နွမ်ဂျာသိုင်း
(၉-၈-၂၀၂၄ ရက်နေ့မှအဆက်)
ကျွန်တော် သူ့ကို စာနာနားလည်မိသည်။ ထို့ကြောင့် သူ့ပခုံးကို ညင်သာစွာပုတ်၍ -
“ပေါ်ဦး၊ မင်းစေတနာကို ငါသဘောပေါက်ပါတယ်။ ဒါပေမဲ့ ဒီလောကကို မင်းဒီလောက်အထင် မသေးနဲ့ ဟေ့ကောင်။ လောကကြီးမှာ အမှားကအမှန်ကို နိုင်သွားတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ဖူး ဘူး။ ယာယီသာ လွှမ်းရင်လွှမ်းမယ်။ ရေရှည်နဲ့ ထာဝရမှာ အမှန်တရားပဲ ကျန်ခဲ့တာပဲ။ မင်းကြိုက်တဲ့ ရာဇဝင်သမိုင်းတွေ ပြန်ကြည့်”
ပေါ်ဦးက ခေါင်းတညိတ်ညိတ်လုပ်ရာက -
“ဒါတော့ ဒါပေါ့ကွာ”
“အဲဒီဒါလေးဟာ ပေါ့သေးသေးမဟုတ်ဘူးပေါ်ဦး။ မင်းဟိုကလာတဲ့ လူအုပ်ကြီးကိုကြည့်”
ကျွန်တော်ညွှန်ပြလိုက်သောနေရာတွင် အတန်းဆင်း၍ ပြန်လာကြသော ကျောင်းသား ကျောင်းသူများ။
အဲဒီလိုလူမျိုး ဘယ်နှယောက်ရှိလို့လဲ။ အဲဒီထဲမှာကော မင်းလိုတို့လို စိတ်မျိုးရှိတဲ့ လူတစ်ဝက်ပဲ ပါပါစေ။ မနက်ဖြန်အတွက် ဘာမှမပူနဲ့ သူငယ်ချင်း”
သူ သက်ပြင်းချသည်။ ပြီးတော့ပြုံးသည်။ သူ့မျက်နှာပေါ်တွင် စောစောကအရိပ်များမရှိတော့။ ကျွန်တော်ကသာဆက်၍ -
“စိတ်ချပါ ပေါ်ဦးရာ၊ တက္ကသိုလ်ကို မင်းအထင် မသေးပါနဲ့။ မင်းပြောသလို တို့တက္ကသိုလ်မှာ တက္ကသိုလ်ရဲ့ အလှကိုဖျက်နေတဲ့ စုန်းပြူးတွေ၊ သိုးမည်းတွေ လူနည်းစု ရှိချင်ရှိနေလိမ့်မယ်။ ဒါပေမဲ့ တို့တက္ကသိုလ်ရဲ့ ဂုဏ်ရည်ဟာ အဲဒီလူတွေရဲ့ လွှမ်းမိုးမှုကြောင့် ဘယ်တုန်းကမှ မလှမပ မပျက်စီးခဲ့ပါဘူး”
“နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးဆိုတဲ့ ပြည်ထောင်စုအရေး၊ အမျိုးသားရေးတွေမှာ တို့တစ်တွေရဲ့ သမိုင်းကြောင်းလှခဲ့သလို နောင်အရှည်သဖြင့်လည်း ပြည်သူအားလုံး သာယာဝပြောမယ့် လူ့ဘောင်သစ်တည်ဆောက်ရေး၊ ပြည်သူဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အမျိုးသားရေးတာဝန်တွေကိုလည်း အမြဲတမ်း ကျေပွန်အောင်ဆောင်ရွက်သွား ကြဦးမှာပါ။ ဟိုတုန်းကလည်း တို့တွေမှာ အားမာန်နဲ့ သတ္တိတွေ အပြည့်ရှိခဲ့သလို ဒီနေ့လည်း တို့မှာ တို့တိုင်းပြည်၊ တို့ယဉ်ကျေးမှုနဲ့ တို့ပြည်ထောင်စုအတွက် မကုန်ခန်းနိုင်တဲ့ အားမာန်သစ်တွေ၊ စည်းလုံးညီညွတ်မှု တွေရှိနေပါတယ်။ တက္ကသိုလ်ဟာ ဘယ်တော့မှ အလှမပျက်ပါဘူး၊ စိတ်ချ”
