နွမ်ဂျာသိုင်း
၂၆-၄-၂၀၂၄ ရက်မှအဆက်
“ပျို . . . သီရိမေ . . . ကျက်သရေ တက်နေဝန်းသို့ ထွန်းကာနေ ပျို . . . သီရိမေ . . . ဇာတာစန်းလာဘ် လျှမ်းတက်လို့ဝေ. . . ရတနာရွှေငွေ အထွေထွေ . . . ပြည့်စေကြောင်းနဲ့ တောင်းဆုကိုခြွေ . . . သတိုး မင်္ဂလာတွေ . . . ဖြိုးအစဉ်သာဝေ . . . စိန်ရွှေငွေတွေ ဒီရေအလားသို့ မသွေ . . . တိုးတက်ပါပေ . . . ချစ် သဟာအပေါင်းတွေ မေတ္တာလောင်းနေ . . . ဖြိုးဖြိုး ဖြာဝေ တိုးတိုးပါစေ. . . အပေါင်းမင်္ဂလာတွေ . . . ပျို သီရိမေ . . . ပျို သီရိမေ . . . ချစ်မေတ္တာ လှစ်ကာကျူးလို့ ဆုထူးပန်ခြွေ . . . အို . . . မောင်တို့ ခင်တို့ . . . ပျို သီရိမေ. . . ”
x x x
( ၅ )
“သံဃဝေယျာဝစ္စအတွက် နည်းများမဆို ကုသိုလ်ပါဝင်တော်မူကြပါခင်ဗျာ”
ရေကြည်တော်ဝတ်အသင်းဟု စာတန်းထိုးထားသော ပိတ်ဖြူခေါင်းစီးအောက်တည့်တည့်တွင် ရပ်၍ ကျွန်တော်တို့လည်း သံပြိုင်အော်လိုက်ကြသည်။ တစ်ယောက် ဖလားတစ်လုံးစီကိုင်၍လည်း တဂျောက်ဂျောက် ခေါက်နေကြ၏။
ညနေကတည်းက အော်လာခဲ့ကြပြီးဖြစ်သော်လည်း ခုထိမနားကြသေး။ ညောင်းလို့ပင် ညောင်း မှန်းမသိ။ မတ်တတ်ရပ်နေသည်ပင် လေးနာရီ လောက်ကြာပြီ။ ပေါ်ဦးက အသံပြဲကြီးနှင့် ထအော်ပြန်သည်။
“သာဓု သာဓု သာဓုပါခင်ဗျာ၊ ယခုပြုရ ဤဒါနကြောင့် ဇောတိက အနာထပိဏ်တို့လို ရတနာစိန် ဌေးကြွယ်ဝပြီးလျှင် ဘေးအသွယ်သွယ်မခ အသွင်အလားတူပေသော ရှင်ဗာကူ ရောဂါကင်းသကဲ့သို့”
ကျွန်တော်နှင့် စန်းလွင်မှာ တစ်ယောက်ကိုတစ် ယောက်ကြည့်ပြီး ပြုံးလိုက်ကြ၏။ ဤဆုပေးအရှည် ကြီး နဘေကာရန် အချိတ်အဆက်တို့ကို တစ်ညနှင့်တစ်ရက် အရကျက်ပြီး အားရပါးရအော်နေသော ပေါ်ဦးကို သဘောကျ၍ ဖြစ်သည်။ ပေါ်ဦးကတော့ အရှိန်ရနေပြီမို့ သံကုန်တင်၍ အော်ကောင်းနေသည်။
“ရှင်ဗာကူ ရောဂါကင်းဆိုသကဲ့သို့ သြဘာသတင်း သွေမပျက်ရဘဲ ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ဆုအဟုန် ရကြ၍ လူ့ဘုံက အလျှံပြည့်ဝစေ၍ အန္တိမဘဝေ နောက်ဆုံးအနေဖြင့် အဆက်မပွားဘဲ မဂ်တရားကို စောစွာကြံလို့ မို့ သောတာပန် ဖြစ်တော်မူနိုင်ကြပါစေ ခင်ဗျာ”
