နွမ်ဂျာသိုင်း
(၈-၁၁-၂၀၂၄ ရက်နေ့မှအဆက်)
ခင်လေးနှင့်သူ တွေ့ခဲ့ရသည်။ အခြေအနေက သိပ်မကောင်း။ ခင်လေးအခြေအနေနှင့်ပတ်သက်၍ ကိုကိုလတ်က သူ့မကျေနပ်ချက်များအားလုံးကို ခင်လေးမိဘများအား ဖွင့်ပြောသည်။ သည်မှာ ပြဿနာအစပြုသည်။
ညနေက ပေါ်ဦးပြန်လာတော့ ဒီကောင့်အမူအရာက သိသာနေသည်။ ပြဿနာတစ်ရပ်ကို စိတ်မသက်မသာ ဆောင်ကြဉ်းလာရမှန်း မြင်တာနှင့်သိ၏။ သူ့ပုံစံက အရေးတကြီး ဆောင်ရွက်စရာကိစ္စ တစ်ခုပါလာသလို အလောသုံးဆယ်လည်းဖြစ်နေရာ ဝရန်တာလက်ရန်းကို လက်ထောက်၍ရပ်နေသော ကျွန်တော်သည် သူ့အမူအရာကြောင့် သူ့အပြောကိုပင် မစောင့်နိုင်တော့။
“ဘယ်လိုလဲ ပေါ်ဦး”
ပေါ်ဦးက ချက်ချင်းပြန်မဖြေ။ အခန်းထဲသို့ လက်ဖြင့်ညွှန်ရင်း-
“လာ ဟေ့ကောင်၊ အခန်းထဲကျမှ ငါသေချာပြောပြမယ်။ ပြဿနာက သိပ်မကောင်းတော့ဘူး ဖြစ်နေပြီ”
ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး သူ့နောက်က ကပ်လိုက်သည်။ ခုတင်ပေါ် ထိုင်မိ သောအခါ-
“ဇာတ်က ရှုပ်ပြီ ထွန်းဝေ။ ကိုကိုလတ်ဆိုတဲ့ ကောင်ရှုပ်လိုက်တာ။ ဒီလောက် စောစောမဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ”
သူ့စကားများကြားရလေ ကျွန်တော် ရင်ဖိုလေဖြစ်လာ၏။ ထို့ကြောင့်ဘာမှဝင်မမေးမိရန်၊ သူ့စကားစ မပြတ်သွားရန် စိတ်ကိုထိန်းထားလိုက်သည်။
“အမှန်က ကိုကိုလတ်နဲ့ ခင်လေးကို မိဘချင်း သဘောတူထားတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ခုလောလောဆယ် ပေးစားဖို့မဟုတ်ဘူး။ ငါသိထားတဲ့ကိစ္စကလည်း ဒီအတိုင်းပဲ။ ဒါကြောင့် အစကတည်းက ပြဿနာရှိမယ်ရှိမယ်နဲ့ တတွတ်တွတ်ပြောခဲ့တာပေါ့။ ဒါပေမဲ့ အခုအတောအတွင်း ဒီလောက်မြန်မြန်ဆန်ဆန် ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ဒီကောင်ကြီး လုပ်လိုက်တာနဲ့ ပြဿနာက ဆိုးကုန်ပြီ”
မျက်လုံးပြူးသွားသည်။ ပြောသည့်ပြဿနာသည် မည်သည့်အတိုင်းအတာအထိ ဆိုးနေကြောင်း သိချင်သည်။ သူကလည်း မရပ်မနား ဆက်ပြောပါသည်။
“မနေ့က ကိုကိုလတ် ဒီကနေ ဒေါပွပြန်သွားပြီး ဝင်ဒါမီယာအိမ်တန်းသွားတယ်။ ခင်လေး အဖေရော အမေပါရှိနေတော့ ကိုကိုလတ်က ခင်လေး ဒီလိုဒီလိုဖြစ်နေတဲ့အကြောင်း၊ တစ်ခါဘုရားပေါ်မှာ တွေ့ခဲ့တဲ့အကောင်တစ်ကောင်နဲ့ တွဲနေကြောင်းတိုင်တယ်။ သူဝင်တားတာလည်း တားလို့မရကြောင်း ပြောတယ်”
