နေပြည်တော် ဖေဖော်ဝါရီ ၆

တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု (One ASEAN One Response- OAOR Roadshow) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် AHA Centre တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးက အဖွင့်အမှာစကားကို Video Message ဖြင့် ပြောကြားရာ One ASEAN One Response ကြေညာစာတမ်းကို အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management- ACDM)နှင့်  AHA Centre တို့က အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်းဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီး‌ရေလျှံမှုများဖြစ်စဉ်များတွင် နိုင်ငံတော်မှထိရောက်သည့် တုံ့ပြန်ရေးလုပ်ငန်းများ၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် အာဆီယံသည် AHA Centre မှတစ်ဆင့် ဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးခြင်းများအတွက် နိုင်ငံတော်နှင့် ဘေးသင့်သူများကိုယ် စားကျေးဇူးတင်ပါကြောင်းနှင့်  အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံ၏ One ASEAN One Response ကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းပင်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်အားလည်းကောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အာဆီယံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများအားလည်းကောင်း၊ AHA Centre က အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံက ရေးဆွဲထားရှိသော စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ(SASOP) အားလည်းကောင်း၊ အာဆီယံ ဆက်ဆံရေးရုံးနှင့်  အင်ဒိုနီးရှားနိုင်ငံ UNOCHA က အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT)နှင့် ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ်ဆန်းစစ်လေ့လာရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (UNDAC) အဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည်က နိဂုံးချုပ်အမှာစကားပြောကြားကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာလူသားချင်းစာနာ အကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ UNOCHA ၏ အာဆီယံဆက်ဆံရေးရုံးနှင့် အင်ဒိုနီးရှားနိုင်ငံရုံး အကြီးအကဲနှင့် အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်