နွမ်ဂျာသိုင်း
(၁၆-၈-၂၀၂၄ ရက်နေ့မှအဆက်)
“ဒါ ခင်လေးအဖြေပဲ။ မိန်းကလေးတစ်ယောက်ရဲ့ ခင်မင်မှုကို အခွင့်အရေးယူတာလောက် အောက်တန်းကျတဲ့အပြုအမူ လောကမှာ မရှိတော့ဘူးထင်တယ်”
ဟုန်းခနဲ တောက်လောင်သော ရှက်စိတ်ယမ်းမီးကြောင့် နံရံကို လက်သီးဖြင့် တအားထိုးချလိုက်သည်။ ထိုညက အိပ်မက်ထဲတွင် ကွင်းပြင်ကျယ်ကြီး တစ်ခုထဲ၌ ကျွန်တော်တစ်ယောက်တည်း အစအဆုံးမရှိ တစ်ဟုန်ထိုးထွက်ပြေးနေမိ၏။
ညသည်မလှ။
* * * * *
(၄)
“အလို .... ဟိုရှေ့က ဇာတ်ထောင်ဆရာအိမ်နဲ့တူတယ်။ ဗျို့ .... အိမ်ရှင်တို့၊ အိမ်ရှင်တို့ မရှိကြ ဘူးလား”
“ရှိပါ့ခင်ဗျာ၊ ကြွပါ ကြွပါ”
“ဟုတ်ကဲ့၊ ကိုက်တတ်တဲ့ ခွေးများရှိရင် တစ်ဆိတ်လွှတ်လိုက်စမ်းပါ”
ဝိုင်းကြည့်နေကြသော အုပ်စုထဲမှ ရယ်သံတချို့ ထွက်လာ၏။ ရိုးလွန်းနေပြီဖြစ်သော ရှေးပြက်လုံး ဖြစ်သော်လည်း လုပ်နေကြသော လူများအမူအရာ ကြောင့် မရယ်ဘဲမနေနိုင်။
“ဟာ .... ဘယ်လိုလဲဟ၊ ခေါ်ထားစမ်းပါ၊ လုပ်စမ်းပါ”
“အေး .... အေး ခေါ်ထားစမ်းပါ။ ဒါနဲ့ ဇာတ်ဆရာ မရှိဘူးလား”
“ဪ .... ရှိပါတယ်၊ ရှိပါတယ်”
“ဟင် .... ကျုပ်က ခင်ဗျားမှတ်လို့”
“အဲ .... အဲဒါမှ ဒုက္ခပဲ၊ ဇာတ်ဆရာက ကျုပ်ဗျ”
ဘာမဟုတ်သောကြောင်လုံးပင် ပရိသတ်က ပွဲကျနေပြီ။ ဒါဆို ဒီအစီအစဉ်လေးမှာ အတော်ကောင်းနိုင်သည်။ ယခုနှစ် တက္ကသိုလ်အနုပညာ ပဒေသာကပွဲတွင် တင်ဆက်ရန် အစီအစဉ်တစ်ခုဖြစ်သော ခေတ်သုံးခေတ် အငြိမ့်သဘင်သရုပ်ဖော် ကကွက်မှ ရှေးခေတ်အကကို တိုက်နေကြခြင်းပင်။
လူပြက်များက တင်မောင်ဌေး၊ အောင်ကျော်စိုးနှင့် ပေါ်ဦး။ မန္တလေးသား ပေါ်ဦးက သူ့နယ်ထွက် ပြက်လုံးမို့လားမသိ ပိုပိုင်သည်။
“ပွဲလိုချင်လို့လား”
“ဟုတ်ကဲ့၊ ကျုပ်တို့ရွာက ဘုန်းကြီးပျံအတွက် အမျိုးသမီးအဖွဲ့ငှားခိုင်းလို့ပါ။ ခင်ဗျား ရက်အားရဲ့လား”
“ဟာ . . . တောက်တီးတောက်တဲ့ပွဲအားလား မေးပါဗျ”
ကျွန်တော်က ဗုံများတွင် ကပ်ထားသော ပတ်စာအနားသတ်ကို လက်ဖြင့်ညှိရင်း ပြုံးမိသည်။
“အင်းပါဗျာ၊ ပွဲအားရက် မေးတာပါ”