ရုပ်က ယောက်ျားပီသသလောက် မိန်းမဆန်သော ကိုကိုလတ်ဆိုသည့်သူကို စိတ်ထဲက ချဉ်သွား၏။ ဒီတော့ အဘိုးကြီး၊ အဘွားကြီးတွေလည်း ရှူးရှူးရှဲရှဲ ဖြစ်ကုန်တာပေါ့။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သမီးတော်လှ ယောက်မမြင်းစီးထွက်တယ် ဘာညာပေါ့ကွာ။ ဒါလည်းမြင်ရော ငနဲက အခြေအနေ ကောင်းပြီဆိုပြီး ဝင်တွန်းတော့တာပေါ့။ ကျွန်တော်ပြောသားပဲ၊ ခင်လေးနဲ့ကျွန်တော် လက်ထပ်ထားပါရစေ။ ပြီးတော့ကျောင်းဆက်တက်ပေါ့။ ကျွန်တော်တော့ ခင်လေးကို စိတ်မချနိုင်တော့ဘူး။ ချက်ချင်းလက်ထပ်ဖို့ စီစဉ်ပေးပါ အန်တီ၊ ဘာညာနဲ့ ချွဲတယ်ထင်ပါရဲ့ကွာ”
သူက ပြောရင်းနှင့် ခံတွင်းချဉ်လာဟန်တူသည်။ ခေါင်းရင်းစားပွဲပေါ်မှ ဆေးပေါ့လိပ် အသစ်တစ်လိပ် ကိုကောက်၍ ထိပ်ဦးကို သွားဖြင့်ကိုက်ဖြတ်သည်။ ထို့နောက် ခေါင်းမှမှုတ်လိုက်ပြီး အစီခံကို လက်သည်းဖြင့်ဖြစ်သည်။ ပြီးမှ စားပွဲစွန်းတွင် တစ်ချက်၊ နှစ်ချက် ဆောင့်ရင်း-
“ခင်လေး ပြန်လာတော့ ဒီကိစ္စ အိမ်မှာ အကြီးအကျယ် ပြဿနာတက်တော့တာပဲ”
သူ့ဆေးလိပ်ကို သူမီးညှိသည်။ ကျွန်တော် မရိုးမရွ ဖြစ်လာ၏။
“ခင်လေး အိမ်ပေါ်ရောက်ရောက်ချင်း အဘွားကြီးက ခင်လေးကိုခေါ်ပြီး အဲဒီကိစ္စမေးတယ်တဲ့ကွာ။ ဒီတော့ ခင်လေးက မထူးတော့ဘူးဆိုပြီး ပွင့်ပွင့်လင်းလင်းပြောတယ်ပေါ့။ သူသိပ်ချစ်တဲ့ ချစ်သူပါပေါ့။ နှစ်ယောက်တည်း သွားလာတယ်ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် စည်းနဲ့ကမ်းနဲ့ နေကြတာပေါ့။ မိဘဂုဏ်သိက္ခာ၊ ကိုယ့်ဂုဏ်သိက္ခာ ထိခိုက်မယ့်အထိ ဘယ်တော့မှ မလုပ်ဘူးဆိုပြီးတော့ပေါ့ကွာ။ ဒါကို သက်သက်မဲ့ ကိုကိုလတ်က ဘာမဆိုင်ညာမဆိုင် ဝင်ပြောတာ ဆိုပြီး လုပ်တာပေါ့”
အခုထိ ပြဿနာသစ်ဆိုသော ကိစ္စနှင့်ပတ်သက်၍ တစ်စွန်းတစ်စမျှ မသိရသေးသဖြင့် ကျွန်တော် နေမရထိုင်မရ ဖြစ်လာသည်။ သို့သော် သူ့အရှိန်ကိုမပြတ်စေလို၍ ဘာမှဝင်မပြော။ သူဆက်ပြောသည်။
