၃ ဖေဖော်ဝါရီ
"ပြည်ထောင်စုဆိုသည်မှာ ပြည်နယ်နှင့်တိုင်းအများကို ပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသည့် နိုင်ငံ" ဖြစ်ကြောင်း မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်ကို လေ့လာသိရှိရသည်။ မြန်မာနိုင်ငံ သည် ခိုင်မာသောလူမျိုးသမိုင်း၊ ခိုင်မာသောနိုင်ငံသမိုင်းနှင့် တည်တံ့ခိုင်မြဲသော အချုပ်အခြာအာဏာပိုင် ရေမြေ နယ်နိမိတ်များ ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်လျက်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများ အားလုံးသည် မိမိတို့ကိုယ်ကို မြန်မာတိုင်းရင်းသားများအဖြစ် ခံယူကာ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသော လူမျိုးများဖြစ်သည်။
လူသားမျိုးနွယ်အစ မြန်မာက
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟူသော ဤမြေ ပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း သန်း ၄၀ ကျော်ခန့်က အစပြု၍ မြန်မာ့ရှေးဦးလူမျိုးများ စတင်နေထိုင်ခဲ့သည်ကို ( ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများက သက်သေပြလျက်ရှိသည်။ ထိုအချက်သည် "လူသားမျိုး နွယ်အစမြန်မာက"ဟူ၍ပင် ယူဆနိုင်ပေသည်။ ဤမြေပေါ်တွင် နယ်မြေဒေသအလိုက် ဘာသာစကား၊ ဓလေ့စရိုက်နှင့် လူမျိုးအခေါ်အဝေါ် အသီးသီးအမည် တွင်လျက်ရှိသော်လည်း မြန်မာတိုင်းရင်းသားအားလုံးသည် ရှေးပဝေသဏီကပင် ဝံသာနုရက္ခိတတရားနှင့် ထာဝရလက်တွဲနေထိုင်ခဲ့ကြသည့်စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။
မြန်မာတိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးရည်မွန်၍ တည်ကြည်ဖြောင့်မတ်သောလူမျိုးများ ဖြစ်ကြသည်။ ပင်ကိုစရိုက်အရငြိမ်းချမ်းစွာနေထိုင်တတ်သော မြန်မာလူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်သည် အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးလာပါက အသက်စွန့်၍ လက်တုံ့ပြန်တတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံတော်မြေဆိုလျှင် ရွေးတစ်စေ့၊ ဆံခြည်တစ်မျှင်မျှ ထိပါးကျူးကျော်မှုကို လက်တုံ့ပြန်ရန်မနှေးတတ်သလို မိမိနိုင်ငံနှင့်လူမျိုးအပေါ်ချစ်တတ်သောစိတ်၊ မိမိလူမျိုးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်လိုသောစိတ်ဓာတ်များ သည် မြန်မာလူမျိုးတို့၏ ရင်တွင်း၌ ယနေ့တိုင်ရှင်သန် နေဆဲပင် ဖြစ်သည်။
သွေးခွဲရန်ကြံစည်
၁၉ ရာစုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို ကျူးကျေ၌ စစ်သုံးကြိမ်ဆင်နွှဲ၍ သိမ်းပိုက်ခဲ့သည့် အချိန်၌လည်း သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်ဖြင့် တိုင်းရင်းသားအားလုံးက လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုရပ်တည်ချက်သည် မြန်မာတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ သွေးစည်းညီညွတ်မှုကို သက်သေပြခဲ့ခြင်းပင်ဖြစ်ပေသည်။ ထို့နေနောက်ပိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးမပေးလျှင် မဖြစ်တော့သည့် အခြေအနေတွင်လည်း ဗြိတိသျှနယ်ချဲ့တို့သည် ပြည်မနှင့် တောင်တန်းဒေသ မြန်မာတိုင်းရင်းသားလူမျိုးများ၏ သမိုင်းအစဉ်အဆက် သွေးစည်းညီညွတ်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ်ကို သွေးခွဲရန်ကြံစည်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး ညီညွတ်မှုမရှိဘဲ လွတ်လပ်ရေးမရနိုင်သည်ကို အခိုင် အမာယုံကြည်ထားသည်။ မြေပြန့်ဒေသတစ်ခုတည်းကို ခွဲ၍ လွတ်လပ်ရေးပေးလျှင် ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမည်ကို အသေအချာသိရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ် ရေးအတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်တွင်
တောင်တန်းဒေသများ ပြည်မကြီးနှင့်ပူးပေါင်းရန် သဘော တူပါက ပြည်မ တောင်တန်းဒေသများပါ လွတ်လပ်ရေး ပေးရန်ပါရှိသည်။ ပရိယာယ်ဝေဝုစ်များလှသော နယ်ချဲ့ တို့သည် လွတ်လပ်ရေးပေးခါနီးတွင် တောင်တန်းဒေသ များကို ချန်လှပ်ထားရန် ကြံရွယ်ခဲ့ကြသည်။
ပင်လုံစာချုပ်
ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းနှင့် ပြည်မအကြား ရေကိုတားလျှင် အကြားမထင်သကဲ့သို့ တစ်ဆက် တစ်စပ်တည်း စည်းလုံးပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပင်လုံညီလာခံကြီးကျင်းပခဲ့ရာတိုင်းရင်းသားခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ကချင်၊ ချင်း၊ ရှမ်းအမျိုးသားကိုယ်စားလှယ်ကြီး ၂၃ ဦးသည် သာတူ ညီမျှတလုံးတစည်းတည်း နေထိုင်ကြမည်ဟူသောသန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည်။
ပြည်ထောင်စုနေ့
