တစ်ခါတုန်းကတက္ကသိုလ်မှာ

 

နွမ်ဂျာသိုင်း

 

၁၉-၄-၂၀၂၄ ရက်မှအဆက်

 

အားလုံး၏ဆန္ဒဖြင့် ခင်လေးက အလှဘုရင်မအဖြစ်ခံယူ၍ မတ်တတ် ရပ်ပြချိန်တွင် သူ့မျက်နှာပေါ်၌ ပန်းနုရောင် အရိပ်ကလေးသန်းနေ၏။

အဲ ...  နောက်ဆုံးပြိုင်ပွဲကတော့   တကယ့်ပြိုင်ပွဲပင် ဖြစ်၏။

“ဒီအစီအစဉ်ကတော့ ရှာရှာဖွေဖွေ စုစည်းလေဆိုတဲ့ ပြိုင်ပွဲပါပဲ။ ကျွန်တော်တို့ ပစ္စည်းဆယ်မျိုး ရှာရှာဖွေဖွေ စုပါမယ်။ ပစ္စည်းတစ်ခုစီကို အမြန်ဆုံးရအောင်ရှာနိုင်တဲ့အဖွဲ့ကို တစ်ခုတစ်မှတ်နှုန်းနဲ့ အမှတ်ပေးပါမယ်

ကျွန်တော်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်သည်။

ဒီပွဲကလည်း ရယ်ရဦးမှာ သေချာသည်။

“ကဲ ... အသင့်ပြင်ပါ၊ နံပါတ်တစ် ပစ္စည်းကို ကြေညာပါမယ်

အားလုံး လှုပ်လှုပ်ရွရွနှင့် အသင့်ပြင်ထားကြ၏။

“နံပါတ်တစ်ပစ္စည်း

ကြေညာသူက ခပ်ဆိုင်းဆိုင်းလုပ်၍ထား၏။ ပြီးမှ ခပ်မြန်မြန်လေသံဖြင့် -

“လက်ကိုင်ပဝါတစ်ထည်

ကျွန်တော် ဘာမပြောညာမပြော ခင်လေးလက်ထဲမှ လက်ကိုင်ပဝါကို ဆတ်ခနဲလု၍ ကျွန်တော် ထပြေးသည်။

“နံပါတ်လေးအုပ်စုက ပထမ

ကျွန်တော်တို့အုပ်စုက ပထမရသည်။

“နံပါတ်နှစ်ပစ္စည်း

ကျန်သည့်အုပ်စုများ မကျေမနပ်နှင့် အချင်းချင်း ဟိုပြောသည်ပြော ပြောနေခြင်းများ ရပ်သွားသည်။

“ပုရွက်ဆိတ်တစ်ကောင်

ဝုန်းဝုန်း ဝုန်းဝုန်းနှင့်ထ၍ တောင်ပြေး မြောက်ပြေး ပြေးကုန်၏။

သည်ပွဲမှာတော့ အုပ်စုနှစ်မှ ပထမရသွားသည်။ ကျွန်တော်တို့အုပ်စုမှာ တတိယပင် မချိတ်လိုက်။ နိုင်သည့်အုပ်စု မှာ မြောက်ကြွမြောက်ကြွ ဖြစ်နေ၏။

“နောက်ပစ္စည်းတစ်ခုက...”

ကြေညာသည့်သူက ခပ်ဆိုင်းဆိုင်း လုပ်လိုက်သည်။ အုပ်စုများအားလုံး လည်ပင်းများ ရှည်လာကြသည်။ တစ်ယောက် ကိုတစ်ယောက်ကြည့်၍လည်း ပြုံးလိုက်ကြသည်။ ကျွန်တော်တို့အုပ်စုထဲမှ ပန်ချာပီ တစ်ယောက်ကမူ နှုတ်ခမ်းချင်းစေ့၍ ပြုံးတုံ့တုံ့ကြီးလုပ်နေ၏။

“အဟမ်း

မျှော်ပါသည်ဆိုကာမှ ကိုယ်တော်က လည်ချောင်းတွေဘာတွေ ရှင်းလိုက်သေး၏။ ပြီးမှ အားလုံးကို ပြုံးစိစိကြည့်ရင်း-