“ခင်ဗျားက ဘယ်နေ့ လိုချင်လို့လဲ”
“လာမယ့် အင်္ဂါပါ”
“အင်း ... အင်း ... အားပါတယ်”
“နို့ ... ကောင်းကော ကောင်းရဲ့လား”
“ဟာ .... ဘာဆိုင်လို့လဲ”
“ဘာဖြစ်လို့လဲဗျ”
“ပွဲငှားတာ ပွဲအကြောင်း မေးမှပေါ့။ ဘယ့်နှယ် နို့ ... ကောင်းလားဆိုတော့ ကျုပ်က နို့ကုလားမှ မဟုတ်တာ”
ပေါ်ဦးက ရင်ကို လက်ဖြင့်ဖိပြီး-
“အမယ်လေး ... တော်သေးတာပေါ့၊ ဒီလိုတွေးပုံမျိုးနဲ့ မင်းသမီးများ သွားမေးမိရင် ပါးအကျိုးပဲ။ ကျုပ်မေးတာ ပွဲကောင်းလား မေးတာပါဗျာ”
“ကဲပါရှင်၊ တော်ကြပါဦး။ ကျွန်မလည်း ပရိသတ်များကို ဖျော်ဖြေပါရစေဦးလို့”
မင်းသမီးလုပ်သူ မြသန္တာက ဝင်ပြောသည်။ ထိုအခါမှ သူတို့က လူရှဲပေးလိုက်ပြီး -
“အေး ... ဟုတ်သားပဲ၊ မင်းသမီးလေး မမြရင်ကို ပရိသတ်များကလည်း မျှော်လင့်နေရှာမှာပေါ့”
ဘာညာနှင့် မင်းသမီးကို လေပါတီမမြရင်အဖြစ် ပရိသတ်နှင့် မိတ်ဆက်ပေးသည်။ မြသန္တာက လေပါတီ၏ ‘တစ်နာရီတည်း’ သီချင်းနှင့် ကသည်။
“ရွှေကြာပဒုံ .... နေအရုဏ်ခသည့်နှယ်.... မရွှင် လန်းပါတဲ့ .... မယ့်ဟဒယအိမ်ဝယ် .... အပါးရပ်လို့ နှစ်နားကပ်လို့ တိုင်ပင်ချင်တယ် .... မမြရင်ရဲ့ ငယ်ချစ်ကလေး... လေပါတီရဲ့ ငယ်ချစ်ကလေး .... ညစဉ်မကွာပါတယ် .... မကြာမီလည်း နောင် အမြဲ နှစ်လရှည် .... မြရင်မှာ မောင်ရယ် .... တစ်နာရီ တည်း မောင်နဲ့ ချစ်ပါရစေ ....”
ဘာရယ်မဟုတ်သော်လည်း ကနေသော မြသန္တာနေရာတွင် ခင်လေး ရောက်လာ၏။ ကျွန်တော့်ရင်ထဲတွင် တမ်းတမ်းတတ ဝေဒနာ လေးတစ်ခုပေါ်လာသည်။
“ခင်လေးသာ ဒီလိုဆိုရင် ဘယ်လောက်ကောင်းမလဲ”
တောင့်တစိတ်လေးနှင့် မတွေ့ရသည်မှာ တစ်ဆယ့်လေးငါးရက်ရှိပြီဖြစ်ကြောင်း အမှတ်ရသည်။ အချိန်ကြောင့် စဦးခံစားမှုများဖြစ်သော ရှက်ခြင်း၊ အားငယ်ခြင်းများနေရာတွင် တမ်းတခြင်းနှင့် အလွမ်းတို့ အစားထိုးနိုင်ပြီ။
“ဖူးစာနှစ်ခိုင် ....သဘောတူဖွင့်မယ်ကြံရွယ် .... ချစ်ရဲ့လားကွယ် .... ကြိုက်ရဲ့လားကွယ် မေးစမ်းပါ စေ .... တိုးတိုးတိတ်တိတ်ရယ် .... မောင်မလာရင် လေသာဆောင်မှန်ပြတင်းက ....”
