မန္တလေး ၁၃ ဖေဖော်ဝါရီ


မန္တလေးမြို့တွင် ယာဉ်စည်းမလိုက်နာသည့် ယာဉ်များအား mobile team ဖြင့် အရေးယူမှုပြုလုပ်ရာ တစ်လအတွင်း စည်းကမ်းမဲ့ယာဉ် ၁၆၀ဝ ကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ မန္တလေးမြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်များအား mobile team ဖြင့် စတင်ဖမ်းဆီးသည့်  ဇန်နဝါရီ ၂ မှ ဇန်နဝါရီလ ၃၁ ရက်အထိ ယာဉ်အစီးရေ ၁၆၆၀ စီး ဖမ်းဆီး ရမိကြောင်း သိရသည်။ 

 

"ဒဏ်ကြေးရဖို့ထက် စည်းကမ်းရှိစေချင်တယ်။ ဒဏ်ကြေးမရတာက အရေးမကြီးဘူး စည်းကမ်းရှိဖို့အတွက် ရည်ရွယ်ပြီးတော့မှ ဒါကိုလုပ်တာ''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။ 


၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်အထိ ဖမ်းဆီးရမိသည့် ယာဉ်များတွင် ပိုင်ရှင်မရှိဘဲရပ်ထားသည့်အတွက် wheel lock ခတ်ပြီးအရေးယူသည့်ယာဉ် ၃၂၄ စီး၊  ကားကြီးဖြင့် ဆွဲခေါ်ရသည့် ယာဉ်  ၆ စီး၊  ၃တန် အထက် ယာဉ်မဝင်ရ သတ်မှတ်ထားသည့်နေရာကို ဝင်သည့်အတွက် အရေးယူတာသည့် ယာဉ် ၆၆၄ စီး၊  စည်းကမ်းမဲ့ရပ်နားသည့်အတွက် အရေးယူခံရသည့်ယာဉ် ၆၆၆ စီးရှိပြီး စုစုပေါင်း ၁၆၆၀ စီး အရေးယူခဲ့ကြောင်း သိရသည်။ အရေးယူခဲ့သည့်ယာဉ် အစီးအရေများအတွက် ဒဏ်ကြေးငွေ ၄,၃၈၀,ဝ၀ဝ ကျပ် ရရှိကြောင်းသိရသည်။ 


စည်းကမ်းမဲ့ ယာဉ်များကို ပူးပေါင်းအဖွဲ့များပါဝင်သော Mobile team ဖြင့် လှည့်လည်ဖမ်းဆီးမှုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်က စတင်ကာ အဖွဲ့နှစ်ဖွဲ့ဖြင့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခဲ့သည်။ ပူးပေါင်းအဖွဲ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ မော်တော်ယာဉ်ဌာန၊ ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့ပါဝင်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်