၁၀ ဇူလိုင်

 

အာဇာနည်ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မြန်မာအဘိဓာန်တွင် အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာ သိသောသူသည်လည်း တစ်ချက်၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူသည်လည်း တစ်ချက် အချက်နှစ်ချက် ဖော်ပြထားသည်။

 

ဖော်ပြပါ အာဇာနည်ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆင်ခြင်တုံတရား အသိဉာဏ်အားဖြင့် စဉ်းစားဆုံးဖြတ်နိုင်ပြီး သူတကာထက်သာလွန်သော လက်ရုံးရည်ရော နှလုံးရည်ပါပြည့်စုံသည့်အပြင် အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်သူများအား လေ့လာစေ့ငုကြည့်မည်ဆိုပါက ဤမြန်မာပြည်တွင် ထိုကဲ့သို့သာ အာဇာနည်ပုဂ္ဂိုလ်များ များစွာရှိမည်ဟု ဆိုချင်ပါသည်။

 

မြန်မာနိုင်ငံ၏ ဖြတ်သန်းခဲ့သော သမိုင်းကြောင်းတစ်လျှောက်တွင် ရဟန်းအာဇာနည်၊ လူအာဇာနည်ပုဂ္ဂိုလ်များအား ထုတ်ဖော်ကြည့်မည်ဆိုလျှင် ကျမ်းတစ်စောင်၊ စာတစ်အုပ်မက ရှိပေလိမ့်မည်။ အာဇာနည်ဟု ခေါ်ဆိုထိုက်သည့် ထင်ရှားကျော်ကြားသော ရဟန်းရှင်လူ ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

 

သာမန်ပြည်သူအများစုအနေဖြင့် အာဇာနည်ဆိုသည်နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များကိုသာ မှတ်ယူကြမည်ဖြစ်သည်။ အမှန်တကယ်တွင် အာဇာနည်ဟူသည် မြန်မာအဘိဓာန်တွင် ဖော်ပြထားသည့် ဂုဏ်ဒြပ်များနှင့်ညီညွတ်သော သက်ရှိ၊ သက်မရှိ အားလုံးကိုလည်း အသိအမှတ်ပြုသင့်သည်။

 

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ကား မြန်မာအဘိဓာန်တွင် ဖော်ပြထားသည့် အာဇာနည်ဂုဏ်အင်္ဂါတို့ထက်ပင် ထူးကဲသာလွန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်သာမက ကမ္ဘာ တစ်ခွင်ကပါ စံထားအသိအမှတ်ပြုလောက်သည့် ဇမ္ဗူတလူ အာဇာနည်သူရဲကောင်းတစ်ဦးဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလောကသို့ စတင်အခြေချသည်မှ ကျဆုံးချိန်အထိ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ထူးခြားသောအရည်အချင်းများနှင့် စွမ်းဆောင်ရည်များကို အံ့ချီးမကုန် ယနေ့ထက်တိုင် မြင်တွေ့ကြားသိနိုင်ပါသည်။

 

အောင်ဆန်းအာဇာနည်သည်ကား ဉာဏ်အမြော်အမြင်နှင့် တွေးတောကြံဆမှုမြင့်မားသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ တိကျခိုင်မာသော ယုံကြည်ချက်၊ ခံယူချက်နှင့် ဆုံးဖြတ်ချက် ပီပြင်သော၊ ပြည်သူနှင့် တစ်သားတည်း နေထိုင်တတ်သော၊ နိုင်ငံ့ခေါင်းဆောင်သာမက အမျိုးသားခေါင်းဆောင် ပီသသော၊ သူရဲကောင်းစိတ်ဓာတ်နှင့် အာဇာနည် စိတ်ဓာတ်တို့ရှိပြီး အရည်အချင်း အရည်အသွေးများ ဘက်ပေါင်းစုံ ပြည့်စုံကုံလုံသော ထူးခြားသည့် အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။

 

အမှန်စင်စစ် လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မှန်ကန်မြင့်မြတ်ပြီး ဆင်ခြင်တုံတရားရှိသော သူရဲကောင်းတစ်ဦးဟု မြန်မာပြည်သူများက နားလည်ထားကြပြီး ဖြစ်ပါသည်။ မိမိအကျိုး၊ မိမိ မိသားစုအကျိုးကို လုံးဝမငဲ့ကွက်ဘဲ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အစဉ်အမြဲ ရှေးရှုသူ ဖြစ်ပါသည်။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှလွတ်မြောက်ရေး၊ တစ်မျိုးသားလုံး(ပြည်နယ်၊ ပြည်မမခွဲခြားဘဲ) ကောင်းစားရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး စသည့်အရေးပေါင်းများစွာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအမြင်များ ပြည့်စုံကုံလြွုံကယ်ဝသော အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။

 

ချုပ်၍ဆိုရပါလျှင် အာဇာနည်နေ့သို့ ကျရောက်တော့မည့် ဤဇူလိုင်လတွင် သူမတူစံပြုထိုက်သည့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ထူးဝိသေသများကို ရည်မှန်း၍ ကျွန်ုပ်တို့ ပြည်သူလူထုအပေါင်းတို့က နိုင်ငံအကျိုး၊ အများအကျိုးအတွက်တစ်ထောင့် တစ်နေရာမှ ပါဝင်ထမ်းဆောင်နိုင်ကြပါစေရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