“ဒီတော့ အဘိုးကြီးနဲ့ အဘွားကြီး ဝုန်းဒိုင်းကြဲတာပေါ့။ ပြီးတော့ အဘွားကြီးက အေး ... ဒါဖြင့်လည်း ပြီးတာပဲ။ ဒါပေမဲ့သမီးသိထားဖို့က သမီးမှာလက်ထပ်ရမယ့်သူရှိပြီးသားဆိုတာမမေ့နဲ့။ ဒီကောင်လေးနဲ့ ကိစ္စကို သမီးချက်ချင်းဖြတ်ရမယ် လို့ ပြောတယ်”
ရင်ထဲတွင် လှုပ်ခနဲဖြစ်သွား၏။ နောက်ဆုံးတော့ သည်ဘူတာပဲ ဆိုက်ရမှာပဲဟု အားလျော့စွာ တွေးမိသည်။
“ခင်လေးက ပျာပျာသလဲထပြီး သမီး ကိုကိုလတ်နဲ့တော့ လက်မထပ်ချင်ဘူးမေမေ။ သမီး သူ့ကို အစ်ကိုလိုပဲ ခင်တယ်လို့လည်းပြောရော အဘိုးကြီးနဲ့ အဘွားကြီး ရေရေလည်လည် ဒေါကန်သွားတယ်”
ပေါ်ဦး မျက်နှာတွင် မခံချင်သည့် အမူအရာများ သိသိသာသာပေါ်နေသည်။
“အဘိုးကြီးရော အဘွားကြီးကပါ ဝိုင်းပြီးမလိုချင်ဘူး၊ ဘာမှစကားထပ်မရှည်နဲ့။ ဒီမတ်လ ကျောင်းပိတ်တာနဲ့ လက်ထပ်ပေးတော့မယ်။ ကျောင်းပိတ်တဲ့အထိလည်း ကျောင်းမတက်နဲ့တော့ ဆိုပြီး လက်ထပ်ပေးမယ့်အစီအစဉ်တွေ အားချင်း ဆွဲတော့တာပဲတဲ့”
ကျွန်တော့်စိတ်ထဲ ပူလောင်ခံပြင်းနေသည်။ သည်နေရာတွင်ငြိမ်မနေနိုင်တော့သဖြင့်-
“ဘယ်လို ပေါ်ဦး၊ ဒါဖြင့် ကိုကိုလတ်နဲ့ ခင်လေး လက်ထပ်တော့မှာပေါ့”
“ဟုတ်တယ် ထွန်းဝေ၊ ခင်လေးလည်း တစ်ငိုတည်း ငိုနေတာပဲ။ လူကြီးတွေက ငါနဲစကားပြောတာတောင် သိပ်ကြိုက်ပုံမရဘူး။ ငါနဲ့မင်း သူငယ်ချင်းဆိုတာများ သိနေပြီလားတော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ တစ်ခုတော့ တို့မှာကံကောင်းတာရှိနေတယ်။ ငါနဲ့ခင်လေး ဆက်သွယ်လို့တော့ရသေးတယ်”
“ဒါဖြင့် . . .”
ကျွန်တော့်စကားကို ပေါ်ဦးက လက်ကာပြလိုက်ပြီး -
“နေ…နေ ငါပြောပြမယ်။ လောလောဆယ် အဘိုးကြီးနဲ့ အဘွားကြီး စီစဉ်နေတာတွေ စီစဉ်ပါစေ၊ လွှတ်သာထား။ ငါနဲ့ခင်လေးလည်း ကျိတ်တိုင်ပင်ခဲ့တယ်။ အရေးကြီးတာက မင်းစီစဉ်စရာရှိတာတွေ စီစဉ်ထားတော့။ ခင်လေးလည်း လောလောဆယ်တော့ သူတို့လူကြီးတွေ အကဲမခတ်အောင် လိုက်လိုက်လျောလျော နေပြထားမယ်လို့ ပြောတယ်”
တစ်ကိုယ်လုံး မီးဖြင့်မြှိုက်ထားခံရသလို ဖြစ်နေ၏။ စိတ်ဓာတ်ကျခြင်းကြောင့် ချက်ချင်းပင် ခေါင်းငိုက်စိုက်ကျသွားသည်။ ရင်ထဲတွင်လည်း ပူထူနေသည်။