“ခြေသလုံးမွေး လက်တစ်နုတ်စာ

“အောင်မယ်လေးဗျ

ကြေညာသူအသံမဆုံးခင် ရှေ့မှပန်ချာပီကုလား၏ ငယ်သံပါအောင်အော်လိုက်သောအသံကို ကြားရသည်။ ကြည့်လိုက်ရာ ပန်ချာပီ၏ခြေထောက်မှ ခေါင်းလောင်းဘောင်းဘီမှာ ဒူးဆစ်အထိ လန်တက်လျက်ရှိပြီး မည်းမှောင်ရှုပ်ထွေးနေသော ခြေသလုံးမွေးများကြားတွင် ဒင်္ဂါးဝိုင်းခန့် အကွက်တစ်ကွက် တစ်မွေးမှမရှိတော့ဘဲ ပြောင်တလင်းခါနေ၏။

ထပြေးသွားသော ပေါ်ဦး၏လက်ထဲ တွင် တစ်ပြုံကြီးပါသွားသောအမွေးများ ကို မြင်ရသည်။ ပန်ချာပီ ခြေသလုံးနှိပ်၍ ရှုံ့မဲ့ပြီးအော်နေရ၏။

တစ်ဝိုင်းလုံး သူ့ကိုကြည့်၍ အူနှိပ်နေရသည်။ ဗိုက်များနာလာသည်။ ရယ်ရလွန်းသဖြင့် မျက်ရည်များပင် ကျလာ၏။

“နံပါတ်လေးအုပ်စု အမြန်ဆုံးနဲ့ အမွေးအများဆုံး စံချိန်တင်ပြီး ပထမရပါတယ်

ဝေါခနဲရယ်သံများ ပေါ်လာ၏။

ပန်ချာပီ ကံဆိုးလေစွ။

သည်လိုနှင့် တွယ်ချိတ်တစ်ချောင်း၊ ပိုင်းလော့ဖောင်တိန်တစ်ချောင်း၊ ပုဆိုးတစ်ထည်။

အဲ ... ပုဆိုးတစ်ထည်အရှာမှာတော့ ကျွန်တော်တို့အုပ်စု ပထမရလိုက်ပါ၏။ သို့သော် ပေါ်ဦးခမျာမှာတော့ တစ်တောင်လောက် အတွင်းခံဘောင်းဘီကြီးနှင့် ကိုးရိုးကားရား ဖြစ်သွားရှာသည်။

ကျန်သည့်ပစ္စည်းများကတော့ သူရလိုက်၊ ကိုယ်ရလိုက်နှင့် ရှာရှာဖွေဖွေ ပစ္စည်းဖြစ်လေ ပိုရယ်ရလေနှင့် အားလုံး အူတက်နေကြသည်။

အဆိုးဆုံး ရှာလိုက်ရသည့်ပစ္စည်းက ဘရာစီယာတစ်ထည်ပင်။

ရတော့ရလိုက်ပါ၏။ ကံကောင်းလို့။

နောက်ပိုင်းအစီအစဉ်မှာ ကရမည့်မိန်းကလေးများတွင် အဝတ်အစားအပိုများ ပါလာကြသဖြင့်သာ။ နို့မို့ ဘုရား... ဘုရား။

နောက်ဆုံးပစ္စည်းလေးကတော့ မပြော၍ ပြီးမည်မဟုတ်ပါ။ ကျွန်တော့်အဖို့ သည်ပစ္စည်းလေးမှာ တစ်သက်လုံး မမေ့နိုင်စရာ ပစ္စည်းလေးပင်။

“နောက်ဆုံးရှာရမယ့် ပစ္စည်းကတော့ တက္ကသီလာ ကံ့ကော်ရွာကျောင်းသားများဖြစ်လို့ မြကျွန်းသာရဲ့အထိမ်းအမှတ်ဖြစ်တဲ့ ကံ့ကော်ရွက်လေးတစ်ရွက်ပါပဲ။ ဒီကံ့ကော်ရွက်လေးပေါ်မှာ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် လက်မှတ်ထိုးပေးရမယ်။ ကဲ ... ရှာပါ

