တစ်ခါတုန်းကတက္ကသိုလ်မှာ

နွမ်ဂျာသိုင်း

၁၈-၃-၂၀၂၄ ရက်မှအဆက်

ကျွန်တော် ကားပေါ်မှဆင်းလိုက်၏။ ပြာသော ကောင်းကင်နောက်ခံတွင် သပ္ပာယ်ကြည်ညိုဖွယ်ရာ သာဓုကန်စေတီကို ဖူးမြင်လိုက်ရ၏။

ကျွန်တော့်ရှေ့မလှမ်းမကမ်းတွင် သူငယ်ချင်းများနှင့် ပြုံး၍စကားပြောနေသော အဝါရောင်မလေး ပြုံးလိုက်သောအခါ ဘယ်ဘက်ပါးပြင်တွင် အလှပဆုံး ပါးချိုင့်လေးတစ်ခုက ထင်သွားသည်။

ရင်ထဲတွင် လှပ်ခနဲဖိုသွားသည်။

ပြင်ပဧည့်သည်မို့ လက်မှတ်တစ်စောင် တစ်ဆယ့် ငါးကျပ်ဖြင့်ဝယ်၍ လိုက်ခဲ့ရသော ခရီးစရိတ်မှာ တစ်ထောင့်ငါးရာနှင့် တစ်ဆယ့်ငါးကျပ်ဖြစ်သည်ကို မည်သူမျှ မသိလိုက်ကြ။

“အခုချိန်ကစပြီး ပျော်စရာကစားပွဲအစီအစဉ်လေး စပါမယ်။ ပထမအစီအစဉ်က ‘ခင်မင်ရိုးသား အဖော်များ’ ဆိုတဲ့ အစီအစဉ်ပါပဲ” 
ဘုရားပေါ်တွင် တစ်ပတ်ခန့်ပတ်ပြီးသောအခါ အဖွဲ့ခေါင်းဆောင်လုပ်သူက အရှေ့ဘက်စောင်းတန်းအနီး ဘုရားခြေရင်း ကန်ပေါင်ပေါ်တွင် စုရုံးစေ၍ အစီအစဉ်ကို ကြေညာသည်။

သူ့အစီအစဉ်နှင့်ပတ်သက်၍လည်း ရှင်းလင်းချက်ပေးသည်။
“ဒီကစားနည်းက ဒီလိုပါ။ ပထမဆုံး ယောက်ျား လေးသတ်သတ်၊ မိန်းကလေးသတ်သတ် တစ်စုစီစုပြီး မဲတစ်ယောက်တစ်လိပ်စီ နှိုက်ရပါမယ်။ အဲဒီ မဲလိပ်တွေထဲမှာ စာတန်းလေးတစ်ခုရဲ့ တစ်ဝက်စီ ပါပါတယ်။ ကြားနေကျ စကားတွဲလေးတွေပါ။ ရုပ်ရှင်နာမည်တို့၊ သီချင်းနာမည်တို့၊ ဝတ္ထုနာမည်တို့၊ စကားပုံတို့၊ ပြီးတော့ ခေတ်စားနေတဲ့ စကားလုံးလေးတွေ၊ ဥပမာ-ဘာအခုမှ ကြောက်ပါပြီလဲဆိုတာမျိုးပေါ့”

“မဲတစ်လိပ်မှာ ‘ဘာအခုမှ’ ဆိုတာပါမယ်။ နောက်တစ်လိပ်မှာ ‘ကြောက်ပါပြီလဲ’ ဆိုတာ ပါမယ်။ အဲဒီမဲလိပ်နှစ်လိပ်ပိုင်ရှင်ဟာ တစ်တွဲပေါ့။ အဲဒီလို စကားစပ်ပြီး တစ်တွဲစီတွဲရပါမယ်။ ပထမ ဆုံးရှာတွေ့ပြီး တွဲလို့ရတဲ့အတွဲကို သကြားလုံး တစ်လုံးစီ”

ရယ်သံများပေါ်လာ၏။

“ရှင်းပါပြီနော်” 

“ရှင်းတယ်၊ ရှင်းတယ်”

