နွမ်ဂျာသိုင်း

 

(၁၃-၁၁-၂၀၂၄ ရက်နေ့မှအဆက်)

“ခင်လေးနဲ့ မတွေ့ခင်တုန်းက ငါ့ဘဝမှာ အချစ်ဆိုတာမှမရှိသေးဘဲ ကျော်ညွန့်ရယ်။ အချစ်ဆိုတာ မရှိသေးတဲ့ ငယ်ဖြူဘဝနဲ့ အချစ်ဆိုတဲ့အရာနဲ့ သိပ်ချစ်စရာကောင်းတဲ့ချစ်သူကို တွေ့ပြီးနေတဲ့ ခုလိုအချိန်ဘယ်တူပါ့မလဲ

 

သူကတော့ သူပြောချင်သည့် စကားများကိုသာ ဆက်ပြောသည်။

 

“အချစ်ဆိုတာ ဘဝမှာဘာမှမဟုတ်တဲ့ ဇိမ်ခံပစ္စည်းလေးပါကွာ။ ထမင်းငတ်ရင် ဘယ်သူမှ အသည်းကွဲမနေနိုင်ပါဘူး

 

သူ့စကားကို ကျွန်တော်နားမဝင်နိုင်။ ထို့အတူ ကျွန်တော်ပြန်လည်ရှင်းပြလျှင်လည်း သူမည်သို့မျှ လက်ခံမည်မဟုတ်သဖြင့် ဘာမှပြန်မပြောတော့။ သို့သော်ဘာပဲဖြစ်ဖြစ်သူ့ထံမှ စကားတစ်ခွန်းတလေ အကြံအဖြစ် ရကောင်းမည်ဟုမျှော်လင့်၍ -

 

“ဒါဖြင့် ငါဘာလုပ်ရမလဲ ကျော်ညွန့်။ ကိုယ့်ချစ်သူ တစ်ပါးသူလက်ထဲပါသွားတာကို ဒီအတိုင်းပဲ ကြည့်နေလိုက်ရမလား

 

ကျော်ညွန့်က ကျွန်တော့်ကို သေခါနီးလူမမာ တစ်ယောက်လို ကြည့်နည်းမျိုးဖြင့် ကြည့်ရင်း

 

“နို့ . . . မင်းက ဘာများလုပ်နိုင်တာရှိလို့လဲ ထွန်းဝေ။ အေးပေါ့ကွာ၊ မင်းဆိုတဲ့ကောင်က အချစ် တစ်ခုမှဘဝလို့ထင်ပြီး အနာဂတ်ကိုယ့်ဘဝ၊ အနာဂတ်ကိုယ့်ချစ်သူဘဝ၊ ပြီးတော့ မင်းရွာ၊ မင်းအမေ၊ မင်းပတ်ဝန်းကျင်ဆိုတာတွေ မစဉ်းစားဘဲ ပေါင်းရပြီးရော၊ ထမင်းရည်အတူလျက်မယ်ဆိုရင်တော့ လုပ်စရာတွေရှိတာပေါ့

 

သူ့စကားက ကျွန်တော့်စိတ်ကိုပုံလဲကျသွား အောင်မလုပ်နိုင်သော်လည်း ကျွန်တော့်ရင်ကိုမူ ခါးဖြတ်ရိုက်လိုက်သလို ဖြစ်သွား၏။ သို့သော် သူပြောမှ ကျွန်တော် အဓိကဖွင့်ဟ တိုင်ပင်သင့်သည့် လူတစ်ယောက်ကို ပြေးမြင်သည်။ အမေ ...။ကျွန်တော် အမေ့ကို ဘာမှ မပြောရသေးပါလား။

* * * * *

 

“မထူးပါဘူးကွာ၊ ခိုးမယ့်ကိစ္စကတော့ ခိုးမှာသာ ခိုးပါ။ ပြီးတော့ နေဖို့ထိုင်ဖို့အဆင်မပြေသေးရင် ငါ့ဆီခဏ မင်းကောင်မလေးကို ပေါင်ထားပေါ့။ မင်းကျောင်းစရိတ်ရော၊ ကောင်မလေး ကျောင်းစရိတ်ရော ငါထောက်မယ်။ မင်းကျောင်းပြီးတော့မှ ပြန်ယူပေါ့။ ငွေပြန်ဆပ်စရာမလိုပါဘူး

 

“ဟာကွာ .....”

