မန္တလေး၊  ၂၄ မေ

 

တစ်နှစ်ကျော်ကြာပိတ်ထားခဲ့သည့် မန္တလေးမြို့နန်းတွင်းရှိ မြနန်းစံကျော်ရွှေနန်း‌တော်ကြီးအား မေ ၂၅ ရက် (ကဆုန်လပြည့်)နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြနန်းစံကျော်ရွှေနန်းတော်ကြီးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန်အတွက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းမှ စတင်ကာ အများပြည်သူဝင်ရောက်လည်ပတ်ခွင့်ကို ပိတ်ထားခဲ့ရာမှ ကဆုန်လပြည့်နေ့ မေ ၂၅ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

 

တစ်နှစ်ကျော်ကြာပိတ်ထားတဲ့ ရွှေနန်းတော်ကြီးကို လာမယ့် ကဆုန်လပြည့်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာပါ။ ဝင်ကြေးအနေနဲ့ လူကြီး ၂၀၀ ကျပ်၊ ကလေး ၁၀၀ ကျပ် ကောက်ခံပြီး မနက် ၇ နာရီခွဲကနေ ညနေ ၅ နာရီထိ လာရောက်လည်ပတ်နိုင်ပါတယ်။ မြနန်းစံကျော်ရွှေနန်းတော်အပါအဝင် ကကျောက်စာရုံ၊ အမြောက်ပြတိုက်၊ မင်းတုန်းမင်း ဂူဗိမာန် ပုံစံငယ်ပြတိုက်၊ ဒင်္ဂါးသွင်းစက်ရုံများကို လာရောက်လေ့လာနိုင်ပါတယ် ဟု ၎င်းကပြောသည်။

 

မြနန်းစံကျော်ရွှေနန်းတော်ကြီးကို ညီလာခံသဘင်ခန်းမဆောင်ကြီးများ၊ မှန်နန်းဆောင်၊  နန်းမြင့်မျှော်စင် အပါအဝင် အဆောင်ခန်းမအဆောက်အဦပေါင်း ၈၉ ခုဖြင့် ပြန်လည်တည်ဆောက်ထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

mdn