အားလုံး ထော်လော်ကန့်လန့်ဖြစ်သွား၏။

ဘုရားရင်ပြင်နှင့် ကန်ပေါင်ပေါ်တွင် ကံ့ကော်ပင်တစ်ပင်မှမရှိ။

ထိုစဉ် တစ်ယောက်က အသံပြုလိုက်၏။

“ဟိုအောက်က ဘုန်းကြီးကျောင်းဝင်းထဲမှာ ကံ့ကော်ပင်တွေရှိတယ်

ဝုန်းခနဲ ဘုရားခြေရင်းမှ လှေကားအတိုင်း အောက်သို့ ပြေးဆင်းကုန်ကြ၏။

ကျွန်တော်လည်း အောက်ပြေးဆင်းရန် ခြေအလှမ်းလိုက်-

“နေဦး ... နေဦး၊ ခင်လေးမှာပါတယ်

ခင်လေးက ကျွန်တော့်လက်ကို ဖမ်းဆွဲရင်း သူ့ဆလင်းဘက်ကို ကပျာကယာဖွင့်လိုက်သည်။ ကျွန်တော်စိတ်အားထက်သန်စွာ ကြည့်နေချိန်တွင် သူ့အိတ်ထဲမှ ပလတ်စတစ်အိတ်လေးဖြင့် ထည့်ထားသော ကံ့ကော်ရွက်ခြောက်လေး လေး၊ ငါးရွက် ထွက်လာ၏။

ကံ့ကော်ရွက်လေးတစ်ရွက်ကို ယူ၍ သူ့လက်မှတ်ထိုးလိုက်ပြီးမှ -

“ရော့ ... သူ့လက်မှတ်ထိုးလိုက်

ကျွန်တော့်ရင်ထဲ အေးခနဲခံစားလိုက်ရ၏။ ကျွန်တော်က ကမန်းကတန်းလှမ်းယူပြီး လက်မှတ်ထိုးလိုက်သည်။

အောက်ဆင်းသွားသော လူများထံမှ “ရပြီဟေ့ ဆိုသောအသံ ကြားလိုက်ချိန်တွင် ကျွန်တော်တို့နှစ်ယောက် တစ်ယောက် ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။

ထိုနေ့ညက ကျွန်တော် အိပ်မက်မက်သည်။

ကံ့ကော်တောမှာ ခင်လေးသည် အဝါရောင်ဝတ်စုံလေးဝတ်၍ အလှဆုံးအပြုံး လေးတစ်ခုကိုပြုံးပြီး ကံ့ကော်ပွင့်လေး တစ်ပွင့်ခူးသည်။ တစ်ယောက်သောသူသည် ထိုကံ့ကော်ပွင့်လေးကို ခင်လေးအား ပန်ပေး၏။

ထိုတစ်ယောက်မှာ ကျွန်တော်ဖြစ်နေလေသည်။

x  x  x

 

( ၄ )

“အဲဒီနေ့က တို့ကယ်မက်စတြီက ကောင်တွေ ရေရေလည်လည်ဆွေးသွားတာပဲ

‘ဦးချစ်ဆိုင်ရောက်၍  စားပွဲတွင် ထိုင်ထိုင်ချင်း ကျော်ညွန့်က စကား စလိုက်သည်။ ပေါ်ဦးက  ပြုံးရင်း ကျွန်တော့်ကို မေးငေါ့၍ –

“ပွဲက ဒီကောင့်ပွဲဖြစ်သွားတာကိုး

ကျွန်တော့်မျက်နှာမှ  အပြုံးသည် ကျေနပ်သောအဓိပ္ပာယ်ဆောင်နေသည် မှာ မြေကြီးလက်ခတ်မလွဲ သေချာလှ၏။ သို့သော် အထာယူချင်သေးသဖြင့် -

“ငါကတော့ ရိုးရိုးသားသားပါကွာ

“ဟေ့ကောင်၊ အပိုတွေ ပြောမနေစမ်းနဲ့။ ကံ့ကော်ရွက်မှာ လက်မှတ်အတူတူ ထိုးခဲ့တဲ့အကြောင်း မင်းပြန်ပြောတာ အခါနှစ်ဆယ်လောက်ရှိပြီ

