ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ရက်သတ္တတစ်ပတ်သာလိုပြီဖြစ်သည်။ သန်းခေါင်စာရင်းဟု အလွယ်ခေါ်ကြသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ အများအပြားရှိရာ အနှစ်ချုပ်အားဖြင့်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လိုအပ်သော သတင်းအချက်အလက်များ ရရှိနိုင်ရန်နှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်စေရန်ပင်ဖြစ်သည်။
မကြာမီ နိုင်ငံတစ်ဝန်းလုံးတွင် အိမ်တိုင်ရာရောက် လိုက်လံကောက်ယူကြတော့မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိ စေရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏ လူဦးရေ နှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်နိုင်ရန်၊ စီမံကိန်းများ၊ မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် (National Statistical System) ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics- NSDS) ကို အထောက်အပံ့ပြုနိုင်ရန်၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်း မှန်ကန်စေရေး အထောက်အကူဖြစ်စေရန်ဟူ၍ ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ ဗော်လံတီယာများက စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပါဝင်ဆောင်ရွက်သွားကြမည် ဖြစ်ရာ လက်ရှိအချိန်တွင် သင်တန်းများ ၁၂ ရက်ကြာ သင်ကြားပို့ချပေးနေသကဲ့သို့ ပြည်သူများကိုလည်း အသိပညာပေးဟောပြောမှုများ အမြို့မြို့ အနယ်နယ်တွင် ပြုလုပ်ပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွန်စွာအရေးပါသည်။ သန်းခေါင်စာရင်း အပေါ်တွင် အခြေခံ၍ မဲစာရင်းများပြုစုကာ ယင်းမှတစ်ဆင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပ၍ နိုင်ငံတော်ကို ပြည်သူရွေးချယ်သည့် လမ်းကြောင်းအတိုင်း သွားကြရန် ဖြစ်သည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ရာ စာရင်းစစ်၊ စာရင်းကောက်ပေါင်း ၄၂၀၀၀ ခန့်က စာရင်း ကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်တွင် ကောက်ယူသွားမည်ဖြစ် သည်။ ပြည်သူများအနေဖြင့် မိမိတို့ထံရောက်ရှိလာမည့် စာရင်းကောက်များက မေးမြန်းကြမည့် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုတို့ကိုမှန်ကန်စွာ ဖြေကြားပေးခြင်းဖြင့် တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။ သန်းခေါင်စာရင်းမေးခွန်းများသည် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း နိုင်ငံအတွက်လိုအပ်သော အချက်အလက်များအနေဖြင့် ကောက်ယူခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်အလက် အလွဲသုံးမှုတို့မဖြစ်ပေါ်စေရန် ဥပဒေဖြင့် အကာအကွယ် ပေးထားခြင်းဖြစ်ရာ စိုးရိမ်ကြောင့်ကြခြင်းကင်းစွာဖြင့် ဖြေကြားကြရေး အလေးအနက် တိုက်တွန်းလိုသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သော အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှု စီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက် ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း