မြသန္တာ အဆိုနှင့်အညီ ခြောက်လုံးပတ်ကို လိုက်ဖြည့်နေရင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားသော ပေါ်ဦး၏ဟန်ကြောင့် သူ့ဆီလှမ်းကြည့်လိုက်သည်။ ပေါ်ဦးက မျက်ရိပ်ဖြင့် တံခါးဝဘက် လှမ်းပြသည်။ ကျွန်တော် သူပြရာသို့ ကြည့်လိုက်သည်။
အသက်ရှူခြင်းကို ခဏမေ့သွား၏။
“ခင်လေးတို့ပါလား”
ရင်ထဲတွင် တိုးတိုးရေရွတ်လိုက်သည်။ ဘာမှန်းမသိသော မျှော်လင့်စိတ်လေးနှင့် ဝမ်းသာသလို ဖြစ်သွား၏။ ကျွန်တော့်အကြည့်ကို ခင်လေးမြင်သည်။ မျက်လွှာချလိုက်၏။ သူ့ဘေးမှ မဖြူက ခေါင်းငုံ့ထားသည်။ သူတို့မျက်နှာများလည်း သိသိသာသာ ညှိုးနေကြ၏။
အတီးအဆိုများ ခဏရပ်သွားသည်။
ပေါ်ဦးက ကျွန်တော့်ဘက် လက်ညှိုးညွှန်ပြရင်း ခင်လေးတို့ကို မျက်လုံးဖြင့်မေးသည်။ ပေါ်ဦးက သူ့ကိုယ်သူ လက်ဖြင့်ညွှန်ရင်း မေးဆတ်၏။ ခင်လေးက ခေါင်းညိတ်သည်။ ပေါ်ဦးက နားမလည်ဟန်ဖြင့် ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော့်ကိုလည်း ဘာလဲဆိုသော အဓိပ္ပာယ်ရသည့် အကြည့်ဖြင့် မေးသည်။ ကျွန်တော် က မသိကြောင်း အမူအရာဖြင့်ပြ၏။ ခင်လေးက ထပ်၍ ခေါင်းညိတ်ခေါ်သည်။
ပေါ်ဦးက ခေါင်းညိတ်ပြပြီး ဝိုင်းကိုခွင့်တောင်းကာ ခင်လေးတို့ဆီ ထွက်သွားသည်။ ခင်လေးတို့က အခန်းပြင်အရင်ထွက်၍ စောင့်သည်။ အခန်းပြင်သို့ ပေါ်ဦးထွက်လိုက်သွားသည်။ အားလုံး၏မျက်လုံးများ ကျွန်တော့်ဆီ ရောက်လာ၏။ ကျွန်တော့်ခေါင်းသည် အလိုလိုငုံ့သွား၏။ ရင်ထဲသို့ လှုပ်ရှားနေသော ငါးကလေးတစ်ကောင် ရောက်လာ၏။
“မြသန္တာ ဆက်ဆိုလေ”
အာရုံများအားလုံးသည် ကိုယ့်အလုပ်ဆီကိုယ် ပြန်ရောက်ကုန်ကြ၏။ ဒိုးများပေါ် လက်တင်လိုက်ရသော်လည်း ကျွန်တော့်အာရုံသည် အခန်းပြင်သို့ရောက်နေ၏။
“ဘယ်အပိုဒ် ပြန်ဆိုရမလဲ”
မြသန္တာ၏အမေးကို ရွာစားက ပြန်ဖြေ၏။
“စောစောကနေရာက ဆက်ဆို”
စောစောကအပိုဒ်ကို အတီးဖြင့် ပျိုးပေးလိုက်သောအခါ မြသန္တာက အဆင်သင့်သောနေရာမှ ကောက်ဝင်၏။
“တွေ့ချင်တာတွေများလွန်းလို့ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်.... ပြောလိုက်စမ်းပါ မောင် ရယ် .... ခင့်အတွက် ကိုယ်စားလှယ် .... ခရာတာတာ ရှင့်မျက်နှာချိုလှတယ် .... ညစဉ် မခွာပါတယ် .... မကြာမီလည်း နောင်အမြဲနှစ်လရှည် .... မြရင်မှာ မောင်ရယ် .... တစ်နာရီလည်း မောင်နဲ့ ချစ်ပါရစေ”
