အကြည့်ဖြင့် ကြည့်လိုက်၍-
“အမယ်လေး . . . သည်းမနေနဲ့ ကိုယ်တော်ရယ်၊ ခုမှရည်းစားဖြစ်တာ တစ်ပတ်ပဲရှိပါသေးတယ်။ သိပ်နီးချင်မနေနဲ့ဦး”
“ဪ . . . ငါ အခုမှ သတိရတယ်”
(ဆက်လက်ဖော်ပြပါမည်)