ကျွန်တော့်မျက်နှာမှာ ဟန်မဆောင်နိုင်လောက်အောင် ရုတ်ခြည်းညှိုးကျသွားသည်ထင်၏။ ပေါ်ဦး ထံမှ ခပ်ငေါက်ငေါက် လေသံပေါ်လာသည်။
“အဲဒါ ဘာဖြစ်တာလဲ၊ ဒါ စိတ်ဓာတ်ကျစရာ လားကွ”
ကျွန်တော့်အသံများ လှုပ်ရှားမနေအောင် မနည်းထိန်းပြီး ပြောလိုက်ရသည်။
“စိတ်ဓာတ်ကျသွားတာတော့ အမှန်ပဲပေါ်ဦး။ အခြေအနေက စိတ်ဓာတ်တက်စရာမှ မဟုတ်ဘဲကွာ။ ဒါပေမဲ့ စိတ်တော့မပျက်ပါဘူး။ ယောက်ျားပဲ ဖြစ်ချင်တာကို ဖြစ်တဲ့နေရာကနေပြီး စလုပ်ရမှာပေါ့။ ငါ ခင်လေးကို ရအောင်ယူမယ်။ သူ့ကိုငါ လက်လွှတ်ဆုံးရှုံးမခံနိုင်ဘူးကွာ။ တစ်ခုပဲရှိတယ်၊ လောလော ဆယ် ငါဘာလုပ်ရမလဲ”
ပေါ်ဦးက ဆေးလိပ်မီးခိုးများကို အလုံးလိုက် မှုတ်ထုတ်လိုက်ပြီး -
“ခင်လေးက ငါ့ကိုပြောလိုက်ပါတယ်။ သူနဲ့ပတ်သက်လို့ ဘာမှစိတ်မပူနဲ့တဲ့။ သူ့မိဘတွေ ယုံအောင်နေပြလိုက်ပြီး ကျောင်းပြန်တက်ခွင့်ရအောင် လုပ်ပါ့မယ်တဲ့”
“ရကော ရပါ့မလားကွာ။ တော်ကြာ အဆက်အသွယ်ပြတ်သွားမှဖြင့်”
အစိုးရိမ်အပူပန်လွန်နေသော အမူအရာကြောင့် ပေါ်ဦးကလက်ကာရင်း-
“နေစမ်းပါဦး ထွန်းဝေရာ၊ သိပ်အပူမလွန်ပါနဲ့။ သူပြောတာလည်း ဟုတ်ပါတယ်။ ခုလောလောဆယ် ကိုကိုလတ်က ကျေနပ်ပြီးပေါ့နေတုန်းမှာ ကိုယ့်ဘက်က တဖြည်းဖြည်းကြံယူကြတာပေါ့။ မင်းကိုလည်း စိတ်မပူပါနဲ့လို့ ပြောသေးတယ်”
ကျွန်တော့်ရင်ထဲမှာ သိပ်မရှင်း။
“နေပါဦး၊ ဒါဖြင့် သူက ဒီနေ့ကစပြီး ကျောင်း မတက်တော့ဘူးပေါ့”
ပေါ်ဦးက စဉ်းစဉ်းစားစားဟန်ဖြင့် စကားကို ခပ်လေးလေးပြောသည်။
“အေးပေါ့ကွာ၊ မင်းပဲ စဉ်းစားကြည့်ပေါ့။ သူ့နေရာမှာ အယုံသွင်းဖို့ အကောင်းဆုံးလုပ်တာဟာ လူကြီးတွေပြောသလို နေလိုက်ဖို့ပေါ့။ ဒါပေမဲ့သူဒီအတောအတွင်း ကျောင်းပြန်တက်နိုင်အောင် လုပ်ပါ့မယ်လို့ ပြောတယ်။ ဒါတော့ သူ့အစီအစဉ်နဲ့သူ လုပ်လိမ့်မပေါ့။ မင်းသိထားရင် ပြီးတာပဲဟာ”
ကျွန်တော် ဘာကိုဘယ်လိုသိ၍ ဘယ်လိုနားလည်ရမည်ကို ကျွန်တော်သဘောမပေါက်။ ကျွန်တော်သိလိုက်သည်မှာ မတ်လမှာ လက်ထပ်မည့် ခင်လေး၏အကြောင်း။ ဒီအတောအတွင်း သိပ်သေချာလှသည်မဟုတ်သော ကျွန်တော့်ဘက် က စီစဉ်မျှော်လင့်ရမှု။
“အင်း . . . မတ်လဆိုပဲ”
ဘာမှ မလိုတော့ပါလား။
* * * * *
(ဆက်လက်ဖော်ပြပါမည်)