 

စန်းလွင် စကားအဆုံး အားလုံးပွဲကျသွားသည်။ ကျွန်တော်က ပါးစပ်မှဆဲရင်း လက်ထဲရှိသည့် သစ်သားမီးခြစ်နှင့် ကောက်ပေါက်လိုက်သည်။ စန်းလွင်က မီးခြစ်ကိုခေါင်းငုံ့ရှောင်လိုက်ကာ -

 

“မသိဘူးလေ၊ မင်း အကြံအိုက်နေတယ်ဆိုလို့ ငါက အကောင်းပြောရတာ။ ဒါတောင် ခင်လေးမို့၊ ဟိုသောက်ခေါမလေး ခင်မာအေးဆိုရင် အပေါက်ဆိုးလွန်းလို့ အတိုးပေးတာတောင်လက်မခံဘူး

 

“သေလိုက်ပါလား

 

အောင်လင်းက သူ့ကိုထိလာသဖြင့် စောစောကလို မရယ်တော့ဘဲ နားရင်းကိုထအုပ်၏။ အားလုံး ဝိုင်းရယ်ကြသည်။ လူပုံက ဖြူဖြူနွဲ့နွဲ့နှင့် ဝင်းနိုင်ကမူ ထောင့်တစ်ထောင့်တွင် ကုပ်ထိုင်နေရာက-

 

“နေစမ်းပါကွာ၊ ဟိုကောင်ညစ်နေရတဲ့အထဲ အရမ်းတွေလောင်မနေစမ်းနဲ့။ ဒီမှာ ထွန်းဝေ၊ မင်းကို ငါပြောပြမယ်

 

အခိုက်အတန့်အားဖြင့်တော့ သူ့အတည်စကားကြောင့် အားလုံး၏အာရုံများသည် သူ့ဆီစုရုံးသွား သည်။ သူက လေသံအေးအေးဖြင့်-

 

“မင်း အက်ဖ်ဒဗလျူ၊ ဗောဒီလုံဆိုတဲ့ကဗျာ ကြားဖူးလား

 

ကျွန်တော် ခေါင်းခါပြလိုက်သည်။ စန်းလွင်ကမူ မင်သေသေနှင့်ဝင်၍ -

 

“သိသားပဲကွ၊ အရင်က တို့အိမ်နားမှာ ရေထမ်းတဲ့ရေကုလားပဲ

 

ဝင်းနိုင်၏အကြည့်သည် ဒိုင်းခနဲ ရောက်သွား၏။

 

“စန်းလွင် ဝင်မရှုပ်နဲ့ကွာ။ ဟိုကောင်က အကောင်းပြောနေတာ။ နင့်အမေနဲ့ ကြာကူလီရိုက်ခဲ့တဲ့ ကုလားအကြောင်းပဲ ထည့်ထည့်ပြောနေ

 

“ဟေ့ကောင်နော်

 

ကြားမှ အသားလွတ် ဝင်ခွပ်လိုက်သော အောင်လင်းကို စန်းလွင် တီးထည့်လိုက်သည်။ ပေါ်ဦးက အသာငြိမ်၍ ကြည့်နေရာက -

 

“ဟေ့ကောင်တွေ . . . တော်တော့၊ ဝင်းနိုင် ဆက်ပြောကွာ။ အဲဒီကောင်က ဘာဖြစ်လို့လဲ

 

ကျွန်တော်က သူတို့ကို ပြုံးကြည့်ရင်း ဝင်းနိုင်စကားကိုနားစွင့်သည်။ ဝင်းနိုင်က သူ့လေသံ အေးအေးနှင့်ပင် -

 

“အဲဒီ ကဗျာဆရာရဲ့ အလင်းရောင် ဆိုတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ မူရင်းနာမည်က ‘လိုက်တ်တဲ့

 

“ဪ . . . ဒါလား၊ ငါသိသားပဲ။ အင်္ဂလန်မှာ ရေနံဆီရှားတုန်းကရေးခဲ့တာ ငါမှတ်မိတယ်

 

ပေါ်ဦးက ဘာမပြောညာမပြော သူ့ခေါင်းအုံးဖြင့် ထရိုက်သည်။ စန်းလွင် ကုပ်သွား၏။ ဝင်းနိုင်က ဆက်၍-

 

“အေး. . .အဲဒီကဗျာထဲမှာပါတဲ့ စာပိုဒ်လေး ငါအမြဲဆောင်ထားတယ်။ ရော့ . . . ငါ့ဘာသာငါ တတ်သလို ဘာသာပြန်ထားတာ၊ ဖတ်ကြည့်

 