ထိုကဲ့သို့ ပြည်ထောင်စု တိုင်းရင်းသားများအကြား ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက် သွေးစည်းညီညွတ်စွာ လွတ်လပ်ရေးအတွက်အားထုတ်သော နေ့ဖြစ်သဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို "ပြည်ထောင်စုနေ့" အဖြစ်သတ်မှတ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတစ်ဝန်း၌ ပြည်ထောင်စုနေ့ကို နိုင်ငံတော် အခမ်းအနားအဖြစ် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျရောက်တော့မည် ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်သာ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအား ပေါင်းစည်းအားဖြင့် ကြိုးပမ်းသွားရေးတို့အတွက် အမြော်အမြင်ကြီးမားစွာ တိုက်တွန်းသွားခဲ့သည်။ ပင်လုံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးရရှိပြီးနေခက်ပိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအကြား စိတ်ဝမ်းကွဲပြားခဲ့ ကြသည်။ နယ်ချဲ့တို့၏ သပ်လျှိုသွေးခွဲမှုကြောင့် အစိုးရအပေါ် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်။
နယ်ချဲ့တို့အား မြန်မာ့မြေပေါ်မှမောင်းထုတ်ပြီးနေခက် လွတ်လပ်ရေးရရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သော်လည်း ကိုလိုနီအမွေဆိုးများကမူ ကျန်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများအကြား စိတ်ဝမ်းကွဲပြီး တစ်ဦးနှင့်တစ်ဦး သံသယဝင်လာကာ လက်နက်စွဲကိုင်ခဲ့ကြသည်။ အချို့သော တိုင်းရင်းသားများသည် လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေဆဲပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံသော ငြိမ်းချမ်းရေးကို အပြည့်အ၀ တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ အချို့သောဒေသများတွင် သေနတ်သံများ ကြားနေရဆဲပင် ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ ထို့ကြောင့် အစိုးရအဆက်ဆက်သည် တိုင်းရင်းသားညီအစ်ကိုများနှင့် စည်းလုံးညီညွတ်မှုတည်ဆောက်ခဲ့ကြသည်။
တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့သူတွေပါ
ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ အတူတကွနေခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများသည် နယ်ချဲ့တို့၏ သပ်လျှိုသွေးခွဲမှုကို ခံခဲ့ကြရသည်။ လွတ်လပ် ရေးရရှိခဲ့သည့်တိုင်အောင် တိုင်းရင်းသားတချို့၏ရင်ထဲတွင် သာတူညီမျှ အခွင့်အရေး မရရှိကြဘူးဆိုသော သဘောထားအမြင်များ ရှိနေဆဲပင်ဖြစ်သည်။ ထိုသဘောထား အမြင်သည် ငြိမ်းချမ်းသာယာဝပြောမှုကို ဖော်ဆောင်နေသည့် ၂၁ ရာစုကာလတွင် အံဝင်ခွင်ကျမရှိတော့ပေ။ စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာခြင်းသည်သာလျှင် စစ်မှန်သောချဉ်းကပ်မှု နည်းလမ်းတစ်ရပ်ပင်ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုများအကြား အပြန်အလှန်နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားကြရမည်ဖြစ်သည်။ တိုင်းပြည်ကို ငြိမ်းချမ်းရေး တစ်ရက်စောပြီးတည်ဆောက်နိုင်လျှင် ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိနေမည်ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မြန်ဆန်လေ ကောင်းမွန်လေပင် ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ နေစေရန်အတွက် အသက်တမျှအရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှုအင်အား ချည့်နဲ့ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက်မှ အနုတ်လက္ခဏာဆောင်လာ မည်ဖြစ်သည်။ ထို့အပြင်စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် မောင်းနှင်အားတစ်ရပ် ပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုများအကြား ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကိုသာ ခိုင်မာစွာတည်ဆောက် ထားနိုင်မည်ဆိုလျှင် တိုင်းပြည်အင်အား တောင့်တင်းခိုင်မာနေမည်ဖြစ်သည်။ အင်အားတောင့်တင်းခိုင်မာနေ နိုင်ငံကို မည်သည့်နိုင်ငံကမျှ ကျူးကျော်ရန်စံမည်မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုနိုင်ငံသည် စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အမြဲတစေထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
ဆိုရလျှင်လွတ်လပ်ရေးအတွက်များစွာအရေးပါသော ပင်လုံစာချုပ်ကို၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများသည် ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုသို့ပင်လုံတွင် သန္ဓေတည်ခဲ့သော စည်းလုံးညီညွတ်မှုကို အခြေခံ၍ ငြိမ်းချမ်းရေးတည်ဆောက်သွားမည်ဆိုလျှင် မြေကြီးလက်ခတ်မလွဲ အောင်မြင်မှုရရှိလိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။ အမှန်တော့တိုင်းရင်းသား ညီအစ်ကိုများသည် ရှေးပဝေသဏီကတည်းကပင် ပြည်ထောင်စုကြီးအတွင်း ရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ အတူတကွနေထိုင်ခဲ့ကြပြီး တစ်မြေတည်းနေ တစ်ရေတည်း သောက်ခဲ့သူများဖြစ်သောကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် အောင်မြင်စွာတည်ဆောက် သွားနိုင်မည်ဟု အခိုင်အမာယုံကြည်မိပါသည်။ ။
မောင်သောင်းဝင်း (တမန်ဟောင်း)