သူ့ဆုပေးအဆုံး ကျွန်တော်တို့တစ်သိုက်လည်း ကျွန်တော်တို့ရသော နိဗ္ဗာန်ဆော်စကားဖြင့် သံပြိုင် အော်၍ ပိတ်ပေးလိုက်ကြပြန်သည်။
“သံဃဝေယျာဝစ္စအတွက် နည်းများမဆို ကုသိုလ် ပါဝင်တော်မူကြပါခင်ဗျာ”
နေရာတကာတွင် စပ်စပ်စုစုနိုင်၍ ပေါက်ပေါက်ရှာရှာ စိတ်ကူးရတတ်သော ပေါ်ဦးကြောင့် ကျွန်တော်တို့သည်နေရာသို့ ရောက်နေကြခြင်းပင်။
သီတင်းကျွတ်အဖိတ်နေ့မတိုင်ခင် တစ်ရက်က ဘယ်လိုကဘယ်လို အဆက်ရသည်မသိ။ ပေါ်ဦး တစ်ယောက် တစ်ခန်းဝင် တစ်ခန်းထွက်နှင့် အဖိတ်နေ့ညနေတွင် ရွှေတိဂုံဘုရားပေါ်သို့သွားရန်၊ ထို့နောက် ရေကြည်တော်ဝတ်အသင်းဝင်၍ ကုသိုလ်ပြုကြရန် လိုက်စည်းရုံးသည်။
ယခုခေတ်တော့မသိ။ ကျွန်တော်တို့ခေတ် တက္ကသိုလ်ကျောင်းသားများကား ဤကိစ္စမျိုးလည်း စိတ်ပါဝင်စားကြပါသည်။ ဘာသာ၊ သာသနာကိစ္စဖြစ်သည့်အပြင် ကိုယ့်အတွက်လည်း ကုသိုလ်ရေး ဖြစ်တာမို့ ကျောင်းသားများသာမက ကျောင်းသူများလည်း ပါလာကြသည်။
ညနေခင်းကတည်းက ဘုရားပေါ် တံမြက်စည်း လှည်းခြင်း၊ စေတီတော်များ၊ ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း အစရှိသောလုပ်ငန်းများအပြင် အလှူငွေကောက်ခံသည့်နေရာတွင်ပါ တက်တက် ကြွကြွ ဖြစ်နေကြ၏။
“ထွန်းဝေ၊ ဟိုရှေ့မှာ အနီလေး သားနားတယ်”
အနားရှိ စန်းလွင်က လက်ကုတ်ပြလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။ သူက သားနားသည်ပြော သော်လည်း ကျွန်တော့်စိတ်ထဲမထင်။ ကျွန်တော့် စိတ်ထဲမှာ သားနားသည်ဟုထင်သည်က . . .။
ရင်ထဲတွင် လှိုက်ခနဲ ဟာသွား၏။ ဟာသွားသောရင်နှင့်အတူ တမ်းတမ်းတတ ဝေဒနာလေးတစ်ခုကို ခံစားလိုက်ရသည်။
“ခုနေများ ခင်လေးအနားမှာရှိရင် ဘယ်လောက်ကောင်းမလဲ”
ဘာပြောပြော ခုလိုနေရာမျိုး၊ ခုကိစ္စမျိုးလေးမှာ ခင်လေးနှင့်အတူတူ လှုပ်ရှားချင်လှ၏။ သည်အတွေး နှင့်အတူ ရင်ထဲမှာလည်း ခံစားမှုလေးတစ်ခု ပေါ်လာသည်။
“ဒီကိစ္စမျိုး ခင်လေး စိတ်ဝင်စားချင်မှ ဝင်စားမှာပါ။ ဒါမျိုးက တို့လိုတောသားတွေပဲ စိတ်ပါတတ် ကြတာမဟုတ်လား။ ခုနေ ခင်လေးတို့ကိုမြင်ရင်တောင် ဒိုက်ဖတ်တွေလို့ ထင်ချင်ထင်ဦးမှာ” တံတိုင်းတစ်ခု၏အခြားသည် အားငယ်စရာ ကောင်းလှ၏။ အသည်းပူဆာ မနေသာ၍ ကိုယ့်ဘက်က တိတ်တခိုး တိုးတိုးလေးချစ်နေမိသော်လည်း ခြားနားသောဘဝ၏ အဟန့်အတားကိုမူ ကျွန်တော် မဖြတ် ကျော်ရဲ။