သူက သူ့အိတ်ထဲမှ ပန်းရောင်စာရွက်လေး တစ်ရွက်ထုတ်ယူလိုက်ပြီး ကျွန်တော့်ကိုပေးသည်။ ကျွန်တော်က အသံထွက်၍ ထိုကဗျာလေးကို ဖတ်လိုက်၏။

 

“ညမှာ မျက်လုံးပေါင်း တစ်ထောင်ရှိတယ်၊

ဒါပေမဲ့

နေ့မှာတော့ တစ်ခုတည်း၊

သို့တိုင်အောင် နေ . . . သေသွားတဲ့အခါ

ကမ္ဘာတစ်ခုလုံးရဲ့ အလင်းရောင်ဟာလည်း

ဆုံးပါးသွားမှာပဲ၊

အသိဉာဏ်မှာ မျက်လုံးပေါင်း တစ်ထောင်

ရှိတယ်၊

ဒါပေမဲ့

နှလုံးသားကတော့ တစ်ခုတည်း၊

သို့တိုင်အောင် အချစ်ကပြုလိုက်တဲ့အခါ

ဘဝတစ်ခုလုံးရဲ့ အလင်းရောင်ဟာလည်း ဆုံးပါးသွားမှာပဲ

 

“ကောင်းတယ်ကွာ၊ ဒီကောင့်ကို ငါ့မင်္ဂလာ ဆောင်ကျရင် သြဘာစာဖတ်ခိုင်းမယ်။ ရတုပိုဒ် တစ်ပိုဒ်လည်းဘိုလိုရေးခိုင်းမယ်။ ဘယ်သူ အက်ဖ် ဒဗလျူဗောတစ်လုံးဟုတ်လား

 

ဇာတိပုည ဂုဏ်မာနကိုက မရွှတ်ရလျှင် မနေနိုင်သော စန်းလွင်က ဝင်လောင်ဖြစ်အောင် လောင်သည်။ ကျွန်တော်ပင် ပြုံးစိစိဖြစ်သွား၏။ အောင်လင်းကလည်း ဝင်၍ -

 

“အေး . . . ဟုတ်တယ်၊ မင်းပြောတဲ့ ဗော တစ်လုံးနဲ့ ခံစားချက်ချင်းသိပ်တူတယ်

 

“ဘာလဲ၊ မင်းလည်း နတ်ကွပ်ပဲလား

 

ဝါးခနဲ ရယ်သံများ တစ်ခန်းလုံး ဆူညံသွား၏။ ပေါ်ဦးက တဟားဟားနှင့် သဘောကျနေ၏။ ဝင်းနိုင်ပါ ရောရယ်နေတော့၏။ ကျွန်တော်က လိုရင်းမြန်မြန်ရောက်စေချင်သဖြင့် ဝင်းနိုင်ကို လှမ်းပြီး-

 

“ဒီကဗျာရဲ့ ဆိုလိုချက်ကို ငါနားလည်တယ် ဝင်းနိုင်။ အချစ်မရှိရင် ဘဝလည်းသေသွားမယ်ပေါ့။ ဒီတော့ မင်းကဘာပြောချင်တာလဲ

 

ဝင်းနိုင်က ချက်ချင်းမပြောသေးဘဲ ကျွန်တော်ကမ်းပေးသော စာရွက်ကိုအိတ်ထဲခေါက်ထည့် လိုက်သေး၏။ ပြီးမှ ဆေးလိပ်တစ်လိပ်ကိုယူ၍ ခေါင်းဆိတ်ဖဲ့ကာ -

 

“ဘာပြောစရာလိုသေးလဲ ထွန်းဝေရာ၊ တခြားဘာမှတွေးမနေနဲ့။ မင်းလုပ်ရမယ့်အလုပ်ကို ပြတ်အောင်လုပ်။ ဘာမှမစိုးရိမ်နဲ့၊ အချစ်ရှိရင် အားလုံးပြည့်စုံတယ်။ သခင်ကိုယ်တော်မှိုင်းပြောတာ မကြားဖူးဘူးလား။ ဗမာပြည်မှာ ထမင်းတစ်လုတ်ကို ထင်းခုတ်စားတာနဲ့ရပါတယ်ဆိုတာ

 

ရင်ထဲမှ ဆန္ဒမီးတောက်သည် လောင်စာ ထပ်ဖြည့်ခြင်းခံရသဖြင့် ဝုန်းခနဲထတောက်၏။

 

“ငါလည်း ဒီလိုပဲ ဆုံးဖြတ်ထားတာပဲ ဝင်းနိုင်

 

