၂၉ ဇန်နဝါရီ
လှေတစ်စင်းတည်းတွင် ခရီးအတူသွားကြသူများအဖို့ မရှိအတူ ရှိအတူ အတူတကွလက်တွဲပြီး လက်တွဲညီညီလှော်ခတ်မှသာလျှင် လိုရာခရီး ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ အလားတူပင် မိမိတို့၏ရည်ရွယ် ချက်ခရီးပန်းတိုင်သို့ ချောချောမွေ့မွေ့ဖြင့် အချိန်မီရောက်ရှိရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
သို့သော် မည်သည့်ခရီးလမ်းမဆို အပြောလွယ်သလောက် အလုပ်ခက်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခရီးတည်း အတူ သွားနေကြသူများ အားလုံးမှာ ဤခရီးအတွက် စိတ်တူကိုယ်တူ အားလုံး မရှိကြသောကြောင့် ဖြစ်သည်။ အချို့ခိုကပ်ကြသည်။ အချို့ ကဖျက်ယဖျက် လုပ်လိုသူများရှိသည်။ အချို့ ဤခရီး ဤနည်းကို သဘောမတူကြသူများလည်းရှိမည်။ ထိုအခါ လိုရာခရီးသို့ မျှော်မှန်းသည့်အတိုင်း ခရီးနှင်ရာတွင်ထင်သလောက် ခရီးမပေါက်ဖြစ်ရသည်။ ထို့ကြောင့် လိုရာခရီးပန်းတိုင်သို့ မျှော်မှန်းသည့်အတိုင်း ရောက်ရှိမှသာ အားလုံးအတွက် အဆင်ပြေနိုင်မည်ဖြစ်၍ ညီညီညွတ်ညွတ် ခရီးနှင်ကြရန် တိုက်တွန်း နှိုးဆော်ရခြင်းဖြစ်သည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခရီးလမ်းမှာ နီးလျက်နှင့် ဝေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤခရီးကို ညီညီညွတ်ညွတ် ခရီးနှင်ပါလျှင် ပန်းတိုင်သို့စောစီးစွာရောက်ရှိနိုင်ပါသော်လည်း ယခုအခါ ပန်းတိုင်သို့ရောက်ရှိရန်အတွက် အချိန်ကာလများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့နိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဟာ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်၊ ခေတ်အဆက်ဆက် သူ့ခေတ် သူ့ကာလ သူ့အခြေအနေတွေအရ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ရတာတွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်မှာ စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုသလို ကျွန်မတို့အားလုံး စုပေါင်းပြီး သမိုင်းမော်ကွန်းသစ်ကို ရေးထိုးကြရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ဆိုင်ရာဆိုင်ရာအဖွဲ့အစည်းများက ကြိုးပမ်းအားထုတ်ရုံနှင့် မလုံလောက်ချေ။ ငြိမ်းချမ်းရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသားလူမျိုးစု တစ်ခုအတွက်သာမဟုတ်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် သက်ဆိုင်သောအရေး ဖြစ်သဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ထောက်ခံမှု၊ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုများ အထူးလိုအပ်ပေသည်။ ထိုသို့ပါဝင်ဆောင်ရွက်မှသာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုရရှိပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိမည်ဖြစ်သည်။
ငြိမ်းချမ်းရေးခရီးကို အောင်မြင်ချောမွေ့စွာဖြင့် လျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထု၏အားဖြင့် ညီညီညွတ်ညွတ် ဆန္ဒဖော်ထုတ်မှုများ၊ ထောက်ခံမှုများအား ကြိုဆိုရမည်ဖြစ်သလို တိုင်းပြည်အတွက် အရေးအကြီးဆုံး အရေးအတွက် ညီညွတ်ခြင်းကိုပြသသည့် လက္ခဏာများဖြစ်သဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရမည်ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး မတိုင်မီကာလကလည်း ပြည်နယ်ဒေသအလိုက် ကြိုဆိုထောက်ခံပွဲများ ကျင်းပခဲ့ကြပြီး ယခုတတိယအကြိမ် အစည်းအဝေးမတိုင်မီတွင်လည်း လူထုကြိုဆိုထောက်ခံပွဲများကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယနေ့ပြည်သူအားလုံး ဖွင့်ဟမြော်တွေး အရေးပေးလျက်ရှိသောအရာမှာ ပြည်တွင်းငြိမ်းချမ်းရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ခေါင်းဆောင်ကြီးများ အားသွန်ခွန်စိုက် နှလုံးရည်တိုက်ပွဲဝင်စဉ်က တစ်တိုင်းပြည်လုံး မကြုံစဖူး စည်းရုံးအုံကြွလျက် လွတ်လပ်လိုပြီဟူသော စိတ်ဆန္ဒကို ကြွေးကြော်ဖော်ပြသကဲ့သို့ ယနေ့မြန်မာပြည်သူလူထုကြီးကလည်း တစည်းတရုံးတည်း ညီညွတ်မှုပြကာ ငြိမ်းချမ်းလိုပြီဟူသော စိတ်ဆန္ဒကို တစ်ခဲနကြွေ်ကးကြော် ဖော်ပြကြရမည်သာဖြစ်သည်။
ဤအစဉ်အလာကောင်းများကို ဆင်ခြင်လျက် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးပြီး၊ ဆွေးနွေးဆဲ၊ ဆွေးနွေးရန် အရေးတို့မှာ များစွာမဝေးဖြစ်ပေါ်လာနိုင်စရာ အကြောင်းဖြစ်သည်။ ဤသို့ တိုင်းရင်းသားပြည်သူ အပေါင်းတို့က ငြိမ်းချမ်းရေးခရီးတွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွား သဘောအားနှင့် ပါဝင်ခြင်းဖြင့် ငြိမ်းချမ်းရေးခရီးပန်းတိုင်မှာ မဝေးတော့ပါဟု ဆိုချင်ပါသတည်း။