“ခုနေမှာ သူဒီလိုအလုပ်မျိုး ဘယ်လုပ်မလဲလေ။ မီးထွန်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲ၊ မင်းပွဲစိုးပွဲတွေမှာပဲ ဝတ်ကောင်းစားလှတွေနဲ့ တင့်တင့်တယ်တယ် နေချင်မှာပေါ့”
လရောင်အောက်တွင် မီးရောင်များဖြင့် ရွှေရည် ဝင်းနေသော ဒဂုံရှင်စေတီတော်ကို လှမ်း၍ဖူးမြော် လိုက်၏။ လေးဆူဓာတ်ပုံ ဆံတော်ရှင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအားလည်း ရင်ထဲမှ တိုးတိုး လေး တိုင်တည်နေမိသည်။
“အိုခြင်း၊ နာခြင်း၊ သေခြင်းဖြင့် အဆုံးရှိသော လူ့လောကကြီးတွင် ဓန၏ လွှမ်းမိုးခြင်း၊ ရာထူး ဌာနန္တရဖြင့် လွှမ်းမိုးခြင်း၊ လူ့အလွှာ လူ့အတန်း အစားဖြင့် လွှမ်းမိုးခြင်းတို့မှ ကင်းလွတ်အောင် ကယ်မတော်မူပါ ဘုရား”
“ဟေ့ကောင်ထွန်းဝေ . . . ဟိုမှာကြည့်စမ်း၊ ဘယ်သူလဲလို့”
ပခုံးကို ဆတ်ခနဲကိုင်လှုပ်ခံရ၍ နားထဲသို့ တိုးဝင်လာသော ပေါ်ဦး၏အသံကြောင့် အတွေးစများ ပြတ်တောက်သွား၏။
“ဘယ်မှာလဲ”
ကျွန်တော်က ယောင်ကန်းကန်းဖြင့် ပေါ်ဦးဘက် လှည့်လိုက်ရင်းမေးလိုက်သည်။ ပေါ်ဦးက အရှေ့ ဘက်တန်ဆောင်းတစ်ခုဆီသို့ လက်ညှိုးညွှန်ရင်း-
“ဟိုမှာ”
ရင်ထဲက နှလုံးသွေးများ ရပ်သွားသည်။ ထိတ်ခနဲဖြစ်သွားသော ရင်နှင့်အတူ ကိုယ့်မျက်လုံး များကို ကိုယ်မယုံ။
“ခင် . . . လေး”
ဟုတ်ပါသည်။ ခင်လေးမှ ခင်လေးအစစ် ဖြစ်ပါသည်။ ပန်းနုရောင် အထက်အောက် ဆင်တူဝတ် ထားပြီး ဆံပင်ကို ကျောလယ်ထိ ဖြန့်ချထားသည်။ သူ့လက်ထဲတွင် ပန်းစည်းတစ်စည်း။
ထို့ပြင် . . . ထို့ပြင် . . .
တလှပ်လှပ်ခုန်လာသောရင်ကို သတိပြုမိ၏။ ခင်လေး၏နံဘေးတွင် အမျိုးသားတစ်ယောက်၊ စပို့ရှပ်အဖြူရောင်နှင့် အရပ်ထောင်ထောင်မောင်းမောင်း လူချောချောတစ်ယောက်။ ထိုသူက ကျွန်တော်တို့ရှိရာဘက်သို့ ခင်လေးအား လက်ညှိုးညွှန်၍ပြလိုက်သည်။ မီးရောင်ကြောင့် ထိုသူ့လက်မှ လက်ပတ်နာရီသည် ဝင်းခနဲ အရောင်လက်သွား၏။ မသိမသာ ကျွန်တော့်ကိုယ်ကျွန်တော် ငုံ့ကြည့်မိသည်။
ကေတီလေးထောင်၊ တက်ထရွန်ရှပ်လက်ရှည်ကို လက်ဖျံပေါ်အထိ လက်နှစ်ခေါက်ခေါက်၍ တင်ထား၏။ လက်ကောက်ဝတ်မှ နာရီလေးသည်လည်း ခုခေတ်တွင် လူရာမဝင်တော့သောပုံ။ ပြီးတော့ နှစ်ရှစ်ဆယ် ချည်ချောလုံချည်ကွက်စိပ်နှင့်။