ပေါ်ဦးက ကျွန်တော့်ကို အကဲခတ်သလို တစ်ချက်လှမ်းကြည့်၏။ ဝင်းနိုင်က ခေါင်းညိတ်ရင်း-

“ဒါဖြင့် ဘာလို့တွေဝေနေသလဲကွာ။ ဟိုမေး ဒီမေးနဲ့ မင်းကြာရင် ပိုခေါင်းရှုပ်လာမှာပေါ့

 

ကျွန်တော် သူ့စကားကို ခေါင်းတဆတ်ဆတ် ညိတ်၍ နားထောင်နေမိသည်။ ထိုစဉ် စန်းလွင်က ဝင်၍-

 

“အေး ဝင်းနိုင်ပြောတာ ဟုတ်တယ်

 

သူ့စကားစလိုက်သည်ဆိုလျှင် အားလုံး၏ မျက်လုံးများ သူ့ဆီပြုံရောက်လာ၏။ နောက်ရင်တော့ အသတ်ပဲဆိုသော မျက်လုံးများ။ သူကလည်း သဘောပေါက်ဟန်တူပါသည်။

 

“ငါ နောက်မလို့မဟုတ်ပါဘူး၊ အတည်ပြောမလို့။ ဟိုကွာ၊ မင်း တက္ကသိုလ်စရောက်တုန်းက အိမ်သာ ထဲမှာ ဖြစ်ခဲ့တဲ့အကြောင်းတို့ကို ပြောပြထားတာ မှတ်မိလား

 

ဟိုတုန်းက အိမ်သာထဲမှာဖြစ်ခဲ့သောအဖြစ်ကလေးနှစ်ခုကို တစ်ပြိုင်နက်သတိရသည်။ ဒီကောင်နောက်ဦးမှာပဲ ဟူသောအတွေး ချက်ချင်း လိုက်လာ၏။

 

“ဟေ့ကောင် ..... စကားကောင်းပြောနေရင် မနောက်နဲ့တော့ကွာ

 

ကျွန်တော့်လိုပင် တွေးမိဟန်တူသော အောင်လင်း ကလည်းဝင်ဟန့်၏။ စန်းလွင်က ခေါင်းခါရင်း-

 

“ငါ မနောက်ပါဘူးလို့ ပြောပြီးပြီကွာ။ သူ့ ဘာသာသူဖြစ်တာက ရယ်စရာရယ်စရာပဲ။ ငါမြင်တာက ယူတတ်ရင် ဘဝအသိတစ်ခု ရဖို့ကောင်းတယ်

 

ကျွန်တော် မျက်မှောင်ကြုတ်၍ သူ့စကားဆီ အာရုံစိုက်သည်။ သူက ဆက်၍ -

 

“အိမ်သာထဲ ဟိုကြည့်လိုက်ပါဦး၊ ဒီကြည့်လိုက်ပါဦးဆိုပြီး လျှောက်ညွှန်ပြီးမှ သူများပြောတိုင်း လျှောက်လုပ်တဲ့သူဟာ ငပေါလို့ ရေးထားတဲ့ကိစ္စကို စဉ်းစားကွာ

 

အဖြစ်အပျက်ကိုလည်း မှတ်မိ၏။ သူပြောလိုရင်းကိုလည်း ရိပ်မိလိုက်သည်။ ထို့ကြောင့် ဝင်ထောက်ခံပေးလိုက်၏။

 

“အင်း . . . အင်း . . . မင်းပြောတာ ငါနားလည်ပြီ

 

စန်းလွင်က ခေါင်းညိတ်ပြီး -

 

အေး …ဒါပဲကွ၊ လူဆိုတာ သူ့အယူအဆနဲ့သူ တူတာမဟုတ်ဘူး။ ဟိုက ဒါဖြင့် ဟုတ်တယ် ပြောလိုက်၊ ဒီလူက ဒါမဟုတ်ဘူး ပြောလိုက်နဲ့ မင်း က ဟိုဟာဟုတ်နိုး၊ ဒီဟာဟုတ်နိုး လျှောက်တွေးရင်း နောက်ဆုံးကျတော့ ဘာမှမဟုတ်ဘဲ မင်းကျန်ရစ် ဖြစ်တာပဲအဖတ်တင်မှာ

 

သူ့စကားအဆုံး ကျွန်တော့်ရင်ထဲမှ ဆုံးဖြတ်ချက်လေးသည် အင်္ဂတေလောင်းပြီးသား ဖြစ်သွား၏။ ခိုင်သွားလေပြီတည်း။

* * * * *

 

(ဆက်လက်ဖော်ပြပါမည်)