ပေါ်ဦးက ကျွန်တော့်စကားကို နားထောင်ရင်း-
“အေးပါကွာ၊ ငါနားလည်ပါတယ်။ တက္ကသိုလ်ကိုရောက်ဖို့ ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတဲ့ တို့ဘဝ လည်း ရှိသေးတာပဲ”
“ဒါပေါ့၊ သူများမှားတာကို တို့ကမှားမှန်းသိနေမှတော့ သူများမှားတိုင်း တို့လိုက်မှားစရာ အကြောင်း မရှိဘူး။ သူများပျက်တိုင်းလည်း တို့ပျက်စရာအကြောင်းမရှိဘူး။ တို့ယုံကြည်တဲ့အမှန်ဘက်ပဲ တို့ရပ်တည်ပြီး တို့ကိုယ်ကျင့်တရားနဲ့ တို့ယဉ်ကျေးမှု ကို တို့ထိန်းသိမ်းစောင့်ရှောက်ရမှာပေါ့”
အပြုံးများ ပြန်လည်ရောက်ရှိလာသည်။
“မဂွက် . . . ဗော့နှစ်လိပ် ပေးစမ်းပါ”
ခုမှ သတိရလာဟန်ဖြင့် ပေါ်ဦးက အနားမှမဂွက်စတိုးဟု ကျွန်တော်တို့ဘာသာ အမည်ပေး ထားသော မဂွက် ကွမ်းယာဆိုင်ဘက် လှမ်းပြောလိုက်သည်။ ထို့နောက် လာပို့သော ဆေးလိပ်နှစ်လိပ်ထဲမှ တစ်လိပ်ကို ကျွန်တော့်အားပေးသည်။ ထို့နောက် သူကဆေးလိပ်ကို မီးညှိလိုက်သည်။
ပြီးမှ ကျွန်တော့်ဘက် မီးကမ်းပေးလိုက်ပြီး -
“မင်းကိစ္စကော အကျိုးအကြောင်း သိပြီလား”
ခင်လေးကို ဖျတ်ခနဲ သတိရသည်။ ရင်ထဲ၌ ဖိုသွားပြီး -
“ဟေ့အေး . . . ငါ မနက်ဖြန်တော့ သွားမေးမယ် စိတ်ကူးတယ်”
ပေါ်ဦးက လက်ချိုးတွက်၍ -
“မင်းဟာက သုံးရက်တောင် ရှိပြီပဲ”
ကျွန်တော် ရယ်လိုက်သည်။ ဆေးလိပ်ပြာခါပြီးမှ -
“ငါ မမေးရဲသေးလို့”
သူက သဘောကျစွာ ရယ်သည်။
“အခြေအနေက မင်းပြောသလိုဆို ကောင်းသား ပဲ”
“ဪ . . . ဒါက ငါထင်တာကိုးကွ”
•••••
“အဲဒီနေ့က ငါ ကုလားမကြီးကို မနည်းပြောပြီး ထိုင်စောင့်နေရတာ”
နှစ်ယောက်သား အမှတ်ရစွာ ရယ်လိုက်၏။
“ထားပါကွာ၊ မနက်ဖြန်ကျရင်တော့ သေချာ ပေါက်သိရမှာပါ”
ကျွန်တော့်ပါးစပ်မှ ခပ်ပေါ့ပေါ့ ပြောလိုက်သော်လည်း ရင်ထဲတွင် အရမ်းလှုပ်ရှားသွားသည်။
ရင်ထဲမှာ ဖိုနေသည်။ ထို့ကြောင့် သက်သာရာ သက်သာကြောင်း -
“ဪ . . . မင်းကိုငါ တစ်ခုပြမလို့”
“ဘာလဲ”
ကျွန်တော်က လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ယူလိုက်သည်။ ကျွန်တော် ကဗျာလေးများ ရေးလေ့ရှိသည့်စာအုပ်။
“ဒါ ဖတ်ကြည့်စမ်း ပေါ်ဦး”
ပေါ်ဦးက စာအုပ်ကို လှမ်းယူ၍ ကြည့်သည်။
တစ်ဝက်စီ ချစ်နေကြတယ်