ခေါင်းဆောင်၏အမေးကို ဟိုမှသည်မှ ဖြေသံများ ပေါ်လာသည်။ 
“ကဲ . . . ဒါဖြင့် မဲစနှိုက်မယ်၊ ဖွင့်တော့မကြည့်နဲ့ဦးနော်။ အချက်ပေးမှ တစ်ပြိုင်တည်း ဖွင့်ရမှာ။ ယောက်ျားလေးတွေက ဟိုခွက်ထဲမှာ၊ မိန်းကလေး တွေက ဒီခွက်ထဲမှာ။ ကဲ . . . စနိုင်ပြီ”

ခေါင်းဆောင်၏ ဝီစီသံအဆုံး တစ်ဖက်စီထိုင်နေသောသူများထံသို့ တစ်လိပ်စီ လိုက်ဝေသည်။

မျှော်လင့်ချက်ကလေးတစ်ခုနှင့် ရင်ထဲတွင် လှုပ်ရှားနေစဉ် ကျွန်တော့်လက်ထဲ မဲလိပ်တစ်လိပ် ရောက်လာ၏။အားလုံး၏မျက်နှာများကလည်း ဟိုကြည့်သည်ကြည့်နှင့် ပြုံးစိစိဖြစ်နေကြသည်။

“စုံပြီ”

ခေါင်းဆောင်အုပ်စုထဲမှ တစ်ယောက်က အချက်ပြလိုက်သောအခါ ခေါင်းဆောင်လုပ်သူက -

“ကဲ . . . ဖွင့်ပါ၊ ပြီးတော့ အမြန်ရှာပါ။ ကျွန်တော်တို့ ဟိုနားက စောင့်နေမယ်”

သူ့စကားအဆုံး အားလုံးလိုလို ကိုယ့်မဲလိပ်ကိုယ် ကပျာကယာ ဖွင့်ကြည့်ကြ၏။

ကျွန်တော့်လက်ထဲမှ မဲလိပ်ကို ဖွင့်လိုက်သောအခါ မျက်စိထဲတွင် အတော် ထော်လော်ကန့်လန့်နိုင်သော စာလုံးများကို တွေ့လိုက်ရ၏။

“တိန်ခွက်နုပါစီ”

အကျိုးတော့နည်းပြီဟု တွေးလိုက်မိ၏။ အဆက်အစပ်ရှာဖို့နေနေသာသာ ဘယ်လိုဖတ်ရမှန်းတောင် မသိ။ 

အတွဲရှာနေသောအသံများ ဆူညံနေသည်။ 

“ပူညံပူညံ ရှိလားဟေ့၊ ဒီမှာ ထစ်ခနဲဆိုရှိတယ်” 

“ထွန်ကျူး ရှိလား၊ ဒီမှာ နွားရှေ့ရှိတယ်”
 
“မြမန်းဂီရိ ဒီမှာဟေ့၊ သေလာတောင်၊ သေလာတောင် ဘယ်မှာလဲ”
တချို့ကျတော့ တော်တော် ကိုးလိုးကန့်လန့်နှင့် ရယ်စရာကြီးဖြစ်နေကြသည်။

“ပြေးရင်း ဒီမှာဟေ့၊ ဘယ်သူလဲ ချေးပုံဟပ်၊ ချေးပုံဟပ် ဘယ်သူလဲ”

“ဘုန်းကြီးကြွ ဒီမှာဟေ့၊ မသာရှေ့က ဘယ်သူလဲ” 

“တေဇသုနေမကွ၊ ဘယ်မှာလဲ ဘူစံနာဝိဝေ”

ကတ်သီးကတ်သတ်ကျသည့် သူများကတော့ မသက်သာ။
 
“လူဟေ့ . . . လူဘာနဲ့ စပ်သလဲတော့ မသိဘူး၊ တို့ဆီမှာ လူ” 

ထိုစဉ် ကောင်မလေးများဘက်မှ အသံပြန်ကြားရ၏။ 

“ဟုတ်ပြီ၊ ဟုတ်ပြီ။  ဒီလာ ဒီမှာခွေး ဒီမှာခွေး၊ လူခွေး လူခွေး ဆက်လို့ရပြီ”

ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်က ကျွန်တော်။ ဘာအော်ရမှန်းလည်းမသိ။ ဖတ်ကြည့်တော့လည်း အသံပင်မထွက်တတ်၊ အဓိပ္ပာယ်လည်း နားမလည်။

“တိန်ခွက်နုပါစီ၊ ဘာလဲဟ တိန်ခွနုပါစီ မဟုတ်သေးပါဘူး” 

အတွဲတော်တော်များများမှာ တွဲလို့ရသွားပြီဖြစ်သဖြင့် တစ်တွဲပြီးတစ်တွဲ အဖွဲ့ခေါင်းဆောင်ဆီ ပြေးသွားနေကြပြီ။

ကျွန်တော့်မှာတော့ အတွဲလည်း ရှာမရသေး၊ ကိုယ့်ဟာကိုယ်လည်း ဘာမှနားမလည်။ ဘာနှင့် တွဲရမှန်းမသိ။

စာရွက်ကို သဲသဲမဲမဲ ငုံ့ကြည့်ရင်း ဘာလုပ်ရမလဲ ကြံဖန်စဉ်းစားနေမိသည်။ စဉ်းစားလေ မရလေ ဖြစ်နေတော့သည်။ ဘာလဲ တိန်ခွက်နုပါစီ။

“သူ့ဆီမှာ ဘာပါလဲ”

အနီးကပ် ကြားလိုက်ရသည့် ညင်သာသာအသံ လေးတစ်သံကြောင့် ကပျာကယာ ခေါင်းမော့ကြည့်လိုက်၏။

နှလုံးသွေးများ တန့်ခနဲ ရပ်သွားသည်။ ရင်ထဲတွင် ထိတ်ခနဲ။ 
ခင်ခင်လေးဆိုသော အဝါရောင်ကောင်မလေးသည် စိတ်ရှုပ်သောမျက်နှာဖြင့် ကျွန်တော့်ရှေ့၌ ရပ်နေပါလား။ ကျွန်တော်က ခေါင်းခါရင်း -

“မသိဘူး၊ ခုထိ ဖတ်လို့မရသေးဘူး။ ဒီကကော” 

“ဟင့်အင်း . . . ခင်လေးလည်း ဖတ်လို့မရဘူး” 

“ပြစမ်းပါဦး”

ကျွန်တော် သူ့လက်ထဲမှစာရွက်ကို တောင်းလိုက်သည်။ သူစာရွက်လှမ်းပေး၏။ လှလိုက်တဲ့လက်ကလေး။

စာရွက်လေး ဖြန့်ကြည့်သောအခါ မျက်လုံးပြူးသွား၏။ 

“အီကြံလုကွာစံ”

ကျွန်တော် ပါးစပ်မှ ရယ်သံများထွက်သွားပြီး 

“အဲဒါ ဘာလဲ”

သူ့မျက်နှာတွင်လည်း အရယ်တစ်ခုပေါ်လာ၏။ 

“သိဘူး”

ကျွန်တော့်ခေါင်းထဲတွင် အဖြေတစ်ခု ပြေးသတိရလိုက်၏။ 

“မှန်းစမ်း၊ ဒီနှစ်ခု ဆက်ဖတ်ကြည့်ရအောင်” 

ပြော၍ ကြံဖန်အသံထွက်ကြည့်သောအခါ - 

“တိန်ခွက်နုပါစီ၊ အီကြံလုကွာစံ၊ ဟာ . . .ဟုတ်ပြီ”

“ဘာဟုတ်တာလဲ”

သူက နားမလည်သော မျက်နှာလေးဖြင့်မေး၏။

“ဒီမှာလေ ဆက်လို့ရပြီ၊ တိန်ခွက်နုပါစီ အီကြံလု ကွာစံ” 

“ဘာဆိုင်လို့လဲ”

“လဲ” ဆိုသောအသံကို ရှည်ရှည်ဆွဲ၍ ပြောလိုက်ပြီး လက်ကိုင်ပဝါဖြင့် ပါးစပ်ကိုပိတ်၍ ရယ်တော့၏။

