ရန်ကုန် အောက်တိုဘာ ၂၇
တစ်လနှစ်ကြိမ် ကံစမ်းနိုင်မည့် အောင်ဘာလေ အွန်လိုင်းထီ ပုံစံသစ်ကို စိတ်ဝင်စားသူ များပြားနေခြင်းကြောင့် (ဃ)အက္ခရာကို ထပ်တိုးထားကြောင်း သိရသည်။
5 Digits အောင်ဘာလေအွန်လိုင်းထီသည် အက္ခရာတစ်လုံး နှင့် ဂဏန်းငါးလုံးထီကို ကံစမ်းရမည့်ထီအမျိုးအစားဖြစ်ကာ ထီဖွင့်ပွဲကို လတစ်လ၏ ၂ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပ သွားမည်ဖြစ်ပြီး ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် ဖွင့်လှစ် ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ဆတိုးထီဆုကြီးလည်းပါဝင်ကာ အဆိုပါထီဆုမှာ အမြင့်ဆုံးထီဆုအတွက် ထီနံပါတ်ကို ကံထူးရှင် ထွက်ပေါ်လာသည်ဖြစ်စေ၊ မထွက်ပေါ်လာသည်ဖြစ်စေ သုံးကြိမ်အများဆုံး ဖွင့်လှစ်မည်ဖြစ်သည်။
သုံးကြိမ်ဖွင့်လှစ်ပြီးနောက် ကံထူးရှင် မထွက်ပေါ်လာပါက အဆိုပါထီဆုကြေးငွေကို နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်ပေးမည် ဖြစ်သည့်အတွက် ထီဆုငွေ ဆတိုးတက်သွားခြင်း ဖြစ်သည်။ အဆိုပါ ကံစမ်းမှုမျိုးကို ခြောက်ကြိမ်အထိ ပြုလုပ်ပေးမည်ဖြစ်သောကြောင့် ငွေကျပ် ၁၀၀၀ ဖြင့်ဝယ်ပြီး သိန်းပေါင်းများစွာ ကံထူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ 5 Digits အွန်လိုင်းထီကနေပြီး ထီဝါသနာရှင်များ ပိုမိုကံစမ်းနိုင်ရန်အတွက် “ဃ” အက္ခရာတစ်လုံး ထပ်တိုးပေးထားပါကြောင်း သတင်းကောင်းပါးရင်းနဲ့ 5 Digits အောင်ဘာလေ အွန်လိုင်းထီ ပထမဆုံးအကြိမ်ရဲ့ ဆတိုးဆုကံထူးရှင် ဖြစ်နိုင်ပြီမို့ အခုပဲ ထီကံစမ်းပြီး စိတ်ကူးအိပ်မက်တွေ အကောင်ထည်ဖော်လိုက်ကြစို့နော်” ဟု အောင်ဘာလေ အွန်လိုင်းထီက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြေညာထားသည်။
ထို့ပြင် ယခုလအတွက် အွန်လိုင်းထီလက်မှတ်များ အနည်းငယ်သာ ကျန်တော့သည့်အတွက် လာရောက်ကံစမ်းရန် ဖိတ်ခေါ်ထားသည်။ “အရင်ကတော့ ရိုးရိုးထီထိုးတာပါ။ အခုက ကိုယ်ကြိုက်တဲ့ဂဏန်း ရွေးချယ်ထိုးလို့ရတဲ့ အွန်လိုင်းထီကို ကံစမ်းဖြစ်ပါတယ်။ တချို့ကလည်း မသိကြသေးဘူး။ အွန်လိုင်းထီက အချိန်ကုန်သက်သာတယ်၊ တစ်လနှစ်ကြိမ်ဆိုတော့ အခွင့်အရေးလည်းများတယ်” ဟု ပုဇွန်တောင်မြို့နယ်ရှိ ထီပုံမှန်ကံစမ်းသူ ဦးလှမြင့်က ဆိုသည်။ MT


