ရန်ကုန် မေ ၂၈
တစ်ကမ္ဘာလုံး၌ မြန်မာတွင်သာရှိပြီး စုစုပေါင်း ခန့်မှန်းအကောင်ရေ ၃၀၀ ဝန်းကျင်သာ ကျန်ရှိတော့သည့် ပုပ္ပါးမျောက်မြီးရှည်များကိုထိန်းသိမ်းရန် လှုံ့ဆော်သည့်အနေဖြင့် လေ့လာရေးခရီးထွက်မည်ဖြစ်ကြောင်း ခရီးစဉ်ကိုစီစဉ်သူ မဟာဂီရိအဖွဲ့မှ ကိုတင်ကိုမင်းထံမှ သိရသည်။
ပုပ္ပါးမျောက်မြီးရှည် လေ့လာရေးနေ့ အဖြစ် ဇွန် ၄ ရက် နံနက် ၆ နာရီ မှ ညနေ ၆ နာရီအထိ ပုပ္ပါးတောင် ဘူမိဥယျာဉ်ဒေသက ပုပ္ပါးမျောက်မြီးရှည်များ ကျက်စားရာ နေရာတစ်ခုစီတွင် ၅ ယောက်တစ်ဖွဲ့ဖြင့် လေ့လာမည်ဖြစ်ကာ အဆိုပါ လေ့လာရေးခရီးစဉ်တွင် လူ ၁၀ ဦးကို ဝန်ဆောင်ခအခမဲ့ဖြင့် လေ့လာခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
"လက်ရှိကတော့ ကျွန်တော်တိုမှာလည်း ရန်ပုံငွေနည်းတဲ့အတွက် လေ့လာရေးနေ့အဖြစ် ၁၀ ယောက်ပဲ လက်ခံထားတယ်။ ပုပ္ပါးမျောက်မြီးရှည်လေးတွေ ကျက်စားရာ နေရာတစ်ခုစီမှာ ၅ ယောက်တစ်ဖွဲ့ လေ့လာကြပါမယ်။ စိတ်ဝင်စားမှုတော့ရှိတယ်။ ဧည့်သည်တွေကို လှုံ့ဆော်တဲ့အခါ ဒီလိုမျောက်သားရောင်းတဲ့ဟာကို မစားဖို့၊ အားမပေးဖို့၊ ဖမ်းပြီးမမွေးဖို့ သူတို့ စားကျက်မြေနည်းနေတာတွေအတွက် သူတို့စားတဲ့သီးပင်၊ စားပင်တွေကို စိုက်တာ၊ တကယ်လို့ သူတို့စားတဲ့ သီးပင်၊ စားပင်တွေကိုဒေသ အဖွဲ့အစည်းကနေ ခုတ်နေတယ် ဆိုရင်လည်း ဒီအပင်တွေကိုမထိအောင် ဘာလုပ်ပေးရမလဲဆိုတာမျိုး လုပ်ရမှာပေါ့။ ဘာလိုလဲဆိုတော့ တစ်ကမ္ဘာလုံးမှာမှ အကောင် ၃၀၀ လောက်ပဲ ကျန်တယ်။ ပြီးတော့ ရှားပါးမျိုးစိတ်ဖြစ်နေပြီး မြန်မာနိုင်ငံမှာပဲရှိတဲ့အတွက် ရည်ရွယ်ချက်ကတော့ ထိန်းသိမ်းရေး အတွက် လှုံ့ဆော်တာပါ"ဟု ကိုတင်ကိုမင်းက ပြောကြားသည်။
ပုပ္ပါးမြောက်မြီးရှည်နှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာကိုကြေညာခဲ့ပြီးနောက် ထိန်းသိမ်းရန် လှုံ့ဆော်လေ့လာရေးအနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန် ၄ ရက်တွင် ပထမဆုံးအကြိမ် အနေဖြင့် ဆောင်ရွက်ခဲ့ကာ ယခုနှစ် လာမယ့် ဇွန် ၄ ရက်တွင် ဒုတိယအကြိမ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်ကို နှစ်စဉ်ပုပ္ပါးမြောက်မြီးရှည် ထိန်းသိမ်းရေးနေ့ဟူ၍ သတ်မှတ်ဆောင်ရွက်နေကြောင်းလည်း ၎င်းက ရှင်းပြသည်။
အဆိုပါမျောက်မျိုးစိတ်များမှာ သစ်တောများပြုန်းတီးလာခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်လာ ခြင်းကြောင့် ကျက်စားရာဒေသများ ပျောက်ဆုံးမှုများရှိလာသကဲ့သို့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်း၊ ဖမ်းဆီးသတ်ဖြတ်သည့်အန္တရယ်များ ရင်ဆိုင်နေရကြောင်းလည်း ကိုတင်ကို မင်းက ပြောသည်။
“အဓိကက အမေကိုလိုက်တယ်၊ အမေသေသွားတဲ့အချိန်မှာ ရင်ဝယ်ပိုက်ကလေးကျန်တယ်။ အဲဒါကို ရောင်းစားတာရှိတယ်။ ကျန်ခဲ့တဲ့ ကလေးကိုသနားတဲ့သူတွေက သနားပြီးမွေး လိုက်ရော။ အဲဒါတွေက လည်းမမွေးသင့်တဲ့အကြောင်းရင်းပဲ။ တချို့ကကျတော့ အဲဒီလို ဝယ်တဲ့သူရှိတော့ အမဲကထပ်လိုက်ပြန်ရော၊ အဲဒါတွေလည်းမမွေးသင့်ပါဘူး။ တောထဲမှာ နေတာကို တောထဲမှာပြန်လွှတ်ပေးထားတာအကောင်းဆုံးပါပဲ"ဟု ဆိုသည်။
MT