နီကြင်ကြင် မန်ကျည်းရည်
ခပ်ချဉ်ချဉ် ဘယ်သူသောက်မှာလဲ
ညိုနီနီ ထန်းလျက်ရည်
ချိုရီရီ ဘယ်သူသောက်မှာလဲ
ရောလိုက်လေ ရေခဲထည့်
ကောင်းလိုက်တဲ့ ဖျော်ရည် ပီသတဲ့ အရသာ။
မင်းနဲ့ငါ . . . စေတနာထည့်
ကောင်းလိုက်မယ့်ဘဝ . . . ပီသမယ့်အချစ်။
•••••
“အဲဒါ ဘာလဲ”
အူကြောင်ကြောင်နိုင်လှသော သူ့အမေး။
“ကဗျာလေ”
ပေါ်ဦးက ရယ်၏။ ရယ်ရင်းနှင့် -
“အဲဒါ ကဗျာလား။ မသိပါဘူး၊ ကိုမြတ်သူတို့ ဆိုင်အတွက် မန်ကျည်းဖျော်ရည် ကြော်ငြာလားလို့”
“ထပ်သရီး . . . အဲဒါ ခံစားချက်တွေကွ”
“အေး . . . ကောင်းတယ်၊ လုပ်သာလုပ်”
သူ့ပြောင်စပ်စပ်အပြောကြောင့် ကျွန်တော် ရယ်လိုက်မိသည်။
“ဘာလဲ၊ မင်းက ကဗျာပုံစံကို သိပ်မကြည်လို့လား။ ဒါကတော့ တစ်ခါတလေ စိတ်ကူးလွတ်လပ်မှု လေး ရှာတာပေါ့ကွာ။ ဒါမျိုးမှ ကဗျာလို့ ငါမပြောပါဘူး။ ဒါပေမဲ့ ဒါမျိုးလေးတွေလည်း ကဗျာပါပဲ”
ပေါ်ဦးက ရယ်ရင်း -
“မဟုတ်ပါဘူး၊ ကဗျာပုံစံကို ငါမပြောပါဘူး။ ကဗျာခေါင်းစဉ်ကို သဘောကျလို့”
သူပြောမှ ကျွန်တော် သတိထားမိသည်။ ခေါင်းစဉ် အလိုကတော့ ကျွန်တော့်ဘက်က ကျွန်တော် အပိုင်တွက်ပြီးသား ဖြစ်နေ၏။
“ဟာကွာ . . . ဒါကတော့”
ကျွန်တော် စကားကို အဆုံးမသတ်မိ။ ဘာဆက်ပြောရမှန်းလည်း မသိ။
•••••
( ၂ )
ဒဂုံဆောင်အရောက်တွင် တောင်ပိန္နဲပင်အောက် မှ ခင်လေးတို့ကို လှမ်းမြင်သည်။
“မင်းသွားတော့၊ ငါ တောင်ငူပေါ်တီကိုအောက်က စောင့်နေမယ်” ပေါ်ဦးကို ခေါင်းညိတ်ပြ၍ ခင်လေးတို့ဘက် ခြေလှမ်းဦးတည်သည်။
ရင်ထဲမှ တဒိတ်ဒိတ်ခုန်သံသည် ကျယ်လောင်လာ၏။ ကျွန်တော့်ဘက်ကို ကျောပေးထားသဖြင့် ခင်လေးနှင့် မဖြူသည်ကျွန်တော့်ကိုမမြင်။ တစ်ယောက်နှင့်တစ်ယောက် ဘာပြောနေကြသည် မသိ၊ ကျောပြင်နှစ်ခုလုံး သိမ့်သိမ့်ခါအောင် ရယ်နေသည်ကို တွေ့ရသည်။ ခင်လေး၏ ဆံပင်လေးများသည် ခုံတန်းလျား ကျောမှီပေါ်တွင် နွဲ့နွဲ့လေး လျှောကျနေသည်။ ခင်လေးထံမှ သင်းပျံ့ပျံ့ရနံ့လေးတစ်ခု လေပြည်ထဲတွင်ပါလာ၏။ ခြေလှမ်းကို ရပ်လိုက်သည်။ ကျွန်တော်ရောက်လာသည်ကို သူတို့ သိဟန်မတူ။ ရယ်သံလေးများ ကြားနေရသည်။
“မခင်လေး”