မှန်မကြည့်သော်လည်း သိသာပါသည်။ ကျွန်တော့်ဆံပင်သည် ထိုသူ့ဆံပင်ကဲ့သို့ ပုံကျကျဖြီးထားမည်မဟုတ်။ ရှုပ်ရှုပ်ထွေးထွေး မဟုတ်သော်လည်း ခပ်ပွပွတော့ဖြစ်နေပေမည်။ ကျွန်တော့်မျက်နှာသည်လည်း ထိုသူ့မျက်နှာကဲ့သို့ မှုန်မွမွ ရှင်းသန့်သန့်နှင့် လှလှပပ ရှိနေမည်မဟုတ်။ လတ်သည်ဆိုသော အသားသည် မီးရောင်ဖြင့် ခပ်ပြောင်ပြောင် လက်နေ ပေလိမ့်မည်။
သူတို့နှစ်ယောက်နောက်ဘက်တွင် အင်ဒိုနီးရှား ပါတိတ်ဆင် ဟာဝေယံရှပ်နှင့် အသားဖြူဖြူခန့်ခန့် လူကြီးတစ်ဦး။ ပြီးတော့ ဇာပဝါဖြူဖြူခြုံထားသော တစ်ကိုယ်လုံး အဖိုးတန်ပစ္စည်းများနှင့် အမျိုးသမီးကြီး ခပ်ခန့်ခန့်တစ်ဦး။
“သူ့ဘေးက ဘယ်သူလဲမသိဘူးကွ။ နောက်ကလူ တွေက သူ့မိဘတွေလားမသိဘူး”
စန်းလွင်က အနားမှ တတွတ်တွတ်ရွတ်၍ ထင်ကြေးပေးနေသည်။ ကျွန်တော့်စိတ်ထဲတွင်လည်း အတွေးတို့ဖြင့် ယောက်ယက်ခတ်နေ၏။ တစ်ဦးတည်းသောသမီး။ ထို့ကြောင့် အစ်ကိုမဟုတ်နိုင်။ ဦးလေးအရွယ်လည်း မဟုတ်။ ထို့ပြင်မိဘများလည်း ပါလာသေးရာ ခိုးကြောင်ခိုးဝှက် ရည်းစားလည်းမဖြစ်နိုင်။အာခေါင်များ ခြောက်လာ၏။
“ဟော. . .တို့ဆီလာနေကြတယ်ကွ”
တို့ဆီဆိုခြင်းမှာ ဝတ်အသင်းအလှူခံမဏ္ဍပ်ကို ဆိုလိုကြောင်း ကျွန်တော်သိလိုက်၏။
ခင်လေး အကြည့်သည် ကျွန်တော့်ဆီရောက်လာသည်။
အံ့အားသင့်သွားဟန် မျက်လုံးလေးဝိုင်း၍ ပါးစပ်လေးဟသွားသည်။ ပြီးမှအပြုံးလေးတစ်ခု ချက်ချင်းပေါ်လာကာ သူ့ဘေးမှလူနှင့် နောက်မှ လူကြီးများကို တစ်စုံတစ်ခုလှည့်ပြောရင်း ကျွန်တော့် ဆီ ရောက်လာသည်။ ခုထိ ကျွန်တော် ဘာလုပ်ရမည်မသိသေး။
“ကိုထွန်းဝေတို့ပါလား”
ခင်လေးဆီမှ ရင်းရင်းနှီးနှီးလေသံ ကြားရသည်။ ကျွန်တော် ပြန်ပြုံးပြဖို့ သတိရလာသဖြင့် -
“ဪ . . . မခင်လေး၊ ဘုရားဖူးလာတာလား”
ခင်လေးက ချစ်စဖွယ်ပြုံး၍ ခေါင်းညိတ်ပြီး -
“ဟုတ်တယ်၊ ခင်လေးတို့ သီတင်းကျွတ်အဖိတ်နေ့ ညဆို ရွှေတိဂုံကို အမြဲလာတတ်တယ်။ ဒါ ခင်လေးရဲ့ ဖေဖေနဲ့ မေမေလေ။ ဒါက ခင်လေးရဲ့အစ်ကို ကိုကိုလတ်။ ဟောဒါက ခင်လေးတို့ကျောင်းက ကိုထွန်းဝေလေ”
ဆက်လက်ဖော်ပြပါမည်။