ဓာတ်သိပေါ်ဦးက ဝင်နှိပ်မှ ကျွန်တော် စပ်ဖြီးဖြီးနှင့် ငြိမ်နေလိုက်ရသည်။

“အေးပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ။ မင်းကိုက ကံကောင်းချင်တာကိုး။ မဲလိပ်တွဲတော့လည်း ကတ်သီးကတ်သတ် နှစ်ခုမှကျနေ၊ ဒီကြားထဲ ဟိုအုန်းခိုင် ဆိုတဲ့ငနဲက ရှည်ပြီးတော့ ရှာရခက်မယ်ကွ ဆိုပြီး ကံ့ကော်ရွက်သွားထည့်တော့ မင်းပိုဟန်ကျသွားတာပေါ့

ကျော်ညွန့်က မအီမလည်နှင့် ဝင်ပြောသည်။ တစ်ဆက်တည်းပင် -

“အဲဒီကံ့ကော်ရွက်ကော

သူ့အမေးအဆုံး ပေါ်ဦးက ရှုံ့မဲ့၍ ကျွန်တော့်ဘက် မေးဆတ်ပြလျက် -

“သူ့ဆီမှာလေ၊ အိပ်ရာဝင် အိပ်ရာထ အဲဒီကံ့ကော်ရွက်နဲ့ ရူးနေတာ။ အမြင်ကတ်တာတော့ ကမ္ဘာနဲ့ချီပြီးကတ်တယ်

“ဘယ်မလဲ

ပေါ်ဦးစကားကြောင့် ကျော်ညွန့်က ကျွန်တော့်ကို လှမ်းမေးသည်။

ကျွန်တော်က  အင်္ကျီအိတ်ထဲမှ ကျောင်းသားမှတ်ပုံတင်ထည့်ထားသော ပလတ်စတစ် အိတ်ကလေးကို ဆွဲထုတ်၍ အိတ်ထဲတွင်ထည့်ထားသော ကံ့ကော်ရွက်လေးကို ပြသည်။

“ဒီမှာလေ၊ အချစ်ရဲ့ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်မွန် ရတနာလေး။ အယ်လီဇဘက်ဘုရင်မရဲ့ သရဖူကစိန် ထက် အဆတစ်သန်းလောက် တန်ဖိုးရှိတယ်

ပြောလည်းပြော၊ လက်မှတ်ထိုးထား သော ကံ့ကော်ရွက်လေးကို နှာခေါင်းနား ကပ်၍ နမ်းပြလိုက်၏။

“အရူး၊ အဲဒါနဲ့ မင်းသေမှာပဲ

ပေါ်ဦး ကျွန်တော့်ကို ကြည့်မရတော့ မှန်းသိသာနေသည်။ ကျော်ညွန့်ကလည်း အကြမ်းပန်းကန်လုံး မြှောက်ပြ၍ -

“ဟေ့ကောင် ... သိပ်အသားမယူနဲ့၊ မျက်နှာကို ရေနွေးနဲ့ပက်ထည့်လိုက်မယ်။ ဒီကကောင်တွေက သိပ်နာလိုတာ မဟုတ်ဘူး

ကျွန်တော်က တဟဲဟဲရယ်၍ -

“သည်းခံ တကာကြီး သည်းခံ၊ ဖူးစာဆိုတာ ခက်သားလား။ အပိယေဟိ ပိယေဟိ၊ ဝိပ္ပယော ဒုက္ခောတဲ့။ ချစ်သူ ချစ်သူချင်းသာ ပေါင်းရသည်။ ကျန်သည့် သူများ မနာလိုတိုရှည်နှင့် စိတ်ဆင်းရဲရ ၏တဲ့

“ဘာဆိုင်လို့လဲ

“မသိဘူးလေ၊ ငါလည်း ပါးစပ်ထဲ တွေ့တဲ့ပါဠိ ကောက်ရွတ်လိုက်တာ

သုံးယောက်သား ရယ်လိုက်ကြ၏။

ရယ်သံကျယ်သွားသဖြင့် လက်ဖက်ရည်ဆိုင်ထဲမှ အခြားဝိုင်းများ၏ မျက်လုံးများ ကျွန်တော်တို့ဆီ ရောက်လာသည်။

“တစ်ခုတော့ရှိတယ်ကွ

ရယ်သံအဆုံး ကျော်ညွန့်က မျက်နှာပိုးသတ်၍ တည်ငြိမ်သောလေသံဖြင့် ပြောသည်။ ပေါ်ဦးက ဝင်၍

“အေး ငါ့တစ်ခြမ်းပေး

 

ဆက်လက်ဖော်ပြပါမည်။