ခပ်တိုးတိုး ခေါ်လိုက်သော ကျွန်တော့်အသံသည် မသိမသာတုန်သွားသည်ကို သတိပြုမိ၏။ ဖျတ်ခနဲ လှည့်ကြည့်သည်။ မဖြူ၏ခေါင်းပါ ချာခနဲလည်လာ၏။ ခင်လေး၏ မျက်နှာမှအပြုံးသည် ရုတ်ခြည်း ပျောက်သွားသည်။ မဖြူ တစ်ဖက်သို့ပြန်လှည့်၍ ခေါင်းငုံ့၏။
ခင်လေး၏မျက်နှာတွင် တင်းခနဲအရိပ်တစ်ခုဝင်သည်။ မျက်မှောင်သည်စုဆုံ၍ မျက်လုံးတွင် စူးရှမှုတစ်ခု ပေါ်လာသည်။
“ဘာလဲ”
ပြတ်တောက် တင်းမာသောအသံ။ စောစောကကြိုတင်သီကုံးလာသော ရင်ထဲမှ စကားများသည် ပုလဲလုံးများသဖွယ်ပင် သီထား သောကြိုးမှပြတ်၍ လွင့်စဉ်ကာ ဖရိုဖရဲဖြစ်သွား၏။ နှုတ်ခမ်းပေါ်တွင် ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးများ ရောက်လာသည်။ ကျွန်တော့်ခန္ဓာကိုယ်သည် တောင်ပိန္နဲရွက်ခြောက်များကြားတွင် သိမ်ငယ်ချည့်နဲ့သွား၏။
“ကျွန်တော် . . .”
ဆက်လိုက်ရမည့် စကားများသည် လည်ချောင်း တွင်ပင် ကြေမွပြိုကွဲသွားသည်။
“တော်တော့ ကိုထွန်းဝေ၊ ရှင် ဘာမှမပြောနဲ့တော့။ ကျွန်မ ရှင်နဲ့ ဘာစကားမှ မပြောချင်တော့ဘူး”
ပြောင်းလဲမှုအားလုံးကို ကျွန်တော် သဘောမပေါက်။ မိန်းမများ၏ ထူးဆန်းသော မျက်လှည့် အတတ်ပညာတစ်ခုတွင် အံ့သြတွေဝေသွားမိသည်။ တင်းကျပ်သွားသောရင်မှ စကားတချို့ အန်ထွက်၏။
“ခဏနေပါဦး ခင်လေး၊ ကျွန်တော် ပြောပါရစေဦး”
“မပြောနဲ့ ကိုထွန်းဝေ၊ ရှင်ဘာပြောမလဲဆိုတာကို ကျွန်မသိတယ်။ ကျွန်မ ဘာမှမကြားချင်တော့ဘူး”
မြေညိုပေါ်မှ ဝါနေသော သစ်ရွက်များအပါအဝင် လောကကြီးတစ်ခုလုံး စိမ်းသွားသည်ထင်မိ၏။ မျက်နှာပေါ်တွင် အပူငွေ့တစ်ခု ဖြတ်သန်းသွားသည်။ ညှိုးကျသွားသောမျက်နှာကို ပြင်ကြည့်သည်၊ မရ။ သက်ပြင်းတစ်ခုသည် ရင်ထဲမှ နှလုံးသားကို ယူ၍ အပြင်သို့ထွက်၏။
“ဒါ အဖြေပဲဆိုပါတော့ မခင်လေး”
“ဟုတ်တယ် ကိုထွန်းဝေ၊ ဒါခင်လေးအဖြေပဲ။ မိန်းကလေးတစ်ယောက်ရဲ့ ခင်မင်မှုကို အခွင့်အရေး ယူတာလောက် အောက်တန်းကျတဲ့အပြုအမူ လောကမှာ မရှိတော့ဘူးထင်တယ်”
ရင်ထဲတွင် ကျင်ခနဲခံစားလိုက်ရ၏။ ဆူဝေသွားသော ဦးနှောက်အသိကို ထိန်းချုပ်လိုက်ရသည်။ တရိပ်ရိပ်ကျလာသော ပွဲသိမ်းပြည်ဖုံးကားတစ်ခုကို မြင်သည်။ တစ်စုံတစ်ခုသော စွဲချက်ကိုမျှ လျှောက်လဲချက် ပေးလိုစိတ်မရှိတော့။ အောက်တန်းကျတဲ့ အပြုအမူဆိုသော စကားရပ်များ နားထဲတွင် ထပ်ပြန်တလဲလဲ ပဲ့တင်ရိုက်နေသည်။
ဆက်လက်ဖော်ပြပါမည်