အကပိုဒ်ရောက်လာသဖြင့် အတီးများ သွက်လာသည်။ ဒိုးဆစ်လေးများလည်း လှလာသည်။ ဒိုးသားရေနှင့် လက်ထိချက်တိုင်းတွင် ရင်ခုန်နေသည်။ ပေါ်ဦး ပြန်ဝင်အလာကို ကြိုနေသော ရင်ခုန်သံများ ဖြစ်ဟန်တူသည်။ ခေါင်းထဲတွင်လည်း အမေးများစွာ လွန်းထိုးနေ၏။ ဘာကိစ္စများပါလိမ့်။ ဘာဖြစ်လို့ ပေါ်ဦးကို ခေါ်ရပါလိမ့်။
ငါနဲ့ မဆိုင်ဘူးထင်တယ်။ ငါနဲ့ဆိုင်ရင် ငါ့ကိုခေါ်မှာပေါ့။ အင်းလေ .... ငါနဲ့ဆိုင်စရာလည်းမရှိ တော့ပါဘူး။ တခြားကိစ္စနေမှာပါ။ အနုပညာ အသင်းနဲ့ပတ်သက်တာ တစ်ခုခုဖြစ်မှာပေါ့။ မောနေသောရင်ကို ဖြေသောစကားများ လည်ချောင်းထဲတွင် အသံမြည်၍ လှုပ်ရှားနေသည်။ သီချင်းတစ်ပုဒ်လုံး ဆုံးသွားသည့်တိုင် ပေါ်ဦးဝင်မလာ။ အားလုံး ခဏနားလိုက်ကြသည်။ ကျွန်တော် စောစောက သောက်ထားသော ဆေးပေါ့လိပ်ကို ကောက်၍ မီးညှိလိုက်သည်။
“ဘာဖြစ်လဲ မသိဘူး”
ကျွန်တော်တို့အကြောင်းကို သိတန်သလောက် သိနေသော မောင်ဌေးက ကျွန်တော့်နားဝင်ထိုင်၍ မေးသည်။
“မသိဘူး ကိုဌေး၊ တခြားကိစ္စနေမှာပါ”
“အေးကွာ .... မင်းနေရာကနေ ဘယ်လိုခံစား နေရမယ်ဆိုတာ ငါ ကိုယ်ချင်းစာပါတယ်”
သူ့အသံက ကြင်နာမှု၏ အရိပ်ပါသည်။ ကျွန်တော်က သူ့စကားကိုငြင်းရန် ခေါင်းခါသည်။ ရယ်လည်း ရယ်သည်။
“ဒီလောက်မဟုတ်ပါဘူး ကိုဌေးရာ”
ပြောမယ့်သာ ပြောလိုက်ရသော်လည်း ကိုယ့်စကားကို ကိုယ်ပင်မယုံ။
* * * * *
သုတ်သီးသုတ်ပျာနှင့် ပေါ်ဦး ပြန်ဝင်လာသည်။ ကျွန်တော့်ဆီ တန်းလာ၏။ ကျွန်တော့်ပခုံးကို လက်ဖြင့်ပုတ်လိုက်ပြီး -
“အရေးကြီးတယ် ထွန်းဝေ၊ မင်းနဲ့ငါ စကားပြောစရာရှိတယ်။ ခဏလေးစောင့်၊ ဒီပြက်လုံးတစ်ခု တိုက်ပြီးတာနဲ့ မင်းနဲ့ငါ တစ်နေရာကိုလစ်မယ်”
ကျွန်တော် အံ့အားတသင့်ဖြင့် သူ့ကိုကြည့်သည်။ ဘာမှပြန်မပြောမိ။ ပြောအောင်လည်း သူကမစောင့်။ ချက်ချင်းပြန်လှည့်၍ အောင်ကျော်စိုးတို့ဘက်သွားသည်။ ကျွန်တော့်ရင်ထဲမှ တဒိတ်ဒိတ်သည် စောစော ကအတိုင်း ပြန်ဝင်လာသည်။ အိပ်မက်မက်နေသလို ခံစားနေရသည်။ ခေါင်းထဲတွင်လည်း ပဟေဠိပေါင်း များစွာနှင့်။
“အရေးကြီးတယ်ဆိုပါလား”
ပေါ်ဦး၏ အသံကိုလည်း ပြန်ဆန်းစစ်နေမိသည်။ သူ့အသံမှာ အရေးကြီးသောဟန်မှလွဲ၍ အခြား ရှာမတွေ့။ အားတက်သရောလည်းမရှိ။ ပျော်စရာလည်းမဟုတ်။ ဝမ်းနည်းစရာလည်းမမြင်။ ထူးခြားမှု တစ်ခုသာ တွေ့ရ၏။
(ဆက်လက်ဖော်ပြပါမည်)