“ဟုတ်တယ်ဗျ၊ တစ်ခုစီက ဘာအဓိပ္ပာယ်မှမရှိဘူး။ ကျန်တာအားလုံးက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေတယ်ဆိုတော့ အဓိပ္ပာယ်မရှိတာချင်း တွဲရမယ်နဲ့ တူတယ်။ ဒါမျိုးကလည်း ကျွန်တော်တို့နှစ်ခုပဲ ပါတာ။ ဒါပဲဖြစ်မယ်၊ လာသွားမယ်”

“ဟုတ်ရဲ့လား”

သူက ရယ်ချင်စိတ်ကို ထိန်းထားသောမျက်နှာဖြင့် ကျွန်တော့်ကို မယုံမရဲကြည့်ကာ မေးသည်။ တစ်လောကလုံးမှာ အလှဆုံးအကြည့်။ 
“လာပါ၊ ဟုတ်ပါတယ်”

နှစ်ယောက်သား ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားကြ၏။ ခပ်သွက်သွက်သာလျှောက်လာကြသည်။ ကျွန်တော်တို့နှစ်ယောက်နောက်မှာ ဘယ်သူမှမရှိတော့။ ခေါင်းဆောင်လုပ်သူက ရယ်ရင်း- 
“ဟုတ်ပြီ၊ ဟုတ်ပြီ။ တိန်ခွက်နုပါစီ အီကြံလုကွာစံ အတွဲတွေ့လာပြီ။ နာမည်တွေပြောပါ”

“ထွန်းဝေ”

“ခင်ခင်လေး”

“ခု နောက်ဆုံးရောက်လာတဲ့အတွဲကတော့ ကိုထွန်းဝေနဲ့ ခင်ခင်လေးတို့အတွဲ ဖြစ်ပါတယ်။ သူတို့ကျတဲ့စာတွေကတော့ တိန်ခွက်နုပါစီ အီကြံလုကွာစံ . . .တဲ့”

ဝါးခနဲရယ်သံများ ဆူညံသွားသည်။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်ကြ၏။ 

ဪ . . . သေလိုက်ပါတော့ တိန်ခွက်နုပါစီ အီကြံလု ကွာစံရယ်. . . ။

*  *  *

( ၃ )

လက်ခုပ်သံများ ဆူညံသွားသည်။

ပထမရသည့်အတွဲက ရရှိသောသကြားလုံးထုပ် တစ်ထုပ်ကိုဖောက်၍ လူအုပ်ထဲ ပစ်ကြဲလိုက်သည်။

ဟေးခနဲ အော်သံနှင့်အတူ သကြားလုံးလုကြရင်း နဖူးချင်းတိုက်သူတိုက်၊ ခေါင်းချင်းတိုက်သူတိုက် ဖြစ်ကုန်ကြ၏။ 

“ခင်လေးတို့ကျတော့  ကံဆိုးလိုက်တာနော်။ မဟုတ်တရုတ်ကြီး လာကျတယ်”

ခင်လေးဆီမှ မကျေနပ်သံလေး ပေါ်လာသည်။ ကျွန်တော် သူ့ကို ပြုံးကြည့်ရင်း -

“ကျွန်တော်တော့ ကံကောင်းတယ် ထင်တာပဲ”

“ဘာလို့”

မျက်ခုံးလေးအထက်ပင့်၍  မေးလိုက်သော ဟန်လေးသည် ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်သွား၏။ မိုနာလီဇာလှတယ် ဘယ်သူပြောလဲ၊ ထပ်ဖွတ်ချေး။

“နို့မို့ဆို ခင်လေးနဲ့ တစ်တွဲတည်း ဘယ်ကျမလဲ”

စိတ်ထဲက ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ ပါးစပ်ကမူ ဤမျှဖြူစင်သန့်ရှင်းသော အလှမျက်နှာ လေးအတွက် ဤသို့ပြောရမှာ ကမ္ဘာနှင့်ချီ၍ အားနာလှ၏။ ထို့ကြောင့် -

ဆက်လက်ဖော်ပြပါမည်။