ဘရက်ဆဲလ် အောက်တိုဘာ ၈
ဥရောပသမဂ္ဂ(အီးယူ) ၏ အုပ်ချုပ် ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများထံ သံမဏိထုတ်ကုန်များ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းသစ်များကို အဆိုပြုထားသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ သံမဏိ လုပ်ငန်းထုတ်လုပ်မှု လိုအပ်သည်ထက် ပိုလျှံနေမှု၏ သက်ရောက်မှုများမှ ကာကွယ်ရန် သံမဏိ တင်သွင်းခွန်ကို ၅၀ ရာခိုင်နှုန်း အထိတိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။ ဥရောပကော်မရှင်သည် အောက်တိုဘာ ၇ ရက်တွင် သံမဏိပစ္စည်းများ တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ကို ကန့်သတ်ရန် အဆိုပြုခဲ့သည်။
တစ်နှစ်လျှင် သံမဏိထုတ်လုပ်မှုတန်ချိန် ၁၈ သန်းအထိ ကန့်သတ်ရန် အဆိုပြုထားသည်။ ယင်း ပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း အခွန်လွတ် တင်သွင်းခွင့်ရှိသည့် ပမာဏ၏ တစ်ဝက်ခန့်မျှသာ ဖြစ်သည်။ ကော်မရှင်သည် ခွင့်ပြုပမာဏထက်ပို၍ တင်သွင်းသော သံမဏိများအတွက် အခွန်ကို ၅၀ ရာခိုင်နှုန်းထိတိုးမြှင့်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် နိုင်ငံခြားမှ သံမဏိတင်သွင်းမှုများကို အခွန်စည်းကြပ်မှု တိုးမြှင့်ခဲ့သည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က သံမဏိကဏ္ဍခိုင်မာခြင်းသည် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးလုံခြုံမှုတို့အတွက် အရေးပါသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုလိုအပ်ချက်ထက် ပိုလျှံနေမှုသည် ဥရောပသမဂ္ဂ၏ စက်မှုလုပ်ငန်းကို ထိခိုက်နစ်နာစေသည့်အတွက် အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


